Monday, March 22, 2010

ပျက်အစဉ် ပြင်ခဏ

ဘ၀အကြောင်းမကောင်း၍ အကုသိုလ်အလုပ်၌ ကျင်လည်ခဲ့ရဖူးသော်လည်း အကုသိုလ်ဝဲဂယက်မှ ရုန်းထွက်ပြီး ကုသိုလ်အမှုကို ထိုက်ထိုက်တန်တန်လုပ်ပြသော အောက်ပါပုဂ္ဂိုလ် ၂-ယောက်သည် ပျက်အစဉ် ပြင်ခဏ-
ဟူသော စကားပုံကို သက်သေပြနိုင်ခဲ့သည်။

(လင်းဆင်းဟတ်)
ပထမပုဂ္ဂိုလ်မှာ လင်းဆင်းဟတ် ၂၈-နှစ်ဖြစ်သည်။ သူသည် အသက် ၁၅-နှစ်၌ အဖော်ကောင်း၍ ဒုစရိုက်ဂိုဏ်းတခုထဲသို့ ၀င်မိသည်။ ရာဇ၀တ်မှု အသေးစားကလေးများ ကျူးလွန်၍ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့ရသည်။ အသက် ၁၉-နှစ်အရွယ်တွင် ပြစ်မှုများကျူးလွန်ရာမှ ငြီးငွေ့လာ၍ ဂိုဏ်းကထွက်ပြီး သူ့မိခင်ထံ ပြန်လာခဲ့သည်။

သူတို့သားအမိသည် မလေးရှားနိုင်ငံ၊ ကူချင်းမြို့ရှိ ရပ်ကွက်တခု၌ နေထိုင်သည်။ ထိုနေရာ၌ သူသည် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် နေထိုင်သည်။ သို့သော် သူ၏ အတိတ်က အမဲစက်ကြောင့် လူတွေက သူ့ကို အထင်သေးအမြင်သေးနေကြသည်။

ညနေခင်းတခုတွင် သူနေထိုင်ရာမြို့၌ မိုးအကြီးအကျယ် ရွာသည်။ သူတို့ရပ်ကွက်ထဲက ရေနုပ်မြောင်းကကြီးပြီး အလွန်ရေစီးသန်နေသည်။ ထိုစဉ် ရေမြောင်းကြီးဘေးမှာ လူတွေဝိုင်းအုံနေကြသည်။ လင်းဆင်းဟတ်၏ အိမ်နီးချင်း အသက် ၃၅-နှစ်ရှိ လိုရီယန်လင်း ဆိုသူ၏ အသက် ၂၃-လသာရှိသေးသည့် သားကလေး မြောင်းထဲကျသွားသဖြင့် လူများ ၀ိုင်းအုံကြည့်နေကြသည်။ သို့သော် လူအုပ်ကြီးထဲက မည်သူမျှ ဆင်းမကယ်ဝံ့ကြပါ။

ဤတွင် လင်းဆင်းဟတ်သည် အသက်စွန့်၍ ရေစီးသန်ပြီး ကြီးမားလှသည့်မြောင်းကြီးထဲ ဆင်းသွား၍ ရေငုပ်သွားသည်။ ကလေးကို ကြိုးစားကယ်တင်သည်။ ပထမအကြိမ် သူရေပေါ်သို့ ပေါ်လာသောအခါ ကလေးပါမလာသေး။ ကလေးကို မရှာနိုင်သေးပါ။ ဒုတိယအကြိမ် ထပ်ငုပ်ပြီး ရှာသောအခါမှ ရေအောက်တွင် ရေနုတ်ပြွန်တခုနှင့်ငြိနေသော ကလေးကို ရှာတွေ့ပါတော့သည်။

သို့ဖြင့် ကလေးကို ပွေ့ချီပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ကလေးသည် ရေအောက်၌ ၇-မိနစ်ခန့် နေခဲ့ရသည်။ သို့သော် ရှေးဦးသူနာပြုကြောင့် အသက်ရှင်ခဲ့သည်။
ဤအပြုအမူအတွက် သက်ဆိုင်ရာက လင်းဆင်းဟတ်ကို ဂုဏ်ပြုလွှာတခု ချီးမြှင့်ခဲ့သည်။ လင်းဆင်းဟတ်ကတော့ တသက်လုံး ကောင်းကောင်းနေသွားမည်ဟု ဆိုသည်။ သူသည် ကောင်းမှုတွေကို တတ်အားသမျှလုပ်ပြီး သူ၏ အတိတ်အကုသိုလ်များအတွက် ပေးဆပ်သွားမည်ဟု ဆိုရာ အားလုံး ၀မ်းသာမဆုံးရှိကြသည်။


(တန်ဂျက်ချူး)
ဒုတိယပုဂ္ဂိုလ်တဦးမှာ စင်ကာပူနိုင်ငံမှ တန်ဂျက်ချူး (၆၄)နှစ် ဖြစ်သည်။ လွန်ခဲ့သည့် ၁၅-နှစ်ခန့်က သူ၏အ၀တ်အထည်ရောင်းသည့် ဆိုင်ကလေးသည် အရှုံးပေါ်၍ ပိတ်လိုက်ရသည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်သော တန်ဂျက်ချူးသည် လုယက်၊ ခါးပိုက်နှိုက် စသည့် ရာဇ၀တ်မှု အသေးစားကလေးများကို လုပ်ကိုင်၍ ဘ၀ရပ်တည်ခဲ့သည်။ ယင်းသို့ရှိရာမှ သတိတရားရကာ သူသည် လွန်ခဲ့သော ၂-နှစ်ခန့်မှစ၍ ဒုစရိုက်မှုကို စွန့်လွှတ်ပြီး ဖိနပ်ချုပ်သင်ခဲ့သည်။

ထို့နောက် သူသည် ဖိနပ်အပေါက်အပြဲများကို ဖာထေးခြင်း၊ ချုပ်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ဤအချိန်တွင် သူသည် ဆင်းရဲသော်လည်း ကောင်းမှုကို စတင်လုပ်ဆောင်ပါတော့သည်။ စိတ်ဝင်စားသူတိုင်းကို ဖိနပ်ချုပ်ပညာ အခမဲ့သင်ကြားပေးသည်။ အသက် ၇၀-နှင့်အထက်များ၊ ဒုက္ခိတများ၏ ဖိနပ်များကိုမူ အခမဲ့ပြုပြင်ချုပ်ပေးသည်။ တန်ဂျက်ချူးသည် လွန်ခဲ့သော နှစ် ၅၀-ခန့်ကတည်းက တရုတ်ပြည်မှ စင်ကာပူသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ သူ၏ ဇာတိရွာတွင် အသက်ကြီးသူတွေကို လေးစားရသော ထုံးစံရှိခဲ့၍ အသက်ကြီးသူများကို ဂါရ၀ပြုပြီး ဖိနပ်အလကားချုပ်ပေးခြင်း ဖြစ်သည်ဟု ပြောသည်။ အချို့က အားနာ၍ အလကားချုပ်ပေးခြင်းကို လက်မခံလိုကြပေ။ ထိုအခါ သူက သူ့ကို ကုသိုလ်လုပ်ခွင့်ပြုပါဟုပြောပြီး လက်ခံအောင် ပြောဆိုနိုင်ခဲ့သည်။

တန်ဂျက်ချူးတွင် အသက် ၅၂-နှစ်အရွယ် ဇနီးနှင့် အသက် ၂၁-နှစ်၊ ၁၈-နှစ်အရွယ် အသီးသီးရှိသော သားသမီး ၂-ယောက်ရှိသည်။ သူတို့သည် ကျောင်းတက်ဆဲဖြစ်သည်။ ဇနီးသည်က စူပါမားကက်တခုတွင် အလုပ်လုပ်ပြီး ခင်ပွန်းသည်၏ ကုသိုလ်ကို အားပေးဂုဏ်ယူသည်။ သူတို့သည် မရှိဆင်းရဲသည့်ကြားမှပင် ဤသို့တတ်အားသရွေ့ ကုသိုလ်ပြုခြင်း ဖြစ်သည်။

အထက်ပါ သာဓကနှစ်ခုသည်ကား အကုသိုလ်နွံဟူသည် ရုန်းထွက်နိုင်သည်ဟူသော သင်ခန်းစာပင် ဖြစ်ပါသည်။

(ဒေါက်တာထွန်းဝင်း)
Reader's Digest July, 1996

(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

No comments: