Tuesday, March 16, 2010

တူဖို့ခက်သည်

ဒွေပိ နာမ သတ္တာ ဧကဇ္ဈာသယာ ဒုလ္လဘာ လောကသ္မိံ၊
လောကမှာ အလိုဆန္ဒ တူမျှတဲ့ သတ္တ၀ါနှစ်ယောက်ကို ရဖို့ ခဲယဉ်းသည်။
(သီလက္ခန် ဋ္ဌ-၅၇)

လူနှစ်ယောက်ရှိရာတွင် တယောက်က သွားချင်သည့်အခါ တယောက်က ရပ်ချင်၏။
တယောက်က သောက်ချင်သည့်အခါ တယောက်က စားချင်၏။
တယောက်က အချိုကြိုက်၏၊ တယောက်က အချဉ်ကြိုက်၏။
တယောက်က အပေါ့ကြိုက်၏၊ တယောက်က အငန်ကြိုက်၏။
တယောက်က အစိမ်းရောင်ကြိုက်၏၊ တယောက်က အ၀ါရောင်ကြိုက်၏။
ဤသို့စသည်ဖြင့် အကြိုက်ချင်း ကွားခြားကြ၏။

ဤအကြိုက်ချင်း မတူညီပုံနှင့် ပတ်သက်၍ ဘုရားလက်ထက်တော်က အဖြစ်အပျက်တခု ရှိပါ၏။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဆိုတဲ့ ကာမဂုဏ် အာရုံငါးပါးထဲမှာ ဘယ်ဟာအကောင်းဆုံးလဲ-ဟု ကောသလမင်း အမှူးရှိသည့် မင်း ၅-ပါး အဖြေရှာကြ၏။

တချို့က အဆင်းက အကောင်းဆုံး-ဟု ဆိုကြ၏။ တချို့က အသံကို၊ တချို့က အနံ့ကို၊ တချို့က အရသာကို၊ တချို့က အတွေ့အထိကို အကောင်းဆုံးဟု ဆိုကြ၏။ အကြိုက်ချင်းမတူ ဖြစ်နေကြ၏။

ကောသလမင်းက အခြားမင်းတို့ကို -
မိတ်ဆွေတို့၊ လာ သွားကြစို့၊ ဘုရားရှင်ထံသွားပြီး ဒီအကြောင်းကို မေးလျှောက်ကြမယ်။ ဘုရားရှင် ဖြေကြားတော်မူတဲ့အတိုင်း ဒီပြဿနာရဲ့ အဖြေကို မှတ်သားကြမယ်-လို့ ပြောလို့ ဘုရားရှင်ထံ မင်း ၅-ပါးလုံး သွားကာ လျှောက်ထားပြကြ၏။
ဘုရားရှင်က ဖြေလိုက်သည့် အဖြေမှာ အလွန်ပင် မှတ်သားစရာ ကောင်းလှပါ၏။

ကာမဂုဏ် အာရုံငါးပါးထဲမှာ ကိုယ်ကြိုက်နှစ်သက်တာဟာ အကောင်းဆုံး-ဟု ဘုရားရှင်က မိန့်တော်မူလိုက်ပါ၏။
အဆင်းကို ကြိုက်နှစ်သက်သူအဖို့ အဆင်းအာရုံသည် အကောင်းဆုံး ဖြစ်ပါ၏။
အသံကို ကြိုက်သူအဖို့ အသံသည် အကောင်းဆုံး၊
အနံ့ကို ကြိုက်သူအဖို့ အနံ့သည် အကောင်းဆုံး၊
အရသာကို ကြိုက်သူအဖို့ အရသာသည် အကောင်းဆုံး၊
အတွေ့အထိကို ကြိုက်နှစ်သက်သူအဖို့ အတွေအထိသည် အကောင်းဆုံး ဖြစ်ပါ၏။ (သံယုတ်ပါဠိ-ပ၊ ၈၀)

ထိုသဘာဝတို့ကို အခြေခံ၍ ရှမ်းကြိုက်ရင် နွားချော၊ ကိုယ်ထင်ရင် ကုဋင် ရွှေနန်း-ဟူသော မြန်မာစကားပုံတို့ ပေါ်ပေါက်လာကြဟန် တူပါသည်။ ဘုရားရှင်၏ ဤအဖြေစကားတော်သည် အလွန်ပင် မှတ်သားစရာ ကောင်းလှပါ၏။

အကြိုက်တူ၊ ဆန္ဒတူ လူနှစ်ယောက် ရှိသည်ဆိုပါလျှင် ထိုလူနှစ်ယောက်သည် ကမ္ဘာပေါ်တွင် အလွန်ရခဲသော လူနှစ်ယောက် ဖြစ်ပါသည်။ အမြွှာပူးပင် ဖြစ်သော်လည်း အကြိုက်ချင်း၊ ဆန္ဒချင်း တူဖို့ ခဲယဉ်းလှပါသည်။ အမြွှာပူးသည် ရုပ်ချင်း၊ အသံချင်း၊ ဉာဏ်ချင်း၊ ကံချင်း၊ တူကြစေဦးတော့ အကြိုက်ချင်း၊ ဆန္ဒချင်းကား တူရန် ခဲယဉ်းလှချေသည်။
( သာမဏေကျော်-၏ ဆောင်းပါးကို ကောက်နှုတ်ထားသည်)

No comments: