Saturday, March 27, 2010

လူ့ရွာနှင့် ပြိတ္တာ။ အလှူခံပုဂ္ဂိုလ်မြတ်၏ အလှူတော်များ

ကုဏ္ဍိမြို့အနီးရှိ သာဏတောင်ကို အမှီပြု၍ နေထိုင်သဖြင့် သာဏ၀ါသီဘွဲ့ မည်တွင်လာခဲ့သော မထေရ်မြတ်၏ ငယ်မည်မှာ ပေါဋ္ဌပါဒ ဖြစ်၏။ ပေါဋ္ဌပါဒ၏ မိဘနှစ်ပါးတို့မှာ တံငါသည်များဖြစ်ကြ၍ သူ့ကို ကုဏ္ဍိမြို့အနီးက တံငါရွာတွင် ဖွားမြင်ခဲ့ပေသည်။

တံငါရွာ၌ ဖွားမြင်လာခဲ့သမျှ ကလေးသူငယ်တို့သည် လူမှန်းသိတတ်လာသည့်အရွယ်မှ စတင်ကာ မိဘတို့၏ အသက်မွေးဝမ်းကျောင်း တံငါလုပ်ငန်းနှင့် ယဉ်ပါးလာခဲ့ကြ၏။ ပိုက်ထဲမှထွက်ကျကာ လူးလွန့်လှုပ်ရှား နေကြသော ငါးတို့ကို ကောက်ယူပေးခြင်း စသည်ဖြင့် တံငါလုပ်ငန်းခွင်မှာ ပါဝင်လာခဲ့ကြ၏။ အသက်အရွယ် ရလာသည်နှင့်အမျှ တံငါတို့လုပ်ငန်းအပေါ်မှာ စိတ်ပါဝင်စားလာခဲ့ကြ၏။

ပေါဋ္ဌပါဒသူငယ်သည်ကား ထိုအုပ်စုထဲတွင် မပါဝင်ပေ။ သူသည် လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ သက်ရှိသတ္တ၀ါကလေးများကို သနားတတ်၏။ သူကလေးတို့ကို အသေသတ်ဖို့ နေနေသာသာ နားကျဉ်းသွားအောင် ရိုက်နှက်ခြင်းကိုမျှ မပြုရက်ပါချေ။ ဤသို့ မကောင်းသော အမှုတို့ကို ငယ်ငယ်ရွယ်ရွယ် လေးနှင့် ကြောက်ရကောင်းမှန်း သိနေရသည်မှာ ဇာတိဿရဉာဏ်ကို ရရှိထား၍ ဖြစ်ပေသည်။

ဇာတိဿရဉာဏ်ဟူသည်မှာ အတိတ်ကာလတုန်းက ကျင်လည်ခဲ့ရသည့်ဘ၀တို့ကို ပြန်လည်အောက်မေ့ နိုင်သော ဉာဏ်တမျိုးဖြစ်၏။ ထိုဉာဏ်ကို ရရှိရေးအတွက် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ မရနိုင်ပါ။ အချို့သူများအတွက် တမင်တကာ ကြိုးစား၍ မနေရဘဲ အလိုအလျောက် ရလာတတ်သော ဉာဏ်မျိုးဖြစ်ပေ သည်။

ပေါဋ္ဌပါဒလုလင်သည် ထိုဇာတိဿရဉာဏ်ဖြင့် မိမိ၏ အတိတ်ခန္ဓာအစဉ်ကို ပြန်လည်အောက်မေ့လေရာ ဗာရာဏသီမြို့တော်၌ ထီးနန်းစိုးစံခဲ့သော ကိတ၀မင်း၏ သားတော်ဖြစ်ခဲ့ပုံကို သတိရလာ၏။ ထိုစဉ်တုန်းက သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော် ကွယ်ပနေဆဲဖြစ်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များသာ ရံဖန်ရံခါ ပေါ်တော်မူလာတတ်ကြ၏။

ထိုအချိန်က မိမိဘာသာ သစ္စာဉာဏ် အလင်းပေါက်ကာ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်တော်မူခဲ့၍ သုနေတ္တဘွဲ့မည်တော်ရှိသော အရှင်မြတ်သည် ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံရန် ၀င်တော်မူလာ၏။ ထိုအချိန်တွင် ကိတ၀မင်း၏ သားတော်သည်လည်း ဥယျာဉ်တော်တွင် ပျော်ရွှင်စွာ ကစားရာမှ ဆင်းတော်စီး၍ မြို့တော်တွင်းသို့ ပြန်ဝင်လာ၏။ မင်းသားသည် ခမည်းတော် ကိတ၀မင်းကြီး၏ တန်ခိုးအာဏာကို အမှီပြုကာ မာန်မာန ခက်ထန်လှ၏။ တိုင်းသူပြည်သားအပေါင်းက ခမည်းတော်မင်းကြီး တန်ခိုးအာဏာကြောင့် သူ့ကို လှမ်းမြင်ရသည့်နေရာမှ ခြေစုံရပ်ကာ လက်အုပ်ချီ၍ အရိုအသေပြုနေကြရ၏။ ဆင်တော်နှင့်ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သူဖြတ်ကျော်၍သွားခါမှ နေရာမှ ရွှေ့ခွင့်ရကြ၏။

ဗာရာဏသီမြို့တော်သို့ ဆွမ်းခံဝင်လာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်ကား သူ့ကို ကောင်းကောင်းကြီးမြင်နေ ပါလျက် မြင်ရာအရပ်က ခြေစုံရပ်၍လည်း မနေပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း မပြုပါချေ။ မြင်မြင်သမျှ လူအပေါင်းက အရိုအသေပေးနေကြပါလျက် ဤသူတယောက်က မကြောက်မလန့် မခံ့မညားနေနေသည့် အတွက် မင်းသားမှာ အခံရခက်လှ၏။ ငါကဲ့သို့သော မင်းသားကို မလေးမခံ့ ပြုရာသလော-ဟု အပြင်းအထန် မျက်မှန်ပွားမိ၏။

ထို့ကြောင့် မင်းသားသည် ဆင်တော်ပေါ်မှ ကပျာကယာဆင်းကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ချဉ်းကပ်ကာ-
ဘယ်လိုလဲကွ၊ စားစရာလေးများ ရလာခဲ့ပြီလား-ဟုမေး၏။
သူ့မေးခွန်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က အဖြေမပေးရသေးခင်ကပင် သူက အရှင်မြတ်၏သပိတ်ကို ဆွဲလုယူလိုက်ပြီးလျှင် မြေပေါ်မှာ ပေါက်ခွဲ၍ ပစ်လိုက်လေသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည်ကား တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏။ မိမိအား ကြည်ညိုလေးမြတ် ဆည်းကပ် ပူဇော်သူကို၎င်း၊ မခန့်လေးစား စော်ကားကျူးလွန်သူကို၎င်း တထပ်တည်း၊ တမျိုးတည်းသာ သဘောထားတော် မူ၏။ အဆင့်အမြင့်ဆုံးသော ဥပေက္ခာဗြဟ္မစိုရ်တရားဖြင့် သူ့ကို မမှိတ်မသုန် ကြည့်ရှု၍ နေတော်မူ၏။

ဤသို့ စူးစူးစိုက်စိုက် ကြည့်ရှု၍ နေသည်ကိုပင် မင်းသားကတော့ မိမိအား ရန်တုံ့မူနေသည်ဟု ထင်မှတ်နေ၏။ ထို့ကြောင့်-အောင်မာ မင်းက ငါ့ကိုများ စူးစူးကြီးကြည့်လို့၊ ကဲ ကြည့်ချင်သလောက် ကြည့်လိုက်စမ်းကွာ။ ကြည့်ပြီးတော့ကော မင်းက ဘာများတတ်နိုင်မှာမို့လဲ။
ဤသို့ မခိုးမခန့် ပြက်ရယ်ပြောင်လှောင်ကာ ဆင်ပေါ်သို့ ပြန်တက်လာခဲ့၏။

လူ့လောက၌ အထွတ်မြတ်ဆုံး သူတော်စင်ကြီးအား ပြစ်မှားမိသော အကုသိုလ်ကံသည် သူ့ကို နန်းတော်ထိအောင် ရောက်ခွင့်မပေးတော့ပါ။ ရုတ်တရက် လောင်မီးကြီးကျသကဲ့သို့ သူ့တကိုယ်လုံးမှ မီးတောက် မီးလျှံများ ပေါ်ထွက်လာကြ၏။ သက်သာလိုသက်သာငြား ဆင်တော်ပေါ်မှ ဆင်း၍ မြေပြင်ပေါ်မှာ လူးလိမ့်နေပါသော်လည်း သက်သာရမရနိုင်ပါ။ နောက်လိုက်နောက်ပါ အမှုထမ်းတို့ကလည်း မီးငြိမ်းသွားအောင် မစွမ်းနိုင်တော့သဖြင့် မင်းသားမှာ ထိုနေရာမှာပင် လောင်ကျွမ်း၍ သေသွားရပေတော့သည်။

မင်းသားဘ၀မှ ကွယ်လွန်၍ နောက်ဘ၀တွင်မူ ထို့ထက်ပြင်းထန်သော မီးဒဏ်ကို ခံရ၏။ မဟာအ၀ီစိငရဲကြီးတွင် နှစ်ပေါင်းရှစ်သောင်းလေးထောင်တိုင်တိုင် ဒုက္ခကြီးစွာ ခံစားလာခဲ့ရ၏။ မဟာအ၀ီစိငရဲကြီးမှ လွတ်လာပြန် တော့လည်း ပြိတ္တာဘ၀သို့ကျရောက်ကာ အစာမစားရ။ ရေတပေါက်မျှ မသောက်ရဘဲ ဆင်းရဲကြီးစွာခံစား၍ လာခဲ့ရပေသည်။

ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို နှစ်ပေါင်းမရေတွက်နိုင်လောက်အောင် ခံစား၍ လာခဲ့ရပြီးမှ ယခုဘ၀တွင် တံငါသည်မိသားစုမှ ဖွားမြင်လာခဲ့၏။
အရိုးအစဉ်အားဖြင့် တံငါသည်၏ သားသမီးမှန်လျှင် တံငါသည်အလုပ်မှာ စိတ်ပါဝင်စားလာကြ၏။ ပေါဋ္ဌပါဒသည်ကား ဇာတိဿရဉာဏ်ကို ရထားသဖြင့် အရိုးအစဉ်မှ သွေဖီလာခဲ့၏။ လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ တံငါသည်လုပ်ငန်းထဲမှာ မပါဝင်ဘဲနေရအောင် ရှောင်တိမ်း၍ နေလာခဲ့၏။ သက်တူရွယ်တူ သူငယ်ကလေးတွေ တံငါလုပ်ငန်းခွင်သို့ လိုက်ပါသွားကြသည်တွင် ပေါဋ္ဌပါဒကတော့ အိမ်မှာ ကုတ်ကပ်၍ နေခဲ့၏။ လူကြီးမိဘများက အတင်းအကြပ်ခေါ်သဖြင့် လိုက်ပါလာပြန်တော့လည်း ငါးများကို ကောက်၍ မယူဘဲ နေလာခဲ့၏။

ဤတွင် မိဘများက ငါးများကို ကိုယ့်ဘာသာ ကောက်ယူကာ အိုးထဲမှာထည့်ပြီးလျှင် ငါးဝယ်ယူရန် ကမ်းလှမ်းထားပြီးသော အိမ်သို့ ပေါဋ္ဌပါဒကို အပို့ခိုင်းလိုက်ကြ၏။ ပေါဋ္ဌပါဒသည် ငါးထည့်ထားသောအိုးကို စိတ်မသက်မသာ ထမ်းလာခဲ့ပြီးလျှင် မိဘများ မျက်ကွယ်သို့ရောက်သည်နှင့် တပြိုင်နက် ချောင်းရေထဲမှာ အကုန်လုံး လွှတ်ပစ်လိုက်လေတောာ့သည်။

ဤသို့အားဖြင့် တံငါသည်သားဖြစ်ပါလျက် ငါးမသတ်ရက်သဖြင့် မိဘများက သူ့ကို နေ့ရောညပါ ကြိမ်းမောင်းပြစ်တင်၍ နေကြ၏။ ဤတွင် ပေါဋ္ဌပါဒသည် လူကြီးမိဘများ၏ အကြိမ်းအမောင်းက လွတ်စေရန် အိမ်ထောင်ခွဲ၍ နေထိုင်သော အကိုကြီးထံသို့သွား၍ ခိုလှုံရ၏။ အကိုကြီးဖြစ်သူမှာ တံငါသည်တဦးပင် ဖြစ်သော်ငြားလည်း ငါးမသတ်ရက်သည့် ညီငယ်ကို ဇွတ်အတင်းမခိုင်းရက်ရှာပါ။ တမိပေါက်တွင် တယောက် ထွန်းတတ်သည့်သဘာဝကို ထောက်ရှုကာ ညီငယ်လေးကို ဖေးဖေးမမ ပြုလာခဲ့၏။ မိဘများအိမ်၌ မျက်နှာကောင်းမရနိုင်ရှာသော ညီငယ်ကို မျက်နှာမငယ်ရအောင် ကျွေးမွေးစောင့်ရှောက်၍ ထားလေသည်။

ပေါဋ္ဌပါဒမှာ အကိုကြီးအိမ်မှာ ပျော်ပိုက်လျက် အချိန်တန်လျှင် အိမ်သို့ပြန်ရ၏။ သူပြန်လာပြီဆိုလျှင် မိဘနှစ်ပါးတို့၏ နှုတ်ဖျား၌ ကြိမ်းစရာ မောင်းစရာ စကားလုံးတွေက အစီအရီ ရှိနေကြ၏။ ဤသို့ နေ့စဉ်နေ့တိုင်း ကြိမ်းမောင်းလာခဲ့ရာမှ တနေ့သောအခါတွင်မူ မိဘနှစ်ပါးတို့၏ ဒေါသအိုးကြီး ပေါက်ကွဲသည်အထိ ဖြစ်လာပေ တော့သည်။

ထိုနေ့တုန်းက မိဘနှစ်ပါးတို့သည် ပေါဋ္ဌပါဒ၏လက်ထဲသို့ ပိုက်တစုံကို ဇွတ်အတင်းထည့်ကာ ရေဆိပ်သို့ တွန်း၍ လွှတ်ခဲ့ကြ၏။ ရော့ ဒီပိုက်နဲ့ ငါတို့လို ငါးရအောင် ဖမ်းခဲ့။ ငါးမရဘဲ ပြန်လာရင်တော့ ဟောဒီကြိမ်တုတ်သာ ကြည့်ထားလေတော့။
သူ့အတွက် အသင့်ဆောင်ထားသော ကြိမ်တုတ်ကြီးကိုပြ၍ စေလွှတ်လိုက်ကြ၏။ ပေါဋ္ဌပါဒသည် ကြိမ်တုတ်ကြီးကို ကြောက်လှပါ၏။ အလျားက သုံးတောင်လောက်၊ အလုံးက ကျပ်ပြားလောက်၊ အရင်းမှာလည်း အမြစ်ဖုကြီးက ပါနေသေးသဖြင့် သည်တုတ်ကြီးနှင့်သာ အားကုန်လွှဲ၍ ရိုက်လိုက်ပါက ထွန့်ထွန့်လူး၍ သွားရပေတော့မည်။

သို့ရာတွင် ပေါဋ္ဌပါဒအတွက် ထိုကြိမ်တုတ်ကြီးထက် ကြောက်စရာကောင်းသော ဘေးကြီးက ရှိနေ၏။ ငရဲဘုံ ပြိတ္တာဘုံတို့၌ ခံစား၍ လာခဲ့ရသောဒုက္ခတွေနှင့် နှိုင်းစာလိုက်လျှင် သည်ကြိမ်တုတ်မှာ အသေးအမွှားသာ ဖြစ်နေပေတော့သည်။
သို့ဖြစ်၍ ပေါဋ္ဌပါဒသည် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်ကာ မိဘနှစ်ပါးတို့ပေးလိုက်သော ပိုက်တစုံကို ရေစီးကြောင်းထဲမှာ မျှောပစ်လိုက်လေတော့သည်။

မိဘများ၏ ရိုးရာလုပ်ငန်းကို ငြင်းပယ်ရုံသာမက မိဘများ၏ အားအကိုးရဆုံး၊ အဖိုးအတန်ဆုံးပစ္စည်းကိုပင် စွန့်ပစ်ခဲ့သဖြင့် သူ့ကို မိဘများက အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ကို ပေးလိုက်ကြ၏။ ထိုအပြစ်ဒဏ် သည်ကား အိမ်မှ အပြီးအပြတ် နှင်ထုတ်လိုက်ခြင်းပါပေတည်း။
လက်သစ်တောင်တာ ယူဇနာတို့ဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ဝန်းလှစွာသော ဤကမ္ဘာမြေပြင်ပေါ်တွင် ပေါဋ္ဌပါဒအဖို့ ရပ်တည်စရာ နေရာလေးတခုမျှ မရှိတော့ပါချေ။ ငါ့မှာ တွယ်ရာမဲ့ ဖြစ်ပါပေါ့ကလား-ဟူသော အားငယ်စိတ်၊ ၀မ်းနည်းကြေကွဲစိတ်ဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေမိ၏။ ရောက်တတ်ရာရာ လျှောက်သွားနေ၍ တော်တော်ကြီးကြာလာသည်တွင် သူ့ဝမ်းထဲက ကိုးကိုးကွိကွိ မြည်လာတော့၏။ အစာအိမ်က အစာတောင်းလာ၏။ ဆာလောင်မွတ်သိပ်သည့်ဒဏ်ကို အပြင်းအထန် ခံစားလာရသဖြင့် ငါ့မှာ လူစင်စစ်က ပြိတ္တာဘ၀များ ပြန်ရောက်နေပြီလား-ဟူ၍ပင် ထိတ်လန့်တကြား တွေးတောမိပါသေးသည်။

စားစရာလေးများ တွေ့လိုတွေ့ငြား ရှေ့သို့လှမ်းလိုက်၊ နာလွန်းလှသော ၀မ်းဗိုက်ကို ညှာကာ ရပ်နေလိုက်သဖြင့် တရွေ့ရွေ့လှမ်းလာခဲ့ရာ ကံအားလျော်စွာပင် ရဟန်းများ၏ တောနေကျောင်းနားသို့ ရောက်လာလေသည်။
ထိုစဉ်တုန်းက အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည် တပည့်ရဟန်းများနှင့်တကွ ကုဏ္ဍိမြို့ကို အမှီပြုကာ သာဏတောင်၌ သီးတင်းသုံးလျက်ရှိ၏။ မထေရ်မြတ်ကြီးတို့ ဆွမ်းစာေးနသည့် အချိန်မှာပင် ပေါဋ္ဌပါဒကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွား၏။ စားချင်သောက်ချင်စိတ်များက လွှမ်းမိုးနေသဖြင့် ကြောက်ရ၊ ရွံ့ရမှန်းပင် မသိတော့ဘဲ ဆွမ်းစားကျောင်းလှေခါးရင်းအထိ ချဉ်းကပ်သွားကာ လည်တမော့မော့နှင့် မျှော်ကြည့်နေရှာ၏။

အရှင်အာနန္ဒာသည် သူငယ်ကလေးကို လှမ်းမြင်မိကာ အလွန်တရာ ဆာလောင်မွတ်သိပ်နေသည်ကို သတိပြုမိ၏။ ထို့ကြောင့် ရဟန်းများ ဆွမ်းဘုဉ်းပေးအပြီးတွင် ကြွင်းကျန်နေသည့် ဆွမ်းများ၊ ဟင်းများကို စုပေါင်းကာ ခွက်လွတ်တခုမှာ ထည့်၍ ကျွေး၏။ ပေါဋ္ဌပါဒကလည်း ခွက်ထဲမှာ ရှိသမျှကို အပြောင်အစင် စားပြီးလျှင် ခွက်ကို ရေစင်စင်ဆေးကာ ရေစင်မှာ မှောက်ထားလိုက်လေသည်။

သူငယ်ကလေး၏ လုပ်ပုံကိုင်ပုံကို အကဲခတ်နေခဲ့သော အရှင်အာနန္ဒာသည် ၀တ်တရားကို သိတတ်လှသော သူငယ်ကလေးကို အားရကျေနပ်လှသဖြင့်-
သူငယ်၊ မင်း သာသနာ့ဘောင် ၀င်ချင်သလား-ဟု မေးမြန်းလိုက်ရာ-
တပည့်တော် ၀င်ချင်ပါတယ်ဘုရား။

ပေါဋ္ဌပါဒက မဆိုင်မတွ ဖြေကြားလိုက်ရ၏။
အဖြေစကားလျှောက်ထားရင်း ၀မ်းသာလုံးဆို့လာသဖြင့် သူ့တကိုယ်လုံး ကတုန်ကယင် ဖြစ်နေရ၏။ ရပ်တည်ရာ ရှာမတွေ့ရှာသော သူငယ်လေးတယောက်အဖို့ ဤသို့ ဖိတ်ခေါ်သံထက်ပို၍ ၀မ်းသာစရာ ရှိပါဦးမည်လော။

အရှင်အာနန္ဒာ မထေရ်မြတ်ကြီး၏ ကရုဏာရိပ်တွင် ခိုလှုံကာ ပေါဋ္ဌပါဒသည် သာမဏေအဖြစ်သို့ တက်လှမ်းလာနိုင်၏။ ဖြစ်သစ်စ ရှင်သာမဏေလေးကို ခေါ်ဆောင်ကာ အရှင်အာနန္ဒာသည် ဘုရားရှင်ရှေ့တော်မှောက်သို့ ၀င်ရောက်ဖူးမြော်၏။
ဤတွင် ဘုရားရှင်က အရှင်အာနန္ဒာအား ဤသာမဏေကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရန် မိန့်ကြားတော်မူလေသည်။

သို့ရာတွင် သာမဏေလေး ရှင်ပေဋ္ဌပါဒမှာ ရှေးကုသိုလ်ကံ၏ အထောက်အပံ့ကို မရနိုင်သေးသဖြင့် ဘုန်းကံနည်းပါးရှာ၏။ ဆွမ်းကောင်း၊ ဟင်းကောင်း လောင်းလှူမည့်သူ မရှိသလောက် ရှားပါးလှ၏။ အ၀တ်သင်္ကန်းမှာလည်း ရဟန်းတို့ပေးစွန့်သည့် သင်္ကန်းဟောင်းများကိုသာ စပ်ဟပ်ဖာထေး၍ ၀တ်ဆင်နေရ၏။
ဤအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အရှင်ပေါဋ္ဌပါဒကိုခေါ်တော်မူ၍-

ပေါဋ္ဌပါဒ၊ ရဟန်းများသောက်တဲ့ သောက်ရေအိုးတွေကို ရေကောင်းရေသန့် လောင်းပေးပါ။ ဒီကျင့်ဝတ်ကို နေ့စဉ်မပျက် ဆက်လက်ပြီး ထမ်းဆောင်ပါ-ဟု မိန့်ကြားတော်မူ၏။ ရှင်ပေါဋ္ဌပါဒကလည်း မိန့်ကြားတော်မူသည့် အတိုင်း သောက်ရေခတ်ကျင့်ဝတ်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်နေပေသည်။

ဤတွင် ဒကာ ဒကာမများသည် ကျင့်ဝတ်နှင့်ပြည့်စုံလှသော သာမဏေလေးကို ကြည်ညိုလာကြသဖြင့် နေ့စဉ်မပြတ် ဆွမ်းကောင်းဟင်းကောင်းများ လောင်းလှူလာကြ၏။ သင်္ကန်းဒကာ ဒကာမများလည်း ပေါ်ပေါက်လာကြ၏။ ရှင်ပေါဋ္ဌပါဒသည် ကြည်ညိုသဒ္ဓါ ထက်သန်လှစွာသော ဒကာ ဒကာမတို့ကို ပစ္စည်းလေးပါးကို အမှီပြုကာ သာသနာ့ဘောင်မှာ ချမ်းချမ်းသာသာ နေထိုင်လာရာမှ အသက်နှစ်ဆယ် ပြည့်သောအခါ ရဟန်းအဖြစ်သို့ရောက်လာလေသည်။

ရဟန်းတော် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၏ ထံတော်ပါး၌ ပိဋကတ်ဒေသနာတော်များနှင့် တကွ ပဋိပတ်ကျင့်စဉ်များကိုလည်း ရိုသေလေးမြတ်စွာ သင်ယူကျင့်သုံး၏။ ဤသို့ဖြင့် ပရိယတ်ဒေသနာတော် အစုံစုံကို နှုတ်ငုံဆောင်နိုင်လာသည့်အချိန်မှာပင် ပဋိပတ်ကျင့်စဉ်များကလည်း အရှိန်ကောင်းလာသဖြင့် မဂ်အဆင့်ဆင့် တက်လှမ်းကာ အရဟတ္တဖိုလ်အထိ ခရီးပေါက်လာတော့သည်။

ရဟန္တာပုဂ္ဂိုလ် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ သီတင်းသုံးတော်မူခဲ့သော သာဏတောင်မှာပင် ဆက်လက်၍ သီတင်းသုံး၏။ ထို့ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေကြသော ဒကာ ဒကာမများက မူလဘွဲ့မည်ရင်းအစား သာဏ၀ါသီမထေရ်-ဟူ၍ ကြည်ညိုလေးမြတ်စွာ ခေါ်ဝေါ်၍ လာခဲ့ကြလေသည်။

အရှင်သာဏ၀ါသီသည် တပည့်ရဟန်း၁၂-ပါးတို့အား ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးဖြင့် ချီးမြှောက်ကာ သက်တော်ဝါတော် ကြီးရင့်လာကာ မထေရ်ကြီးဘ၀သို့ ရောက်လာလေသည်။
ဤအချိန်တွင် မထေရ်မြတ်ကြီး၏ ဆွေမျိုးငါးရာတို့ ကွယ်လွန်ကြလေရာ ကုသိုလ်ကောင်းမှုကို တခုမျှ မပြုခဲ့ဘူးကြ၍ ပြိတ္တာဘုံသို့ လားရောက်ကြရ၏။ ထိုတွင် အရှင်မြတ်ကြီး၏ ခမည်းတော်၊ မယ်တော်နှင့် အကိုကြီးတို့မှာ ကုဏ္ဍီမြို့ပတ်ဝန်းကျင်မှာပင် ကျင်လည်နေကြရ၏။ သူတို့မှာ နေ့စဉ်နှင့်အမျှ အပ်ကြီါ်ကြီးဖြင့် ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာဒဏ်ကို ခံစားနေကြရ၏။ ဘယ်လောက်ပူပူ၊ ဘယ်လောက်အေးအေး အ၀တ်ကလေး တထွာတညိုမျှ မကပ်နိုင်ကြပေ။ ပြိတ္တာဘ၀ ရောက်လာသည်မှ စတင်ကာ အစာအာဟာရဟူ၍ လုံးဝမစားရ၊ မသောက်ရသဖြင့် အမြဲတမ်း ဆာလောင်မွတ်သိပ်၍ နေကြရပေသည်။

သူတို့သည် စားစရာရှာဖွေရင်း သားဖြစ်သူ အရှင်မြတ်ကြီး ဆွမ်းခံကြွနေသည်ကို လှမ်း၍မြင်ကြရပါ၏။ သို့ရာတွင် မိမိတို့က သူ့ကို ပစ်ပစ်ခါခါ အိမ်မှ နှင်ထုတ်ခဲ့ဖူးသည့်အဖြစ်ကို ပြန်လည်၍ သတိရနေကြသဖြင့် ကိုယ်ထင်ပြ၍ အကူအညီမတောင်းရဲကြပေ။
အကိုကြီးဖြစ်သော ပြိတ္တာသည်ကား လူ့ဘ၀တုန်းက သူ့အပေါ် မေတ္တာရှေ့ထား၍ ပြုစုစောင့်ရှောက်ခဲ့ဖူးသည့် အဖြစ်ကို အားကိုးကာ အရှင်မြတ်ကြီးထံသို့ အရဲစွန့်၍ ချဉ်းကပ်လာ၏။ အရှင်မြတ်ကြီး ဆွမ်းခံကြွရာ လမ်းနဘေးတွင် လေးဖက်ထောက်၍ သွားနေရပုံဖြင့် ကိုယ်ထင်ပြ၏။

သာဏ၀ါသီ အရှင်မြတ်ကြီးသည်ကား သွားနေကျ လမ်းကြောင်းမှတပါး အခြားသို့ စောင်းငဲ့၍ ကြည့်ရှုလေ့ မရှိသဖြင့် အကိုကြီးပြိတ္တာကို မမြင်မိချေ။ ဤတွင် အကိုကြီးပြိတ္တာက-
အရှင်ဘုရား၊ အရှင်ဘုရား၊ ရပ်တော်မူပါဦးဘုရား။ တပည့်တော်က အရှင်ဘုရားရဲ့ အကိုကြီးပါဘုရား။ ဤသို့ အသံပြု၍ လျှောက်ထားရ၏။ ဤတွင်မှ အရှင်သာဏ၀ါသီက စောင်းငဲ့၍ကြည့်ရှုကာ ဤသို့ တုံ့ပြန်မိန့်ကြား၏။

အလို အကိုကြီးဘ၀က တယ်ပြီးဆိုးရွားလှပါလား။ ရထားတဲ့ ရုပ်ခန္ဓာကလည်း အရုပ်ဆိုးပါဘိ။ အ၀တ်အစားက လုံးဝမရှိ။ အသားအရေဆိုတာကလည်း လုံးဝမရှိသလောက်၊ တကယ့်ကမ္မဋ္ဌာန်းရုပ် ဖြစ်နေပါပေါ့ကလား။
မှန်ပါ၊ ပြိတ္တာဘုံသားမှန်သမျှ ဒီလိုပဲ ဆင်းရဲကြရပါတယ်ဘုရား။ ဒီလို ဆင်းရဲရတာ တပည့်တော်တယောက်တည်း မဟုတ်ပါဘူး။ အရှင်ဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်ကြီးတွေလည်း ပါဝင်ပါတယ်။ အရှင်ဘုရား ငယ်စဉ်တုန်းမှာ သူတို့က အရှင်ဘုရားကို အိမ်က နှင်ထုတ်ခဲ့ဖူးတာကြောင့် အရှင်ဘုရားရှေ့မှာ ကိုယ်ထင်မပြ၀ံ့ကြပါဘူးဘုရား။

အို- ဖြစ်ရလေ၊ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီလေ။ ဒီတော့ အကိုကြီးက ခမည်းတော်နဲ့ မယ်တော်ကြီးကိုခေါ်ပြီး ကျောင်းက သွားစောင့်နေကြပါ။ ကုဏ္ဍိမြို့ထဲမှာ ဆွမ်းခံပြီးတော့ ပြန်လာခဲ့မယ်။
ဤသို့ မိန့်ကြားပြီးလျှင် အရှင်သာဏ၀ါသီသည် နောက်ပါရဟန်း ၁၂-ပါးနှင့်တကွ ကုဏ္ဍိမြို့တွင်း၌ ဆွမ်းခံကြွ၏။ ဆွမ်းခံ၍ ပြန်လာကြသောအခါ ဆွမ်းစားကျောင်းပေါ်မှာ သံဃာကုန်စုဝေးကြ၍-

ကဲ ငါ့ရှင်တို့၊ ငါတို့ရဲ့ မိဟောင်း ဖဟောင်း အကိုကြီးဟောင်း ပေတလောကသားတွေကို ကျွေးမွေးဖို့ တာဝန်ရှိနေပေတယ်။ ဒါကြောင့် ငါ့ရှင်တို့ရလာသမျှ ဆွမ်းသပိတ်တွေကို ငါ့ဆီ ကပ်လှူကြပါ။
ကောင်းပါပြီ အရှင်ဘုရား။
တပည့်သံဃာများက ရိုသေစွာ တုန့်ပြန်ကြပြီးလျှင် မိမိတို့၏ ဆွမ်းသပိတ်များကို အရှင်မြတ်ကြီးအား အသီးသီး ဆက်ကပ်ကြ၏။ အရှင်မြတ်ကြီးသည် မိမိရှေ့မှာ အစီအရီချထားသော ဆွမ်းသပိတ်တို့ကို လက်ဖြင့်သုံးသပ်ကာ-

ဤဆွမ်းတို့ကို သံဃာအား လှူဒါန်းပါ၏။ ဤသို့လှူရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မိဟောင်း ဖဟောင်း အကိုဟောင်း ပေတလောကသားတို့အား အမျှပေးပါ၏။ အမျှပေးပါ၏။ အမျှပေးပါ၏။
သာဓု သာဓု သာဓု။
အနုမောဒနာပြုသံ သုံးကြိမ်အဆုံးတွင် ပြိတ္တာသုံးယောက်၏ ရှေ့မှောက်တွင် စားကောင်းသောက်ဖွယ်တွေ အငွေ့တထောင်းထောင်းနှင့် ရောက်လာကြပေတော့သည်။
သူတို့ခမြာ အစားအစာနှင့် လုံးဝမတွေ့ကြရဘူးသဖြင့် အစားအစာကို မြင်သည်နှင့်တပြိုင်နက် အရှင်မြတ်ကြီး၏ အမိန့်သံကိုပင် မစောင့်နိုင်တော့ဘဲ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ ဗိုက်ကြီးတွေကားလာအောင် အငမ်းမရ စားလိုက်ာ့ပေတော့သည်။

ထို့နောက် အရှင်သာဏ၀ါသီသည် ပြိတ္တာသုံးယောက်တို့အတွက် အ၀တ်အစားပေးနိုင်စေရန် လူတို့စွန့်ပစ်ထားသော အမှိုက်ပုံထဲက အ၀တ်စများကို ရှာဖွေ၍ ပံ့သကူကောက်ယူကာ သန့်ရှင်းစွာ လျှော်ဖွပ်ပြီးလျှင် အရပ်လေးမျက်နှာမှ ကြွလာကြသော သံဃာတော်တို့အား ရည်မှန်းကာ သင်္ကန်းချုပ်စရာ အ၀တ်စအဖြစ်ဖြင့် လှူဒါန်း၏။ လှူဒါန်းရသည့် ကုသိုလ်၏အဖို့ဘာဂကို ပြိတ္တာသုံးယောက်တို့အား အမျှပေးဝေ၏။

ပြိတ္တာသုံးယောက်တို့သည် သာဓုခေါ်သံ အဆုံးတွင် ကောင်းမွန်လှစွာ၊ အမျိုးအမည်စုံစွာ၊ အရောင်အသွေး စုံစွာသော အ၀တ်အထည်တို့သည် သူတို့၏ရှေ့မှာ ကောင်းကင်မှ တွဲလောင်းကျလျက် ရှိနေကြပေတော့သည်။
ထိုမှတဖန် ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့အတွက် နေစရာအိမ်ဂေဟာ လိုအပ်နေသေးသဖြင့် သစ်ရွက်မိုးကျောင်းကလေးကို အလျင်အမြန်ဆောက်ကာ သံဃာအား လှူဒါန်းရပြန်၏။

ထိုမှ ဆက်လက်၍ ပြိတ္တာတို့အတွက် သောက်ရေရပါစေရန် ရေစစ်ဖြင့် သောက်ရေကို စစ်ယူပြီးလျှင် သံဃာအား ရည်မှန်း၍ လှူဒါန်းရပြန်၏။ ထို့နောက်တွင်ကား သွားရေးလာရေးအတွက် အခက်တွေ့နေကြရသော ဆွေဟောင်းမျိုးဟောင်းများ စီးစရာယာဉ်ရထား ဖြစ်ပေါ်လာစေရန် မိမိ၏တလွှာတည်းသာရှိသော ဖိနပ်ကို သံဃာတော်အား ရည်မှန်း၍ လှူဒါန်းရပြန်ပေသည်။
ဤတွင်မှ အစစချို့တဲ့ပြတ်လပ်၍ နေခဲ့ကြရသော ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့သည် လိုအပ်သမျှ ပြည့်စုံစွာ ရရှိကာ ချမ်းချမ်းသာသာ နေထိုင်ကြရလေတော့သည်။
( စူဠ၀ဂ်၊ သာဏ၀ါသီထေရပေတ၀တ္ထု)

ဝဏ္ဏသီရိ

No comments: