Wednesday, March 17, 2010

ဦးပိန်တံတား

ဦးပိန်တံတားဆိုလျှင် အများစုက ကြားဖူးကြပေမည်။ မြန်မာပြည် အထက်ပိုင်းက ပို၍ သိကြသည်။ သို့သော် တံတား၏ သမိုင်းကြောင်းကို သိရှိသူ နည်းပါးပေမည်။ ဦးပိန်တံတားခေါ် တောင်သမန်တံတားသည် အမရပူရ (တောင်မြို့) ၏ အနောက်ယွန်းယွန်း တဖာလုံခန့်တွင် တည်ရှိသည်။ တံတားနှင့် အင်းပတ်လည်တို့တွင် စေတီ၊ တန်ဆောင်း၊ ဘုရားကျောင်းများနှင့် မယ်ဇယ်ပင်တို့ ၀န်းရံထားသည့်အတွက် သာယာကြည်နူးဖွယ်ရာ ကောင်းလှသည်။

သက္ကရာဇ် ၁၂၁၁-ခု (၁၈၄၉) တွင် ကုန်းဘောင်ဆက် န၀မမြောက် ပုဂံမင်း၏ လက်ထက်တွင် တည်ဆောက်ခဲ့သည့်အတွက် ယခုအခါ နှစ်ပေါင်း ၁၅၀-ကျော်ပြီဖြစ်သည်။ ထိုတံတားကို မြို့စားရေးဖြစ်သူ မောင်ပိန်က တည်ဆောက်ခဲ့သည့်အတွက် ဦးပိန်တံတား-ဟူ၍၄င်း၊ တောင်သမန်အင်းကြီးကို ဖြတ်ကျော် တည်ဆောက်ထား၍ တောင်သမန်တံတား-ဟူ၍၄င်း ခေါ်ကြသည်။

ပုဂံမင်း၏ ငယ်ကျွန်များ ဖြစ်ကြသည့် မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့သည် မင်းနှင့်အကျွမ်းဝင်ကြသည့် အတွက် အင်းဝနန်းတော်ဟောင်း၊ အိမ်တော်ဟောင်းတို့မှ စွန့်ပစ်ရမည့် သစ်တို့ကို ဘုရင်၏ ခွင့်ပြုမိန့်ကို ရယူ၍ အသုံးပြုခဲ့ကြသည်။ ၁၂၁၁-ခုတွင် စတင်ဆောင်လုပ်၍ ၁၂၁၃-ခုတွင် ပြီးစီးသည်။ တည်ဆောက်ချိန် ၂-နှစ်ကျော်ကြာခဲ့သည်။

ရှေးခေတ် မြန်မာအင်ဂျင်နီယာ ပညာရှင်များ၊ မှန်ချိန် စသည်တို့ အသုံးမပြုနိုင်မီ ခြေလှမ်းဖြင့် တိုင်းတာ တည်ဆောက်ခဲ့ကြသည်။ လှိုင်းဒဏ်၊ လေဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်စေရန် ရည်ရွယ်၍ ဖြောင့်တန်းစွာ မတည်ဆောက်ဘဲ တောင်ဘက်သို့ ဦးမော့၍ ကွေ့ဝိုက်ပြီး ကျင်တွယ်ချိုးပုံစံ တည်ဆောက်ခဲ့သည်။ တိုင်များ၏ မြေ၀င် (မြေစိုက်) သည် လက်ခုပ်တဖောင်၊ (သို့မဟုတ်) ခုနစ်ပေ အနက်ရှိ၏။ မြေ၀င်တိုင်ခြေတို့တွင် အပေါက် ဖောက်ပြီး ထူးနှစ်ချက်ခတ်ထားသည်။ ၀ရန်တာ နှစ်ဖက်ကာ၍ အခင်းကို သုံးထပ်သုံးလွှာ ခင်းခဲ့သည်။ ပြီးခါစတွင် တိုင်ပေါင်း ၉၈၄-တိုင်တိတိ ရှိလေ၏။

နောင်အခါ တံတားနှစ်ဖက်ထိပ်မှ အုတ်ခံတံတားများကို ဖြုတ်၍ သစ်သားများဖြင့် အစားထိုးလိုက်သည့်အခါ တိုင်ပေါင်း ၁၀၈၆-တိုင် ဖြစ်လာ၏။ တံတား၏ ဘေးခပ်လှမ်းလှမ်းတို့တွင် မိုးနေလုံ ဇရပ်လေးဆောင် ဆောက်လုပ်ထားသည်။ တံတားအရှည်မှာ ၃၃၉-တာနှင့် ၂-တောင် (၃၉၆၇-ပေ) ရှိ၍ တမိုင်၏ လေးချိုး သုံးချိုး ရှိသည်။ အခန်းပေါင်း ၄၈၂-ခန်း ရှိ၏။

စစ်ကြီးပြီးစက တောင်သမန်အင်းရေ ကြီးပြီး တံတားကို ရေမြုပ်ကာ လှိုင်းဒဏ်၊ လေဒဏ်ခံရ၍ တိုင်အချို့ ပြုတ်ထွက် ပျက်စီးသွားသည်။ ထိုအခါ အမရပူရ (ဖဆပလ) အမတ် ဦးဘသီ-က ဦးဆောင်ကာ ပြုပြင်နိုင်ခဲ့သည်။ ၁၃၃၅-ခုတွင် အလားတူ တဖန် ရေကြီးပြန်၍ အခန်းပေါင်း ၈၀-ကျော် ပျက်စီးခဲ့ပြန်သည်။ မဟာဂန္ဓာရုံ ဆရာတော်၏ သြ၀ါဒဖြင့် မြို့နယ်ဥက္ကဋ္ဌနှင့် စေတနာရှင်၊ အလှူရှင်များက ပြန်လည်တည်ဆောက်ခဲ့သောကြောင့် ယနေ့တိုင် ဒေသခံပြည်သူများ ချမ်းသာစွာ သွားလာနိုင်ကြပါသည်။

(စလင်း-မောင်မွှေးကြိုင်)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

No comments: