Monday, March 15, 2010

( ၃၇ ) အလိုရမ္မက် ကင်းခြင်း

အလိုရမ္မက်ကင်းခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တပါးစိုးစံသည်။ ထိုဘုရင်တွင် သားတော် ၂-ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာ ပေးထားသည်။ တနေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်အဖြစ် မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။

ထိုအရပ်ရှိ သူဌေးတဦးနေအိမ်၌ အလုပ်လုပ်၍ မှီခိုနေထိုင်သည်။ အစတွင် သူဌေးသည် သားတော်ကြီးကို မင်းသားမှန်း မသိ၊ သို့ရာတွင် မကြာမီ သိသွားသည်။ ထိုအခါ သူဌေးက- အရှင့်သား အလုပ်မလုပ်ပါနဲ့၊ အရှင့်သားကို ကျွန်ုပ်တို့ လုပ်ကျွေးပါမည်။ အေးငြိမ်းစွာသာ နေတော်မူပါ။ သို့ရာတွင် ညီတော်ထံ ကျွန်ုပ်တို့အား အခွန်လွတ်ငြိမ်းခွင့် ပေးသနားပါရန် အလွှာစေ၍ တောင်းဆိုပေးပါဟု ဆို၏။

မင်းသားသည် သူဌေးဆိုတိုင်းပြု၏။ ညီတော်ဘုရင်လည်း နောင်တော်ဆိုသည့်အတိုင်း သူဌေးအတွက် အခွန်လွတ်ငြိမ်းခွင့်ပေး၏။ ထိုအကြောင်းကို ရွာသားများသိသော် မင်းသားထံ ချဉ်းကပ်လာကြသည်။ သူတို့ကိုလည်း အခွန်မှ လွတ်ငြိမ်းခွင့်ရအောင် ဆောင်ရွက်ပေးပါဟု ဆိုကြ၏။ အခွန်ကို မင်းသားအား ပေးဆက်ကြ၏။

မင်းသားသည် ရွားသားတို့ပေးသော အခွန်ကို ယူကာ ညီတော်ထံ ရွာသားတို့အတွက် အခွန်လွတ်ငြိမ်းခွင့်ပြုရန် တောင်းဆိုသည်။ ညီတော်ဘုရင်လည်း လိုက်လျောခွင့်ပြုသည်။ ထိုအခါ နောင်တော်မင်းသားသည် လောဘတက်လာသည်။ အနီးအနားရှိ ရွာများမှ အခွန်များကိုပါ ယူသည်။ ညီတော်အား ထိုရွာများအတွက် အခွန်လွတ်ငြိမ်းခွင့် တောင်းဆိုပြန်သည်။ ညီတော်လည်း နောင်တော်တောင်းတိုင်း ပေး၏။

ညီတော်ကပေးလေလေ နောင်တော်မှာ လောဘပွားလေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် မင်းစည်းစိမ်ကို တောင့်တလာသည်။ လူသူစုဆောင်းလျက် ငါ့အား ထီးနန်းပေးလော့၊ မပေးလျှင် စစ်ပြုမည်-ဟူ၍ စာစေလိုက်သည်။ ညီတော်ဘုရင်လည်း ဤသူမိုက်သည် ယခင်က ထီးနန်းကို စွန့်ပယ်ခဲ့သည်။ ယခု အလိုရမ္မက်ကြီးလာသဖြင့် စစ်ထိုး၍ ထီးနန်းကို ယူမည်ပြုလာသည်။ ငါတို့ စစ်ထိုးသော် လူအများ သေကျေ ပျက်စီးကြတော့မည်-ဟု ဆိုကာ နောင်တော်အား ထီးနန်းကို လွှဲအပ်ပေးလိုက်သည်။ မိမိမူကား အိမ်ရှေ့မင်းအဖြစ်သာ နေထိုင်သည်။

နောင်တော်သည် ထီးနန်းစည်းစိမ်ကို ရသော်လည်း မတင်းတိမ်ပြန်၊ နှစ်ပြည်ထောင် သုံးပြည်ထောင် စသည်ဖြင့် ပြည်ထောင်အများကို ပိုင်ဆိုင်လိုလာပြန်သည်။ ထိုအကြောင်းကို သိကြားမင်း သိသောအခါ ဤသူမိုက်အား ငါဆုံးမမှ သင့်တော့မည်-ဆိုကာ လုလင်အတွက် ဖန်ဆင်းသည်။

နောင်တော်မင်းထံ အခစားဝင်ကာ မြတ်သောမင်းကြီး-အကျွန်ုပ်သည် သုံးပြည်ထောင်ကို သိမ်းပိုက်နိုင်သော စွမ်းရည်ရှိပါသည်။ ယခုပင် အရှင့်အတွက် ထိုသုံးပြည်ထောင်ကို သိမ်းပိုက်၍ ဆက်သပါမည်။ စောင့်မျှော်တော်မူပါ။ မကြာမီ ဆောင်ကြဉ်းလာပါမည်-ဟု ဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားသည်။

မင်းမိုက်မူ ထိုစကားကို စောင့်မျှော်နေ၏။ သို့ရာတွင် လုလင်ပြန်မလာသောအခါ နှလုံးမသာမယာ ဖြစ်လာသည်။ စိတ်ထိခိုက်ကာ ၀မ်းသွေးသွန်သောရောဂါကို ခံစားရသည်။ ဝေဒနာ ပြင်းသဖြင့် သမားတော်တို့က ဆေးအမျိုးမျိုးဖြင့် ကုသကြသည်၊ မရ။

ထိုစဉ် တက္ကသိုလ်ပြည်မှ ဆေးဆရာကျော်တဦး ရောက်လာသည်။ ဘုရင်သည် ထိုဆရာကို ပင့်၍ ကုသစေသည်။ ဆရာ ငါ၏အနာသည် အလိုရမ္မက်ကိုမှီ၍ ဖြစ်သော အနာဖြစ်သည်။ ကုစားနိုင်က ကုစားပေးပါ-ဟု ဆိုကာ အကြောင်းစုံ ပြောပြသည်။

ဆေးဆရာက အရှင်မင်းကြီး-သင့်နိုင်ငံနှင့် အခြားသုံးပြည်ထောင်အပါအ၀င် လေးပြည်ထောင်ကိုရသော်လည်း အရှင်မင်းကြီးသည် အိပ်ရာ ၄-ခု၌ တပြိုင်နက် မအိပ်နိုင်။ ပုဆိုး ၄-ထည်ကို တပြိုင်နက် မ၀တ်နိုင်။ ဘာမျှအကြောင်းမထူး။ တဏှာနိုင်ငံသို့ လိုက်ခြင်းဖြင့် အပါယ်သို့သာ လားရမည်ဖြစ်သည်-စသည်ဖြင့် တရားပြ ဆိုဆုံးမ၏။ ဆေးဆရာ၏ တရားကို နာရသောအခါ ဘုရင်သည် သတိသံဝေဂ ရသွားသည်။ အနာရောဂါလည်း ပျောက်ကင်းသွားသည်။

ဘုရင်လည်း ဆေးဆရာအား ဆုလာဘ်များ ပေးအပ်ပူဇော်သည်။ ဆေးဆရာက မင်းကြီး၊ မမေ့လျော့ဘဲ တရားမြတ်ကိုသာ ကျင့်ပါ-ဟုဆိုကာ ထွက်ခွါသွားလေသည်။
အကိုး-၅၅၀-ကာမနီတဇာတ်။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)

No comments: