Sunday, March 14, 2010

အရက်သောက်၍ မော်တော်ဆိုင်ကယ် စီးသူ

၂၀၀၄-ခုနှစ် ဇန်န၀ါရီလ ၇-ရက်နေ့က ဖြစ်ပါသည်။ စာရေးသူတို့ နေထိုင်ရာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရပ်ကွက်တခုမှ မောင်နေမင်း၊ မောင်ကောင်းကင်၊ မောင်ကံကောင်းတို့ သူငယ်ချင်းသုံးယောက်သည် ည ၇-နာရီ အချိန်တွင် မော်တော်ဆိုင်ကယ် တစီးတည်းကို သုံးယောက်စီး၍ အရက်ဆိုင်ရှိရာသို့ မောင်းနှင်သွားလေ၏။

အရက်ဆိုင်တွင် သူတို့သူငယ်ချင်းသုံးယောက်သည် အရက်ကလေးသောက်လိုက်၊ အမြည်းကလေး စားလိုက်နှင့် ဇိမ်ခံနေကြသည်။ ထို့နောက် သူတို့ သူငယ်ချင်းသုံးယောက် အရက်ဆိုင်မှ ပြန်ရန် မော်တော်ဆိုင်ကယ်ပေါ်သို့ တက်စီးကြလေတော့သည်။ မော်တော်ဆိုင်ကယ်စီးရာတွင် ရှေ့ဆုံးမှ မောင်နေမင်း၊ အလယ်မှ မောင်ကောင်းကင်၊ နောက်ဆုံးမှ မောင်ကံကောင်းတို့ စီးလာကြသည်။ သူတို့သူငယ်ချင်း သုံးယောက်လုံး အဓိကကျသော ဆိုင်ကယ်စီး ဦးထုပ်ကိုလည်း မဆောင်းကြပေ။

မကြာမီ အရှေ့သို့ စီးလာကြရာမှ မောင်နေမင်းသည် မော်တော်ဆိုင်ကယ်ကို လက်နှစ်ဖက်လွှတ်၍ စီးလေတော့သည်။ ဤတွင် အရှေ့ဘက်မှ မောင်းနှင်လာသော ကားကို ၀င်တိုက်မိလေတော့သည်။ အသက် ၂၁-နှစ်မျှသာ ရှိသေးသော မောင်နေမင်းသည် ကားတိုက်သောနေရာမှာပင် အသက်ဆုံးရှုံးရလေသည်။ အလယ်မှ မောင်ကောင်းကင်-ကတော့ ခြေထောက်တဖက် အရိုးကျိုးသွားလေသည်။ နောက်ဆုံးမှ မောင်ကံကောင်း-ကတော့ မော်တော်ဆိုင်ကယ်ပေါ်မှ ခုန်ချလိုက်၍ လက်ကလေးသာ အနည်းငယ် နာသွားလေသည်။

သူတို့သုံးယောက် အရက်သောက်၍ မော်တော်ဆိုင်ကယ်စီးခြင်းကြောင့် ကားပိုင်ရှင်နှင့် ဒရိုင်ဘာတို့သည်လည်း ဒုက္ခကြီးစွာ ရောက်ရလေ၏။ ထို့နောက် မိဘ မောင်နှမ ဆွေမျိုးသားချင်းများလည်း ငိုကြွေးပူဆွေးခြင်း၊ ၀မ်းနည်းကြေကွဲခြင်းများနဲ့ ရင်ဆိုင်ရပေတာ့သည်။

( ၀င်းဟန်ဦး)
( မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လ)

No comments: