Sunday, March 21, 2010

မိတ်ဆွေကောင်းနှင့်တူသော သမီး

ကျွန်မသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ မင်္ဂလာဒုံမြို့နယ် မြန်မာစာဌာနမှ ဌာနမှူးတဦး ဖြစ်ပါသည်။ တနေ့ ဌာနတွင်ရှိနေခိုက် မြန်မာစာဌာနသို့ တယ်လီဖုန်းဝင်လာပါသည်။ ကျွန်မလည်း ဖုန်းပြန်ဆက်ရာ ဌာနတွင် တာဝန်ထမ်းဆောင်နေသော ဌာနမှ နည်းပြဆရာမ ဒေါ်ဝါ၀ါအောင်ထံမှ ဖုန်းဖြစ်နေသည်။ ဒေါ်ဝါ၀ါအောင်က သူ၏မိခင်ကြီး အသည်းအသန်ဖြစ်၍ ယနေ့မလာနိုင်ကြောင်းနှင့် ခွင့်တင်ကြောင်းကို ဖုန်းဖြင့် ခွင့်တင်ပါသည်။

ထိုညနေတွင် ဌာနမှ ဗိုလ်ကြီးတဦးက ဒေါ်ဝါ၀ါအောင်၏ မိခင် ဆုံးသွားကြောင်း၊ သေဆုံးသူ၏ ဆန္ဒအရ ချက်ချင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သတင်းပေးပါသည်။
ကျွန်မသည် နောက်တနေ့နံနက်တွင် ဆရာမလေး ဒေါ်ဝါ၀ါအောင် အိမ်သို့ သွားခဲ့ပါသည်။ ကျွန်မတို့ ဆရာမဒေါ်ဝါ၀ါအောင်အိမ်သို့ ရောက်လျှင် ဒေါ်ဝါ၀ါအောင်သည် သူမ၏ဖခင်၊ အကိုနှင့် ဆွေမျိုးများ၏ အလယ်တွင် ဣနြေ္ဒရရ ထိုင်နေလျက် သူ၏မိခင် ကွယ်လွန်ပုံကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောပြခဲ့ပါသည်။ မိခင်ကြီးသေဆုံးချိန် အပူမီးတက်နေချိန်တွင် လာရောက်သော ပရိသတ်အား မိခင်၏ ဇီဝိန်နောက်ဆုံးချုပ်ပုံကို ပြောပြနေသည်မှာ မှတ်သားစရာ၊ တရားသံဝေဂရစရာ၊ အားတက်စရာ၊ သင်ခန်းစာ ယူစရာ ကောင်းလှပါပေသည်။

ထို့ကြောင့် ဒေါ်ဝါ၀ါအောင်အား အဖြစ်အပျက်ကို ရေးသားပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ သို့ဖြင့် တပတ်ခန့်အကြာတွင် ဒေါ်ဝါ၀ါအောင်က ရေးပေးသဖြင့် သူမ၏ ရေးသားချက်ကို တင်ပြအပ်ပါသည်။
( ဒေါ်ခင်အုန်းသန်း)

( ဒေါ်ဝါ၀ါအောင်-၏ တင်ပြချက်)
အမေသည် အသက် ၅၅-နှစ်ကျော်ပြီးနောက် ကျန်းမာရေး ချို့ယွင်းခဲ့သည်။ အမေ၏ ကျန်းမာရေးမှာ အမျိုးသမီးရောဂါ၊ သွေးဆုံးပြီးချိန်နှင့် အာရုံကြောအားနည်းခြင်း လေဖြန်းသည့်သဘောများ ပါဝင်သည်။ ထိုကဲ့သို့ ကျန်းမာရေးညံ့ခဲ့သည့် အချိန်များမှစ၍ အမေသည် သူ၏ကျန်းမာရေးအတွက် ဆရာဝန် အမျိုးမျိုးကို အားကိုးတကြီးနဲ့ ချဉ်းကပ်ခဲ့သည်။ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားခဲ့သည်။

အမေ၏ ကျန်းမာရေးမှာ အိပ်ရာထဲ လဲနေရာသောလူနာသဘောမျိုးလည်း မဟုတ်ပါ။ ထူထူထောင်ထောင်နဲ့ပင် သွားနိုင် လာနိုင်သော ရောဂါသည် ဖြစ်ပါ၏။ ချွင်းချက်တခုမှာ အရင်က ၀၀တုတ်တုတ်ရှိခဲ့ရာမှ ကျန်းမာရေးညံ့ပြီးနောက်ပိုင်း ပိန်ပိန်ပါးပါး ဖြစ်နေခြင်းတခုသာ ဖြစ်သည်။

အမေသည် အားကိုးတကြီးဖြင့် တိုင်းရင်းဆေးဆရာများပါမကျန် ဘက်စုံကုသခဲ့သည်။ သို့သော်လည်း လုံးဝပျောက်ကင်းသွားသည် မရှိခဲ့ပါ။ သို့ဖြင့် ဆေးဆရာများကို အားကိုးတကြီးဖြင့် ဖက်တွယ်ရင်း၊ တဖက်ကလည်း တရားဘာဝနာများကို တတ်နိုင်သလောက် ကြိုးစားအားထုတ်ရင်း ဖြေဖျောက်ခဲ့သည်။

ဤသို့ အသက်ကလေးရှည်အောင် စောင့်ရှောက်ရင်း အသက် ၅၈-နှစ်ဝန်းကျင်လောက်တွင် ဆေးကုသခြင်းဖြင့် အားကိုးရှာနည်းကို လျှော့ချခဲ့ပြီး တရားဘာဝနာ ၀ိပဿနာအလုပ်ကိုပင် တစိုက်မတ်မတ် တတ်နိုင်သလောက် ကြိုးစားပါသည်။ သူ၏ အားကိုးရာအစစ်မှာ ရတနာသုံးပါးနှင့် ၀ိပဿနာအလုပ်သာလျှင်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိလာပုံရပါသည်။

သူ၏သေခြင်း၊ ရှင်ခြင်းနှင့် ပတ်သက်၍လည်း သိပ်ပြီး ၀မ်းနည်းကြေကွဲသည့် အမူအရာ၊ စိတ်ပျက်အားငယ်သည့် အနေအထား၊ စိုးရိမ်ကြောင့်ကြသည့်အသွင်မျိုး အမေ့တွင် မရှိတော့သလောက် ဖြစ်နေသည်ကို သတိထားမိပါသည်။ ထို့အပြင် နှုတ်ကလည်း ကျွန်မတို့မောင်နှမ ၃-ယောက်လုံးနှင့် သူ၏ခင်ပွန်း (ကျွန်မအဖေ) အား သူသေခဲ့လျှင် ချက်ချင်းသာ အသုဘချပြီး မီးသင်္ဂြိုဟ်ပစ်ရန် မှာကြားသည်။ ကြုံကြိုက်သည့်အခါတိုင်း ဤစကားကို ထည့်သွင်းပြောဆိုသည်။

အမေသည် သူ၏သေခြင်းတရားအတွက် ကြံ့ကြံ့ခံနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ချိန် ၁၀-နှစ်နီးပါး ရရှိခဲ့သည်။ သူ၏နောက်ဆုံး ရွေးချယ်မှုအစစ်အမှန်သည် ရတနာသုံးပါးနှင့် ၀ိပဿနာတရားအလုပ်သာ ဖြစ်သည်ကို ခံယူထားပုံရသည်။ အံ့ချီးဖွယ်ကောင်းလောက်အောင် အသိအမြင်မှန်များ ပြောင်းလဲသွားသည်။

အမေ၏ လူ့ဘ၀လောကကြီးကို နောက်ဆုံးခွဲခွာခဲ့သောနေ့တွင်ပင် အမေသည် ကျွန်မတို့အား တရားနှင့် သက်သေပြသွားခဲ့သည်။ ၁၆-၁၁-၀၆ ကြာသပတေးနေ့ နံက်စောစောတွင် အမေသည် သူ၏ နေ့စဉ်လုပ်နေကျ ဘုရားဝတ်ပြုခြင်း၊ တရားအားထုတ်ခြင်း ပြုသည်။ နောက်နံနက်စာစားရန် မုန့်များဝယ်ပြီး ကျွန်မနှင့်အဖေအား ကျွေးသည်။ ထို့နောက် နံက်တိုင်း ဆွမ်းလောင်းလေ့ရှိသော အမေသည် ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးကို ဆွမ်းလောင်းရန် စောင့်မျှော်သည်။ ထိုအချိန်မရောက်မီ ၉း၃၀ လောက်တွင် အမေသည် သူ့ဗိုက်ထဲ၌ အောင့်ကြောင်း နှုတ်ကတချက် ဖွင့်ဟပြောသည်။ ထို့နောက် သူဆွမ်းလောင်းရန် စောင့်မျှော်နေကျ ခုံနေရာမှထ၍ အိမ်ထဲသို့ဝင်ပြီး ပြောင်းထိုင်သည်။

ထိုသို့ အမေဗိုက်ထဲမှ အောင့်သည်မှာ လေထိုးလေအောင့်သည်ထင်၍ အိမ်နီးချင်းမှ အဒေါ်ကြီးက အမေ့ရင်ဘတ်ကို အသာဖိလျက် ညင်သာစွာ နှိပ်နယ်ပေးသည်။ အမေက သက်သာသွားကြောင်း သူတပါးစိတ်ချမ်းသာအောင် ပြောနေသော်လည်း သူ၏မျက်နှာမှာ ချွေးစေးများပြန်ပြီး အင်္ကျီတွင် ချွေးများရွှဲလာသည်။

သူ့ကိုအင်္ကျီလဲပေးရန် သမီးဖြစ်သူ ကျွန်မကို ပြောဆိုသည်။ အင်္ကျီလဲပေးလျှင်လည်း ခပ်ချောင်ချောင် ခပ်ပွပွအင်္ကျီကို လဲပေးရန် ဆက်လက်ပြောသေးသည်။ ကျွန်မက အမေ့ကိုကြည့်၍ အားမရဖြစ်နေပြီး ဆရာဝန်ပင့်ရန် ထွက်သွားသည်။ ထိုအချိန်တွင် အမေက ဆရာဝန် မခေါ်ပါနဲ့၊ သက်သာသွားပါပြီ-ဟု ပြောသည်။ သို့ရာတွင် အမူအရာမှာ အားရဖွယ်မရှိသဖြင့် ကျွန်မသည် ဆရာဝန်ပင့်ရန် အိမ်မှပြေးထွက်ခဲ့သည်။ အမေသည် သူ၏ နောက်ဆုံးအချိန်တွင် ဆေးရုံတင်မှာကို လုံးဝသဘောမတူကြောင်း ယခင်က မကြာခဏ ပြောဖူးသည်။ သို့သော် ကျွန်မသည် အမေ့အတွက် ဆရာဝန်ကို ရအောင်ပင့်ခဲ့သည်။

ဆရာဝန်ကြွလာပြီး အမေ့ကို ဆရာဝန်က မေးမြန်းသောအခါ အမေက တတ်နိုင်သလောက် အလိုက်သင့် ပြန်ပြောသေးသည်။ ထို့နောက် ဆရာဝန်က ဆေးထိုးပေးပြီးနောက် ဆေးခန်းသို့ ဆေးလိုက်ယူရန် မှာကြားသည်။ ထိုအခါ ကျွန်မ၏အဖေက လိုက်သွားပြီး ဆေးယူလာခဲ့ပါသည်။ အဖေပြန်လာသည်အထိ အမေသည် သိပ်ပြီး ဝေဒနာပြင်းထန်သည့်အမူအရာ မတွေ့ခဲ့ပါ။ အမေ့ကို ဆရာဝန်က ဘာမှာသလဲ မေးကြည့်တော့ နှလုံးကို ဓာတ်မှန်ရိုက်ကြည့်ရန် မှာသွားကြောင်း ပြောပြသည်။

ထို့နောက် တအောင့်ကြာသော် အမေသည် ဝေဒနာပြင်းထန်လာသလား မသိပါ။ လူးလိမ့်ပြီး ဟိုဘက်စောင်းလိုက် ဒီဘက်စောင်းလိုက်နှင့် အမူအရာပျက်နေသည်။ နှုတ်က လုံးဝဖွင့်ပြောခြင်း၊ ညည်းညူခြင်း မရှိခဲ့ပါ။ ထိုအချိန်တွင် ဆွေမျိုးတယောက် မင်္ဂလာဆောင်သို့လာရင်း လမ်းကြုံပြီး သတင်းကြား၍ သူ၏အမေကြီးနှင့် ယောင်းမအငယ်ဆုံးတို့လည်း အိမ်သို့ ရောက်နှင့်နေကြပြီ။ ထိုဧည့်သည်များကိုလည်း ပြုံးပြနှုတ်ဆက်ပြီး သူသက်သာသွားကြောင်း၊ သွားစရာကိစ္စရှိပါက သွားကြရန် နိုင်သလောက်အင်အားလေးနှင့် ပြောနေရှာပြန်သည်။ အမေ၏အခြေအနေမှာ သူက ပြုံးပြနှုတ်ဆက်နေသော်လည်း သူ့ကို ကြည့်နေရသော ကျွန်မတို့မှာ အမေ့ကို စိုးရိမ်လာမိကြသည်။ ထို့နောက် ကျွန်မလည်း ကျွန်မအားထုတ်ခဲ့ဖူးသော တရားဘာဝနာ သဘောတရားလေးများကို အမေ့အား ပြောပြပြီး အားပေးနေမိပါသည်။

ထို့နောက် အမေသည် သူ၏ သားကြီး ကျွန်မ၏အကိုဖြစ်သူ လာသောအခါ သူ့လက်ထဲ၌ စွပ်ထားသော လက်စွပ်ကို သူကိုယ်တိုင်ချွတ်၍ ပေးလိုက်ပြီး ပြုံးပြသည်။ သူသည် ဝေဒနာများ ပြင်းထန်နေသော်လည်း သူ၏မျက်နှာအမူအရာမှာ သိပ်ပြီး ပျက်ယွင်းသွားသည့်အသွင် မတွေ့ရပါ။ ကျွန်မတို့မှာ မှန်းဆရ ခက်လှပါသည်။

သို့သော် ကျွန်မအကိုကြီးကို လက်စွပ်ချွတ်ပေးသည့်အခါ ကျွန်မသည် အမေ့အတွက် အလွန်စိုးရိမ်စိတ် ဖြစ်မိသွားသည်။ ထို့ကြောင့် အမေ၏ လဲလျောင်းနေရာ ခေါင်းရင်းညာဘက်ခြမ်းဘေး နားဘက်သို့ တိုး၍သွားပြီးလျှင် အမေ့နဖူးရှိ ဆံစလေးများကို သပ်တင်ပေးရင်း ကျွန်မတတ်နိုင်သလောက် တရားအတွေ့အကြုံ၊ ကြားဖူး၊ မှတ်သားဖူးသော တရားဘာဝနာ စကားများကို နှုတ်က တတွတ်တွတ် ပြောပြနေမိပါတော့သည်။ ထို့ပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတိပ်ခွေကိုလည်း ဖွင့်ပေးထားပါသေးသည်။ ကျွန်မက အမေ့အား ဘုရားသည်သာ အားကိုးစရာ၊ တရားသည်သာ အားကိုးစရာဖြစ်ကြောင်းနှင့် အမေ့တွင် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာအလုပ်များ လစဉ်ပြုကျင့်ခဲ့ပြီးဖြစ်ကြောင်း၊ အမေပြုလုပ်အားထုတ်ခဲ့သော တရားများမှာ ဤကဲ့သို့သောအချိန်တွင် ရင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း၊ ရုပ်နာမ်သဘောတရားတို့နှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို အထူးဆင်ခြင် ရှုမှတ်ရန် သတိပေးပါသည်။

ကျွန်မတတ်နိုင်သလောက် ပြောဆိုနေချိန်တွင် အမေသည် ငြိမ်သက်စွာ နားထောင်ပြီး အာရုံစူးစိုက်နေပုံရပါသည်။ အမေသည် သူ့လက်တဖက်ကိုကိုင်၍ နှိပ်နယ်ပေးနေသော သားကြီး၏လက်ထဲမှ အင်အားချိနဲ့စွာ ရုန်းထွက်ရင်း ညာဘက်စောင်းလျက် အခြားလက်တဖက်ဖြင့် ယှဉ်ကပ်ရန် ကြိုးစားရှာသည်။ ကျွန်မက အမေ ဤသို့ကြိုးစားဟန်ပြင်သည်ကို သိ၍ အမေ့လက်နှစ်ဖက်ကို ပူးကပ်ပေးသည်။ ထို့နောက် အမေ့ကို အမေ ဘုရားကို အာရုံပြုတာလား-ဟု မေးကြည့်သည်။ အမေက ခေါင်းကလေးလှုပ်ပြသည်။ ထို့နောက် အမေသည် မည်သည့်အချိန်တွင် ဇီဝိန်ချုပ်သွားသည်ကို မသိလိုက်ရအောင် ညင်သာလွန်းလှပါသည်။ သူ၏လည်ပင်းသွေးကြောလေးများ လှုပ်နေချိန်ထိ ကျွန်မကြည့်နေရင်း တရားပို့ပေးနေသည်မှာ ၁၀-မိနစ်၊ ၁၅-မိနစ်ခန့်ရှိမည် ထင်ပါသည်။ ထိုအချိန်တလျှောက်လုံးတွင် အမေသည် အေးဆေးတည်ငြိမ်သွားသည်မှာ ဇီဝိန်ထွက်သွားသည့်အချိန်ထိ ဖြစ်နိုင်ပါသည်။

ကျွန်မ မှန်တာကိုဝန်ခံရလျှင် ကျွန်မတို့သည်ပင် အမေကဲ့သို့ သေမင်းနှင့် ရင်ဆိုင်ရမည့်အချိန်တွင် အမေကဲ့သို့ အသေကောင်းအောင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောသကဲ့သို့ ပြုံးသေ-သေနည်းမျိုး သေနိုင်အောင်၊ သေတတ်အောင် ကြိုးစားရဦမည် ဖြစ်ပါသည်။ အမေသည် ကျန်ရစ်သူ ကျွန်မတို့အားလုံးအတွက် စံနမူနာ ယူထိုက်စွာဖြင့် အားကိုးစရာအစစ်အမှန်မှာ ရတနာသုံးပါးနှင့် ၀ိပဿနာတရားသာဖြစ်ကြောင်း လက်တွေ့ရင်ဆိုင်ပြသွားခဲ့ပါပြီ။

ကျွန်မတင်ပြချင်သည်မှာ ခဏတာအတွင်းမှာ လူ့ဖြစ်ခဲ့ရသော လူ့ဘ၀ကလေးတွင် မိမိဘ၀အတွက် နေတတ်၊ သေတတ်ဖို့ရန်မှာ အရေးကြီးလှပါသည်။ မိမိ၏နောက်ဆုံးအချိန်အတွက် တကယ်လိုက်ပါသယ်ယူသွားနိုင် သည်မှာ မိမိပြုကျင့်သော ကုသိုလ်တရား၊ ၀ိပဿနာတရားတို့သည်သာ ဖြစ်ပါသည်။ အမေကွယ်လွန်သွားသော်လည်း အမေသည် သူ့အတွက် အဖိုးထိုက်တန်သော ရတနာထုပ်ကြီးကို ပိုင်ပိုင်နိုင်နိုင် သယ်ဆောင်သွားပြီဆိုတာကိုတော့ ကျွန်မ ကောင်းကောင်းကြီး ယုံကြည်မိပါတော့သည်။

အမေ၏အမည်သည် ဒေါ်မြင့်ရီ ဖြစ်သည်။ မိုးကုတ်ယောဂီတဦး ဖြစ်သည်။ ၁၆-၁၁-၀၆ နေ့တွင် ကွယ်လွန်ပါသည်။ ကွယ်လွန်ချိန်၌ အသက် ၆၂-နှစ် ရှိပါသည်။( ဒေါ်ဝါ၀ါအောင်)

ဒေါ်ခင်အုန်းသန်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: