Monday, March 22, 2010

ဆရာတော်ကြီးများထံမှ ဆေး

ကျွန်တော်တို့၏ ဆရာတော်ကြီးများသည် ဆေးမကုကြပါ။ ဆေးကုခြင်းများလည်း မလုပ်ကြပါ။ သို့သော် ဆေးပင် ဆေးရွက် စသည်တို့ကိုတော့ စေတနာ မေတ္တာတော်ထားပြီး လွန်စွာပင် ညွှန်ကြားတော်မူတတ်ပါသည်။ ကျွန်တော် တောဆေး-အကြောင်းကို ခဏခဏ ရှင်း၍လင်း၍ ကြုံသည့်နေရာများ၌ ထည့်၍ထည့်၍ ပြောပြနေပါသည်။ ခုလည်း ပြောရဦးတော့မည် ဖြစ်ပါသည်။

(တောဆေး)
တောဆေး-ဟူသည် ဆေးမရှိသည့် အိမ်ဘုစုများ နေထိုင်ရာမှာ သုံးရာက ဆေးပညာတရပ်ဖြစ်လာသည့် ဆေးပညာ ဖြစ်တော့သည်။ ဘယ်ရောဂါဖြစ်ရင် ဘယ်မြက်ထဲက ဘာအပင်ကို သုံးဟဲ့။ ကိုယ်မှာဖြစ်ရင် ဘယ်အရွက်နှင့် လုပ်၊ ဘယ်ရောဂါဝင်လာလျှင် ဘယ်အပင် ဆွဲပြုတ်သောက် စသည် ဒီလိုဒီလို ပညာပေးကာ လမ်းညွှန်တတ်လေရာ ယင်းကို အသုံးအတတ်ဆုံးမှာ ကျောင်းထိုင်ဆရာတော်ကြီးများ ဖြစ်တတ်ကြပါသည်။

ဆရာတော်များ ဆေးမကုပါ။ ကောင်းရာ ရောဂါပျောက်ရာကိုတော့ လမ်းညွှန်တတ်တာပဲဖြစ်ပါသည်။ ကျွန်တော်ရေးရာ၌ ဘယ်စာအုပ်မှာလဲတော့ မမှတ်မိ။ မန္တလေးအနီး တံခွန်တိုင်တွင် စစ်ပြေးရင်း-ငှက်ဖျား အကြီးစား မိနေသည့် ကျွန်တော့်ကို ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဆေးကုပေးခဲ့ကြပါသည်။ ထိုထူးခြားသည့် ငှက်ဖျားဆေးကြီးမှာ ထူးထူးခြားခြား ရှားရှားပါးပါးပင် မြက်ပင်ကို အဓိကပြု၍ ထည့်သည့်ဆေးစု ဖြစ်နေတာကို ရေးခဲ့ပါသည်။ သုံးသည့်မြက်ကို ကျွန်တော် အသေအချာမှတ်လျက်၊ ယင်းကား နေဇာမြက်-အစစ် ဖြစ်တော့သည်။

ထိုနေဇာမြက်ကို ၀န်းရံပေးသည်က ဆေးမယ်သုံးမျိုး ဖြစ်ပါသည်။ ထိုဆေးမယ်များကလည်း တောဆေးပီပီ တယ်ထူးထူးခြားခြား အစာများ မဟုတ်ဘဲ ကျပ်ခိုးရယ်၊ ကွမ်းရွက်ရယ်၊ ရှိန်းခိုရယ်ပဲ ဖြစ်သည်။ အနီးတွင် ဆွဲကိုင်ယူနိုင်သော ဆေးမယ်များသာ ဖြစ်သည်။ ထိုဆေးကို အခု ထပ်ဖော်ပြနေရပါသည်။ ငှက်ဖျားအတွက် ဆေးစွမ်းလိုက်သည်ကမူ စံမမီတို့ ဖြစ်တော့သည်။ ဆေးသောက်လျှင် ရေမချိုးမနေရဘဲ ရေချိုးရသည့် ဤတောဆေးထူးမှာ ဘယ်လောက်အစွမ်းထက်လဲ မမေးနဲ့။ ကျွန်တော် အသက် ၁၄-နှစ်သားလောက် ဤဆေးသောက်လိုက်ရာ အခု အသက် ၈၀-သို့ ၀င်မည့်အနေအထား ငှက်ဖျားက တသက်စာကို ပြေးပါလေတော့သည်။

တောဆေးသတ္တိ ယုတ္တိကို ထပ်သိကြဖို့ရန် ပြောပြန်ရခြင်းပဲ ဖြစ်တော့သည်။ ဆရာတော်ကြီးများ တောဆေးကျွမ်းကျင်ကြပါသည်။ ဒါလည်း တောဆေးကိစ္စများ စာအုပ်တို့၌ ပြောပြထားချင်နေရပါသည်။ ဆရာတော်ကြီးများသည် ဆေးမကုကြပါ။ သို့သော် အကူအညီတောင်းလျှင်တော့ ကိုယ့်ဒကာ ဒကာမများ စေတနာထားကာ သိတာကို ကုတတ်ကြတာကို ပြောပြထားချင်ရတာ ဖြစ်ပါသည်။

( ပိစပ်ချုံပင်)
ဤတောဆေး စာအုပ် တနေရာတွင် ကျွန်တော်ရေးသားထားခဲ့ပါသည်။ ယင်းက ပိစပ်ချုံပင်-တို့၏ အစွမ်းထက်မှုရှိတာကို သိကြဖို့ဖြစ်ပါသည်။ ကျွန်တော်ရေးသားခဲ့သည်မှာ တောင်တိုးလုံး (ရန်ကုန် ပဲခူးလမ်းအကြားမှ တောင်ကိုးလုံး) တွင် ၀ိပဿနာတရားပွဲကြီး ကျင်းပခဲ့ကြပါသည်။ တနေ့ ပွဲအပြီး၌ လူများ ရုတ်ရုတ်သဲသဲဖြင့် လူနာတဦး ဆေးရုံကို အမြန်ပို့နိုင်ရန် စီစဉ်လုပ်ကိုင်နေသည်။ ၀ိပဿနာ တရားပေးခဲ့သည့် ဆရာတော်က-

ဟဲ့ ဘာတွေဖြစ်နေတာလဲ၊ ငါ့လဲ ပြောပါဦး-ဟု မိန့်၍ တရားနာအမျိုးသမီးတဦး လည်ပင်းတွင် အဖုအကျိတ်ကြီးတခု ဖြစ်ခဲ့ရာ အခုရောဂါပြင်းထန်လို့ ဆေးရုံပို့ရန် အမြန်စီစဉ်တာကို လျှောက်ထားပြောကြား ရသည်။ ဆရာတော်ကြည့်ပြီး ဟဲ့ ဟိုကျောင်းဘေးနားမှာ ပိစပ်ပင်တွေဆိုတာ ရှိတယ်ဟဲ့။ နင်တို့ ဆေးရုံဆိုတာကို ခဏထားကြစမ်း၊ ဒီပိစပ်ရွက်တွေကိုခူး၊ သူ့ကို မီးပေါ်တင်ပြီး ပြုတ်နေဖို့က အချိန်မရဘူး။ အခုပဲ ပိစပ်ရွက်တွေကို ထောင်းပြီးတော့ အရည်ညှစ်ပြီး ဒကာမကို တိုက်ကြစမ်းဟ။ ခု သက်သာမှာဟ။

ဆိုသည့်အတိုင်း လုပ်၍ တိုက်လိုက်ရာ နတ်ဆေးအလား လည်ပင်းအပူတွေက ချက်ချင်းပင် သက်သာသွားခဲ့ သည်။ အေးခနဲဖြစ်ကာ နေသာသွားပြီဟု ပြောသည်။ နောက် ဒါနဲ့ပင် ထိုအမျိုးသမီးမှာ ရောဂါပျောက်ချေပါလေ တော့သည်။
ဟုတ်ကဲ့ ဆရာတော်ကြီးများသည် တောဆေးကျွမ်းကြရာ ကိုယ့်ဒကာ ဒကာမများ ရောဂါတခုခု ဖောက်လို့ ဒုက္ခရောက်လျှင် ၀င်ကယ်ပေးတတ်ကြတာကိုလည်း ဤစာအုပ်ဖတ်သူများ သတိထားမိကြဖို့ရန် ဤစာအုပ်မှာ ရေးရ သတိပေးရ အသိပေးရပြန်တာ ဖြစ်တော့သည်။

ဟုတ်ကဲ့၊ ဆရာတော်ကြီးများ ဆေးမကုကြသော်လည်း အခွင့်ကြုံသည့်အခါမှာတော့ ဤလိုတောဆေးများ မိန့်မှာလမ်းညွှန်တော်မူတတ်တာ ဖြစ်ပါသည်။ အထက်တွင် ၀ိပဿနာတရား ပြတော်မူသည့် ဆရာတော်ကြီးများက ဆေးရုံပို့ရမည့်လူနာ မနေသာဘဲ ၀င်ကယ်တာကို အချို့အစုက အဖုအထစ်အသွင် မြင်ကြမည်ပဲလား မသိပါ။ ဒါဖြင့် မြန်မာပြည်မှာ အကျော်ကြားဆုံး ၀ိပဿနာအရှင်မြတ်တပါး ဖြစ်ပါသည့် မိုးကုတ်ဆရာတော်ကြီးကိုယ်တိုင် တချိန်တခါမှာ-ရောဂါပျောက်ချင်သလား-လို့ ဒကာမကို မေးတော်မူပြီး ဆေးညွှန်ခဲ့သည်ကို ဒီနေရာမှာက ပြောပြဦးမှ ဖြစ်မည်ထင်ပါသည်။ အချို့သော ဆရာတောာ်ကြီး၏ တိပ်ခွေများမှာ ပါတာကို ကြားမိသူများ ရှိပါလိမ့်မည်ပဲ။

တခြားမဟုတ်ပါ။ အမျိုးသမီးကြီး တဦးပေပေါ့။ ထိုဒကာမကြီးက အောင့်သည်-လို့ ရောဂါတက်လာတာကို ဖော်ပြညည်းညူနေခဲ့သည်ပေါ့။ ဆရာတော်က ဪ-ခက်ပါလား ကိုယ့်ခေါင်းပေါ်မှာ ဆေးကိုရွက်ထားလို့ ရွက်ထားမှန်းလည်း မသိပါလား-ဟု ညည်းချင်းနှောလို့ မိန့်ကြားပြောဆိုတော်မူသည်တဲ့။ ဟုတ်ပါတယ်။ သူဖြစ်နေတာသည် ဆေးက သူ့ခေါင်းမှာရှိသည်ဆိုတာ ခေါင်းရွက်လာခဲ့သည့် သခွားသီးကို ပြောတာပါ တဲ့။

ဟုတ်ကဲ့၊ ဆရာတော်ကြီးများသည် မျက်စိအောက်တည့်တည့် ရောက်လာလျှင်ဖြင့် မလွှဲသာသည့် အရေးနှင့်လည်း ဆေးပေးခဲ့ကြတာ ရှိသည်ကို ပြောပြလိုရပါသည်။ လက်ထဲ ဆေးထည့်ပေးခြင်းတော့ မဟုတ်။ ဆေးဆိုတာကို ညွှန်တာပဲ ဖြစ်၏။
အဲ-တောင်တန်းဆရာတော်ကြီး ဟောကြားချက်များမှာ အခါအားလျော်စွာ လူတွေကယ်တင်ဖို့တွေး၍ ဆေးပေးတတ်တာကို သတိရမိပါသည်။ (တောင်တန်းဆရာတော် အရှင်ဥတ္တမသာရနှင့်ကတော့ ကျွန်တော်ဒိုးသည် ၁၉၄၇-ခုနှစ်၊ ဆရာတော် တောင်တန်းကြွရန် စီစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့တာ ဖြစ်ပါသည်။

ဆရာတော်ကြီးက အခါအားလျော်စွာ သူတောင်တန်းမှာ တွေ့ခဲ့ သိခဲ့သည့် နတ်ဆေးပင်ဆိုတာကို ပြခြင်း၊ ပြောခြင်း၊ ညွှန်ခြင်းတွေ ပြုလုပ်တတ်ပါသည်။ ရောဂါစုံအတွက် ဖြစ်လေပါသည်။ တောင်တန်းတခွင်တွင် ဆရာတော်ကြီးမှာ ဘာအာဟာရမှ မသေချာဘဲ နေလာ သွားလာ လုပ်ခဲ့ရတာ ဖြစ်သည်ကိုလည်း ပရိသတ်များကို ပြောပြသည်။ ပြညွှန်သည်ပင် ဖြစ်သည်။

ဟုတ်ကဲ့၊ ဆရာတော် ဆေးမကုပါ။ သို့သော် ပြောတာ၊ ပြတာ၊ ညွှန်တာတော့ လုပ်ပေးနိုင်သမျှ လုပ်ခဲ့တာ ဖြစ်ပါတော့သည်။ အချို့အချို့လည်း ထိုနတ်ဆေးအတွက်ပင် စွဲလန်းအားဖြင့် တောင်တန်းများ သွားခဲ့ကြသည်။ အခွင့်အခါသင့်တုန်း ကြားညှပ်၍ စကားပြောရဦးတော့မည်။ ကျွန်တော်တင်ပြနေသည့် စူလာနဖာကို ဘာလို့ စူလာနဖာ ခေါ်နည်းလို့ မေးတာကို ကျွန်တော်မဖြေနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်သိသမျှ စူလာနဖာပင်၏ အခြားအမည်တခုမှာ ဒေသတခု၌ နတ်ဆေးပင်လို့ ခေါ်နေကြတာ ဖြစ်သည်။ ရန်ကုန်နယ်မြေတွင်ပင် တာမွေဘက်မှာ နတ်ဆေးပင်ခေါ်တာ ပြတာများ ကြားရတွေ့ရ ဖြစ်နေခဲ့ပါသည်။

( ပဲတီစိမ်း )
အခါအားလျော်စွာ တောင်တန်းဆရာတော်ကြီးက လူ့ကျန်းမာရေး အာဟာရအရေးတွေ ဆက်စပ်ကာ ပြောကြားမိသောအခါများတွင် အာဟာရကိစ္စအတွက် ပဲတီစိမ်းလဲ စားပေးကြနော်။ အာဟာရအတွက်က အကျိုးများတယ်နော်-ဟု ထည့်သွင်းပြောကြားတတ်ပါသည်။ ဒါလည်း ဆရာတော်ကြီးတို့ ဆေးပေးခြင်းတမျိုးလို့ ကျွန်တော်တွေးပါသည်။

(ကန်စွန်းဥ)
တောင်တန်းပေါ်တွင် ဆွမ်းခံအိမ်မရှိဘဲ နှစ်ပေါင်း ၄၀-တိတိ လှည့်လည်နေခဲ့သည့် ဆရာတော်ကြီးမှာ ကန်စွန်းဥကလည်း အရေးပါလှသည့် ဆွမ်းအာဟာရ ဖြစ်ခဲ့တာကို အခါအားလျော်စွာ ဖွင့်ဟပြောကြားတော် မူတတ်ပါသည်။ ယင်းသည်ကားလည်း တွေးလျှင် ဘ၀ဆေးဖြစ်ခဲ့တာကို မိန့်ဆိုတာလို့လဲ မှတ်ရပြန်ပါတော့သည်။

ဟုတ်ပါသည်။ ဆရာတော်ကြီးများသည် ဆေးမကုတတ်ကြပါ။ လူတွေ၏ အကျိုးတရားအတွက် ဆေးများကို ညွှန်ခဲ့သလိုပင် ဟောဆိုပြသခဲ့တာများက များစွာဖြစ်တာကို သတိပြုစရာပါလို့ တင်ပြလိုက်ရတာ ဖြစ်ပါသည်။ ဘာမဆိုကို ရှာတတ်လျှင် ပညာရတတ်တာပဲ ဖြစ်တာကိုလည်း အများကို သတိဆွ၍ ပြောပြလိုရတာ ဖြစ်ပါတော့သည်။ ဟုတ်ကဲ့ မိုးကုတ်ဆရာတော်ကြီး ညွှန်ပြသည့် သခွားသီးကပင် ဆေးဖြစ်နိုင်သည့်အသွင်ကို မြင်မြင်နေရပါလေပြီ။

( သာဂဒိုး)
(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

No comments: