Saturday, March 13, 2010

ပခုက္ကူအလယ်တိုက်ကြီး ရာပြည့်ပွဲ

ပခုက္ကူမြို့၌ ပရိယတ္တိစာသင်တိုက်ကြီး သုံးတိုက်ရှိနေပါသည်။ အရှေ့တိုက်၊ အလယ်တိုက်၊ အနောက်တိုက်။ ခန့်ညားအောင်သုံးလျှင် မဟာဝိဇယာရာမတိုက်- ဘဒ္ဒန္တဇ၀န တည်ထောင်သည်။ မဟာဝိသုတာရာမတိုက်- ဘဒ္ဒန္တ ဂန္ထသာရ တည်ထောင်သည်။ သာသန၀ိပုလာရာမတိုက်- ဘဒ္ဒန္တ၀ိစာရ (ဦးပခန်း) တည်ထောင်သည်။

ဘဒ္ဒန္တ ဂန္ထသာရ၊ ဘဒ္ဒန္တ ဇ၀န-တို့သည် ဆရာတပည့်ဖြစ်ကြသည်။ ဘဒ္ဒန္တဂန္ထသာရသည် ၁၂၆၅-ခုနှစ်၌ မဟာဝိသုတာရာမတိုက်ကြီးကို အရှင်ပညာ၊ အရှင်နန္ဒိယ၊ အရှင်နန္ဒ၀ံသ ဟူသော တပည့်ကြီး ရှင်ကျော်သုံးပါးကို အားကိုးပြီး တည်ထောင်ခဲ့သည်။

မဟာဝိဇယာရာမတိုက်ကို ဘဒ္ဒန္တ ဂန္ထသာရ၏ တပည့်ကြီး ဘဒ္ဒန္တဇ၀နမထေရ်က ၁၂၈၁-ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ သာသနာဝိပုလာရာမ အနောက်တိုက်ကို ဘဒ္ဒန္တ ၀ိစာရ (ဦးပခန်း) က မန္တလေး စာချနည်ဖြင့် ၁၂၉၁-ခုနှစ်၌ တည်ထောင်ခဲ့ပါသည်။

အုန်းခိုင်သီးပြီ၊ ကျောင်းတိုက်တည်-ကဗျာမှတ်တမ်းဖြင့် ၁၂၆၅-ခုနှစ် တပို့တွဲလပြည့်ကျော် ၄-ရက်နေ့၌ မဟာဝိသုတာရာမ စာချတိုက်တော်ကြီးကို တည်ထောင်တော်မူခဲ့ပါသည်။
အင်ကြင်းတော်သံ၊ ဆရာတော်ပျံ-ဟူသော ကဗျာမှတ်တမ်းအရ ဆရာတော်သည် ၁၂၇၆-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၂-ရက်၊ နေ့လယ် ၂-နာရီအချိန် ပျံလွန်တော်မူခဲ့ပါသည်။

အိုးစည်သံမြည်၊ ရာပြည့်ပြီ-သင်္ကေတမှတ်တမ်းအရ ၁၃၆၅-ခုနှစ် တပို့တွဲလပြည့်ကျော် ၄-ရက်နေ့၌ စာသင်တိုက်တည် ရာပြည့်ပွဲကြီးကို ၄-ရက်၊ ၅-ရက်၊ ၆-ရက် အားဖြင့် ၃-ရက်တိုင်တိုင် ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပါသည်။

ပခုက္ကူစာချနည်းခေါ်သော နိကာယ်ငါးရပ် စာပေပို့ချနည်းအတိုင်း ဆက်လက်ပို့ချနိုင်ရေးကို ဆွေးနွေးဆုံးဖြတ် တော်မူကြပါသည်။ ရန်ကုန် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ဘဒ္ဒန္တကောဏ္ဍည၊ ဘဒ္ဒန္တအာစိဏ္ဏ ဆရာတော်ကြီးတို့၏ သြ၀ါဒအတိုင်း ကျမ်းအိပ် နိကာယ်စာဝါကြီးများလည်း စာချအရည်အချင်းပြည့်ဝသော စာချဆရာတော်များက ပို့ချပေးကြပါရန်နှင့် ခေတ်အလိုက် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အစီအစဉ်ဖြင့် ကျင်းပလျက်ရှိသော ဓမ္မာစရိယစာချတန်းစာမေးပွဲ၊ အစိုးရပထမပြန်၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး စာမေးပွဲများ ၀င်နိုင်ရေးကိုလည်း စာချဆရာတော်များက အားပေးကူညီ ဆောင်ရွက်သင့်ကြောင်းကို ထောက်ခံအားပေးကြပါသည်။

ပထမဆရာတော် အရှင်ဂန္ထသာရသည် ၁၂၆၅-ခုနှစ်မှ ၁၂၇၆-ခုနှဏ်အထိ ၁၁-နှစ် သာသနာပြု စာချခဲ့သည်။
ဒုတိယဆရာတော် အရှင်ပညာသည် ၁၂၇၆-ခုနှစ်မှ ၁၃၀၈-ခုနှစ်အထိ ၃၈-နှစ် သာသနာပြု စာချခဲ့သည်။
တတိယဆရာတော် အရှင်သုန္ဒရသည် ၁၃၀၈-ခုနှစ်မှ ၁၃၃၄-ခုနှစ်အထိ ၂၆-နှစ် သာသနာပြု စာချခဲ့သည်။
စတုတ္ထဆရာတော် အရှင်နန္ဒ၀ံသသည် ၁၃၀၈-ခုနှစ်မှ ၁၃၁၉-ခုနှစ်အထိ ၁၁-နှစ် သာသနာပြု စာချခဲ့သည်။
ပဉ္စမဆရာတော် အရှင်ဂန္ဓမာသည် ၁၃၃၄-ခုနှစ်မှ ၁၃၄၂-ခုနှစ်အထိ ၈-နှစ် ပဓာနနာယကအဖြစ် စာချသာသနာပြုခဲ့သည်။
ဆဋ္ဌမဆရာတော် အရှင်ပဏ္ဍိတသည် ၁၃၄၂-ခုနှစ်မှ ၁၃၅၉-ခုနှစ်အထိ ၁၇-နှစ် ပဓာနနာယကအဖြစ် စာချသာသနာပြုခဲ့သည်။
သတ္တမဆရာတော် အရှင်သုမင်္ဂလသည် ၁၃၅၉-ခုနှစ်မှ ယခု ၁၃၆၅-ခုနှစ်အထိ ပဓာနနာယကဆရာတော်အဖြစ် စာချသာသနာပြုဆဲ ဖြစ်သည်။

အစည်းအဝေးကြွ သံဃာများဆန္ဒ-
(၁) ပခုက္ကူမှ၊ နိကာယ၏၊ သံဃာ့ဝန်ဆောင်၊ ထိပ်ခေါင်ထင်ရှား၊ ခေါင်းဆောင်များ၏၊ စိတ်ထားစင်ကြယ်၊ ဆောင်ရွက်ဖွယ်ဖြင့်၊ အဆင်သင့်ကာ၊ ညီမျှစွာတွက်၊ ဆောင်ခါရွက်သည်- သက်သက်စေတနာမျှပါတည်း။

(၂) အခြားဂိုဏ်းထွက်၊ ရောမယှက်ဘဲ၊ သက်သက်သီးခြား၊ တည်နေငြားသည့်၊ မှတ်သားပခုက္ကူ၊ နိကာယ်မူသည်၊ သုံးလူထင်ရှား၊ မြတ်ဘုရား၏၊ ထင်ရှားသာသနာ၊ ထေရ်များစွာသည်- သာသနာတည်ကြောင်း အားထုတ်တည်း။

မဟာဝိသုတာရာမဿ၊ ဘာရံဝဟတု ၀ဍ္ဎိတုံ။
သတ၀ေဿန သမ္ပုဏ္ဏော၊ စိရံ တိဋ္ဌတု သာသနံ။

(၃) မဟာဝိသုတ၊ နိကာယ၏၊ ရေကာတွက်စစ်၊ သာသနာနှစ်သည်။ စင်စစ်တွက်ပါ၊ နှစ်တစ်ရာတည်း၊ များစွာထွန်းကား၊ ရွက်ဆောင်ထား၏၊ ဘုရားသာသနာ၊ ကြာမြင့်စွာဖြင့်၊ ရှည်ပါစေကြောင်း၊ ဆုမွန်တောင်းသည်- အပေါင်းသံဃာ ဆန္ဒတည်း။

ပခုက္ကူအလယ်တိုက်ကြီး၏ ကျောင်းတိုက်တည် နှစ်တရာပြည့်ပွဲသို့ တောရော မြို့ပါ သံဃာတော်များစွာကို ပင့်ဖိတ်ထား၍ ကြွလာကြပါသည်။ မိမိတို့မှာလည်း ၇၀-ကျော်၍ ၈၀-ပြူနေသော ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီး တွေမို့ လေးစာသမှုပြုကြပါသည်။ တွေ့ခဲကြုံခဲ ဆုံစည်းခဲ တွေ့ကြုံဆံစည်းကြသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ရှိကြပါသည်။

အစည်းအဝေးရက်က ၃-ရက်ဖြစ်၍ အထက်အောက် သံဃာတော် ခပ်များများက ပြန်ကြွချင်နေကြပါသည်။ တွေ့တိုင်းသော သီတင်းငယ်၊ ၀ါငယ်သံဃာများကို မပြန်နဲ့ဦး၊ ကြုံခဲတယ်၊ နောက်တခါ ကြုံဖို့မလွယ်ဖူး-ဟူ၍ မိမိက လက်ညှိုး ထိုးထိုးပြီး တားထား၍ မပြန်ဖြစ်သူ သံဃာအတော်များပါ၏။ သို့ရာတွင် စာရေးသူ၏ ဇာတိအရပ် ခပ်များများ ကျောင်းထိုင်ဘုန်းကြီးလေးတွေ မတွေ့တာ၊ မပါတာတွေ များနေသည်ကို တွေ့ရပါသည်။

နေ့စဉ် တရားအားထုတ်သင့်ပုံ ကဗျာဖြင့် ဆောင်းပါး နိရုံးချုပ်ပါသည်။
ဇရာညှင်း၊ ယိုယွင်းပါတဲ့ ခန္ဓာကိုယ်၊
နေ့စဉ်ပင် ကျင့်တရား၊ ပွားများဖို့ လို။
ရင့်ရော်အို ၊ ချိန်ကိုဖြင့် မဆိုင်း။
စက္ကန့်ဗီဇနာမျှ၊ ရပ်တန့်မတည်ပါဘူး။
ဤဇရာ ဇာတိကျိုးငယ် (စာဖတ်သူတို့ရေ) တိုးခဲ့ချိန်တိုင်း။

( ပခုက္ကူ အရှင်ကေသရ )

No comments: