Monday, March 15, 2010

လူပျိုသိုး ကိုရနိုး

ရှေးခေတ်များတုန်းက မြန်မာနိုင်ငံတွင် လူငယ်ချင်း ရင်းနှီးချစ်ခင်မှုမပါဘဲ လူကြီးမိဘများထံမှ တိုက်ရိုက် တောင်းယူ၍ လက်ထပ်ခဲ့သော အစဉ်အလာများ ရှိခဲ့ကြ၏။ ယခုခေတ်တိုင်အောင်ပင် အချို့အရပ်ဒေသများမှာ ရှိကောင်းရှိနေကြပါဦးမည်။

ဤအစဉ်အလာမှာ အနောက်မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှ ဝေဒကျမ်းဂန်များနှင့် အတူပြန့်ပွားလာသော လူမှုရေးထုံးတမ်းစဉ်လာတခု ဖြစ်၏။ ထိုထုံးတမ်းစဉ်လာကို အားကိုးတခုပြုကာ ရှေးရှေးတုန်းက လူပျိုသိုးတယောက်၏ သတိုးသမီးလောင်း ရှာပုံတော်ဖွင့်ပုံတခု ပေါ်ပေါက်ခဲ့ဖူးပေသည်။

အစတုန်းကတော့ လူပျိုသိုး ကိုရနိုးသည် အိမ်ထောင်ဖက်ကို စိတ်မ၀င်စားခဲ့ပေ။ ချမ်းသာကြွယ်ဝသော မိဘများ၏ အလိုလိုက်ခြင်းကို ခံယူကာ သောက်စားပျော်ပါး၍ နေလာခဲ့၏။ အရွယ်လေး တော်တော် ထောက်လာ၍ အိမ်ထောင်ဘက်ကို စိတ်ဝင်စားလာချိန်တွင်ကား မိမိတို့ကျေးရွာ၌ သက်တူရွယ်တူ မိန်းကလေးဟူ၍ မကျန်တော့ပေ။ သမီးကညာ အခါမလင့်စေနှင့်ဟူသော ဆိုထုံးစကားနှင့်အညီ အရွယ်အကောင်းဆုံးအချိန်များမှာ အိမ်ထောင်ပြုသွားကြပြီ ဖြစ်၏။

ထို့ကြောင့် လူပျိုသိုး ကိုရနိုးသည် မိမိအတွက် အိမ်ထောင်ဖက် ရရေးအတွက် မိဘများထံမှသာ ပူဆာရပေတော့သည်။
ဤတွင် မိခင်ဖြစ်သူက-
ရမှာပေါ့ ငါ့သားရယ်၊ အမေတို့မှာ တင်တောင်းစရာ အပြည့်အစုံ ရှိနေတာပဲ။ နေပါဦး ငါ့သားလိုချင်နေတဲ့ အလှမယ်ကလေးက ဘယ်အမျိုးထဲကလဲ။
ဘယ်အမျိုးရယ်လို့ မသိပါဘူး အမေ။

ခက်ပါလား ငါ့သားရယ်။ ဘယ်အမျိုးရယ်လို့ မသိနိုင်တာကိုမှ လက်ထပ်ချင်ပေတယ်။ ကဲ ရှိပါစေတော့။ အဲဒီအလှမယ်ကလေးက ဘယ်အနွယ်ထဲကတဲ့တုံး။
ဒါလဲ မသိသေးဘူး အမေ။
ခက်ပြီးရင်း ခက်ပါလားကွယ်။ ဒါဖြင့် သူ့နာမည်လေးကကော ဘယ်လိုခေါ်သတဲ့လဲ။
ဘယ်လိုခေါ်မှန်း မသိပါဘူး အမေ။

ဘယ့်နှယ်ပြောလိုက်တာလဲ ငါ့သားရယ်။ ကိုယ်လက်ထပ်မယ့် မိန်းကလေး နာမည်ကိုမှ သိမထားရင် မင်း-ဘယ်လိုများ ခေါ်မလဲ။ ကိုင်း ဒါလဲ နောက်တော့ သိရမှာပေါ့လေ။ အဲဒီ မိန်းကလေးရဲ့ အရပ်အမောင်းကကော ဘယ်လိုရှိသလဲ။ ပုပုလေးလား။ ရှည်ရှည်ကြီးလား။ အနေတော်လေးလား။
အဲဒါတွေလဲ မသိရသေးပါဘူး အမေ။
အင်း-အမေ့သားကတော့ မိန်းမရ ပြီးရော ဆိုတာထဲက ထင်ပါရဲ့။ ကိုင်း သူကလေးရဲ့ အသားအရောင်ကကော ဘယ်လိုတဲ့လဲကွယ်။
အဲဒါတွေလဲ မသိရပါဘူး အမေ။

အင်း-အမေ့သားကို ဘယ်သူတွေကများ မြှောက်ပေးလိုက်ကြပါလိမ့်ကွယ်။ ကဲ-နောက်ဆုံးမေးမယ်ကွယ်။ အဲဒီအလှမယ်ကလေးက ဘယ်မြို့ ဘယ်ရွာ ဘယ်နိဂုံးမှာ နေသတဲ့လဲ။
အဲဒါတွေလဲ မသိရပါဘူး အမေ။
ဟောတော်- ဒါဖြင့် အမေ့သားက ဘာဆို ဘာမှ မသိရသေးတဲ့ အလှမယ်ကလေးကို လိုချင်နေတာပေါ့။
ဟုတ်ပါတယ် အမေ။ အဲဒီအတိုင်းသာ ထားလိုက်ပါတော့။

သားအမိနှစ်ယောက်တို့၏ အတိုင်အဖောက်စကားများကို နားထောင်ရင်း အိမ်သူ အိမ်သားအပေါင်းက သောသောညံအောင် ရယ်မောကြရလေ၏။


ဒီဃနိကာယ် သီလန္ဓ၀ဂ္ဂ ပါဠိတော်၊ တေ၀ိဇ္ဖသုတ်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ၀ါသေဋ္ဌနှင့် ဘာရဒွါဇတို့အား ထုတ်ဆောင်ဟောကြားတော်မူခဲ့သည့် ဥပမာပုံဝတ္ထု ဖြစ်ပါသည်။
ကောသလတိုင်းအတွင်း မနသာကဋရွာ၏ မြောက်ဘက် အစိရ၀တီ မြစ်ကမ်းပါးရှိ သရက်ဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ် ၀ါသေဋ္ဌနှင့် ဘာရဒွါဇ-ဟူသော ပုဏ္ဏားလုလင်နှစ်ယောက်တို့ ရောက်လာကြ၏။ သူတို့ရောက်လာရခြင်းအကြောင်းမှာ ဆရာပြိုင်၊ သမားပြိုင် ဖြစ်နေရာမှ အစပြုခဲ့၏။

ဝါသေဋ္ဌ-က မိမိဆရာ ပေါက္ခရသာတိ ပုဏ္ဏားကြီး ညွှန်ပြသည့်အတိုင်း လိုက်နာကျင့်သုံးမှ ဗြဟ္မာ့ဘုံသို့ ရောက်နိုင်မည်ဆို၏။ ဘာရဒွါဇ-ကလည်း သူ့ဆရာ တာရုက္ခ ပုဏ္ဏားကြီး၏ စကားကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထား၏။ ဤသို့ဖြင့် သူတို့နှစ်ယောက်တည်းနှင့် ဆုံးဖြတ်၍ မရနိုင်သော ပြဿနာကိုမေးလျှောက်ရန် ဘုရားရှင်ထံ ၀င်ရောက်လာကြခြင်း ဖြစ်ပေသည်။

ဘုရားရှင်က လာရောက်ရခြင်း အကြောင်းရင်းကို မေးတော်မူသဖြင့် ၀ါသေဋ္ဌ-က လာရခြင်းအကြောင်းကို လျှောက်ထားပြီးလျှင်-
အရှင်ဘုရား၊ ရွာတရွာအတွင်းသို့ ၀င်ရောက်လာသည့် လမ်းအသွယ်သွယ် ရှိနေကြပါသည်။ ထိုလမ်းတို့သည် မတူညီသောအရပ်များမှ လာခဲ့ကြသည်ဖြစ်သော်ငြားလည်း ရွာတွင်းသို့ ၀င်ရောက်ပုံချင်းကတော့ အတူတူသာ ဖြစ်နေကြပါသည်။

ထို့အတူပင် ဗြဟ္မာ့ဘုံသို့ ရောက်စေနိုင်သည့် အကျင့်လမ်းကြောင်းကို ဟောကြားခဲ့သည့် ဆရာအမျိုးမျိုးတို့ ရှိခဲ့ကြပါသည်။ ဟောကြားသည့်ဆရာကြီးတွေ အမျိုးမျိုး ကွဲပြားနေသော်ငြားလည်း ဗြဟ္မာ့ဘုံသို့ ရောက်တာချင်းကတော့ အတူတူသာ ဖြစ်ကြပါတယ်ဘုရား။
ဤသို့ ၀ါသေဋ္ဌ-က ပုဏ္ဏားတို့၏ အဓိကအကျဆုံး အယူဝါဒကို အခိုင်အမာဖြစ်အောင် ဥပမာဆောင်၍ တင်လျှောက်လေရာ ဘုရားရှင်က-

ဝါသေဋ္ဌ ဗြဟ္မာ့ဘုံရောက်သည်မှာ မှန်သလော-ဟု သုံးကြိမ်တိုင် မေးစစ်တော်မူ၏။ ၀ါသေဋ္ဌ-ကလည်း မှန်ပါသည်ဘုရား-ဟု သုံးကြိမ်တိုင်တိုင် ၀န်ခံလျှောက်ထား၏။
ဤသို့ဖြင့် ဘုရားရှင်သည် သူ့အယူဝါဒဖြင့် သူ့ကို အခိုင်အမာ တုပ်နှောင်ထားပြီးလျှင် ဆက်လက်၍ စစ်မေးတော်မူ၏။

ဝါသေဋ္ဌ တေ၀ိဇ္ဖအမည်ခံ ပုဏ္ဏားတို့တွင် ဗြဟ္မာကို ကိုယ်တိုင်ဒိဋ္ဌ မြင်ဖူးသူ တစုံတယောက် ရှိပါ၏လော။
မရှိပါဘုရား။
ဝါသေဋ္ဌ ထိုပုဏ္ဏားတို့ ဆရာ ပုဏ္ဏားကကော မြင်ဖူးပါသလား။
မမြင်ဖူးပါဘုရား။
ဝါသေဋ္ဌ ထိုပုဏ္ဏားတို့၏ ဆရာ့ဆရာ ပုဏ္ဏားကကော မြင်ဖူးပါသလား။
မမြင်ဖူးပါဘုရား။
ဝါသေဋ္ဌ ထိုပုဏ္ဏားတို့၏ ရှေ့က ခုနစ်ဆက်မြောက် ဆရာပုဏ္ဏားတို့ကော မြင်ဖူးပါသလား။
မမြင်ဖူးပါဘုရား။

အသို့နည်း ၀ါသေဋ္ဌ၊ ထိုပုဏ္ဏားတို့သည် ရှေးရှေးတုန်းက ဝေဒကျမ်းဂန်များ ဂါထာမန္တန်များကို ရေးသားပြုစုခဲ့ကြသော ရသေ့ကြီးများထံမှ သင်ယူမှတ်သားကာ ဆရာစဉ်ဆက် လေ့လာမှတ်သားလာခဲ့ကြ၏။ မပျက်မကွက် ရွတ်ဖတ်သရာဇ္ဈာယ် လာခဲ့ကြ၏။ ဆင့်ကူးဆင့်ကမ်း ပို့ချပေးလာခဲ့ကြ၏။ ဝေဒကျမ်းဂန်များနှင့် ဂါထာမန္တန်တို့ကို ရေးသားပြုစုခဲ့ကြသော ရှေးရှေးက ဦးဆောင်ဦးရွက် ရသေ့ကြီးများ ကိုယ်တိုင်ကကော ငါတို့ ဗြဟ္မာကို မြင်ဖူးသည်-ဟု ဆိုခဲ့ကြပါသလော။
မဆိုခဲ့ကြပါဘုရား။

ဤကဲ့သို့ အဆင့်ဆင့်မေးစစ်၍ ဗြဟ္မာကို ကိုယ်တိုင်ဒိဋ္ဌ မြင်ဖူးသူဟူ၍ တေ၀ိဇ္ဖအမည်ခံ ပုဏ္ဏားများတွင် မရှိကြောင်း ထင်ရှားလာသည့်အခါတွင် ကိုယ်မမြင်ဖူးသည့် ဗြဟ္မာကြီးများ၏ ဘုံသို့ ရောက်ရန် ကျင့်စဉ်တွေကို ညွှန်ကြားနေကြသည့် ပုဏ္ဏားကြီးများအား အထက်ပါ ဥပမာဖြင့် ခိုင်းနှိုင်းတော်မူလိုက်ပေသည်။

(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)

No comments: