Monday, April 12, 2010

သာမာဝတီ

ဃောသကသူဌေး ဇနီးမောင်နှံသည် ကောသမ္ဗီမြို့တော်တွင် နေထိုင်ကြသည်။ သူတို့သည် ဘဒ္ဒ၀တီမြို့၌ နေထိုင်ကြသော အခြားသူဌေး ဇနီးမောင်နှံနှစ်ဦးနှင့် ခင်မင်ရင်းနှီးကြသည်။ ထိုဘဒ္ဒ၀တီမြို့နေ သူဌေးမောင်နှံတွင် သမီးပျိုတဦးရှိသည်။ သာမာဝတီဟု အမည်တွင်သည်။ ရုပ်ရည် အလွန်လှပတင့်တယ်သည်။ စိတ်နှလုံး ဖြူစင်သည်။

တနေ့တွင် ဘဒ္ဒ၀တီမြို့၌ ကူးစက်တတ်သော ကပ်ရောဂါဆိုးကြီး ကျရောက်သည်။ လူအများ သေကျေပျက်စီး ကြသည်။ သူဌေးမောင်နှံသည် ဘဒ္ဒ၀တီမြို့တွင် မနေ၀ံ့ကြတော့။ သာမာဝတီကိုခေါ်၍ ကောသမ္ဗီမြို့သို့ လှည်းဖြင့် ထွက်ပြေးလာကြသည်။ သူတို့သည် အသက်လု၍ ပြေးလာခဲ့ကြရသဖြင့် ရိက္ခာအနည်းငယ်သာ ပါလာသည်။ ထိုရိက္ခာသည်လည်း လမ်းမှာပင် ကုန်ခဲ့သည်။ ခရီးကလည်း ကြမ်းသည်။ ရိက္ခာကလည်း ကုန်ပြီ။ သူတို့မိသားစု သည် များစွာဒုက္ခရောက်ကြရှာသည်။

ကောသမ္ဗီမြို့တော်သို့ရောက် မြို့တံခါးအနီးရှိ ဇရပ်တွင် ခေတ္တတည်းခိုကြသည်။ ဖခင်သူဌေးက ဇနီးနှင့်သမီးအား ညှိုးမှိန်နွမ်းလျလှသော ရုပ်သွင်ဖြင့် မိတ်ဆွေဃောသက သူဌေးထံ ငါတို့သွားရောက်ရန် မသင့်သေး။ တရက် နှစ်ရက်မျှ သည်မှာ နားနေကြမည်။ မိတ်ဆွေ ဃောသကသူဌေးသည် နေ့စဉ်အလှူပေးနေသည်။ ငါ့မိတ်ဆွေ၏ အလှူထမင်းကိုစား၍ ရုပ်ရည်လက္ခဏာ ကြည်လင်လာမှ မိတ်ဆွေထံသွားမည်-ဟု ပြောဆိုသည်။ သို့ဖြင့် သူတို့မိသားစုသည် ဇရပ်တွင် ခေတ္တခိုလှုံနေကြသည်။

သာမာဝတီမှာ ယခင်က သူဌေးသမီးဖြစ်သော်လည်း ယခု သူဆင်းရဲမဖြစ်နေပြီ။ သူသည် မိသားစု စားသောက်ရန် ခွက်လက်စွဲ၍ ဃောသကသူဌေး၏ အလှူမဏ္ဍပ်သို့သွားသည်။ သုံးယောက်စာ ထမင်းဟင်းများ တောင်းယူလာခဲ့သည်။
ဖခင်သည် သမီးတောင်းလာသော ထမင်းဟင်းတို့ကို မွတ်သိပ်လှစွာဖြင့် စားသောက်သည်။ အစာမကြေရောဂါရကာ အရုက်တက်ချိန်တွင် သေဆုံးသွားလေသည်။

သာမာဝတီသည် နောက်တနေ့တွင် အလှူမဏ္ဍပ်သို့ သွားပြန်သည်။ နှစ်ယောက်စာ ထမင်းဟင်းများကို တောင်းယူခဲ့သည်။ မိခင်သည် ထိုထမင်းဟင်းတို့ကို စားသည်။ ခင်ပွန်းသည်နည်းတူ အစာမကြေ ရောဂါ ရပြန်သည်။ ထိုညမှာပင် သေဆုံးသွားရှာပြန်သည်။

သာမာဝတီသည် တယောက်တည်း ကျန်ရစ်သည်။ သူသည် မျက်ရည်ကိုသုတ်လျက် အလှူမဏ္ဍပ်သို့ သွားပြန်သည်။ တယောက်စာ ထမင်းဟင်းများကိုသာ တောင်းသည်။
အလှူမဏ္ဍပ်သို့ မိတ္တသူကြွယ်သည် ကြီးမှူးဆောင်ရွက်လျက်ရှိသည်။ သာမာဝတီ၏ ထူးခြားသော အပြုအမူကို သတိပြုမိသည်။ မကျေမနပ်ဖြစ်ကာ ဟယ်-မိန်းမယုတ်၊ သင်သည် ယနေ့မှသာ တယောက်စာကို တောင်းယူသလော၊ ယခင်နေ့များက သုံးယောက်စာ၊ နှစ်ယောက်စာ တောင်းယူခဲ့သည်။ လောဘကြီးလှသည်။ ယနေ့မှ သင့်ဝမ်းပမာဏကို သိသလော-ဟု ပြောဆိုကြိမ်းမောင်း၏။

သာမာဝတီသည် ငိုကြွေးလျက် ဖြစ်ရပ်မှန်ကို ပြောပြလိုက်သည်။ မိတ္တသူကြွယ်သည် နောင်တကြီးစွာ ရသွားသည်။ သာမာဝတီကို အိမ်သို့ခေါ်သွား၍ သမီးအဖြစ် မွေစားထားလေသည်။
သာမာဝတီသည် ဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်သည်။ ရှေးယခင်က အလှူမဏ္ဍပ်သို့ တောင်းရမ်းလာသူတို့သည် ဆူညံစွာ စုပြုံတိုးဝှေ့ကြသည်ကို သတိပြုမိသည်။ ထို့ကြောင့် ဖခင်သူကြွယ်ကို ခွင့်ပန်ကာ အဆင်ပြေအောင် စီစဉ်သည်။ အလျှူမဏ္ဍပ်ကို အလုံကာရံပြီးလျှင် တယောက်ချင်း ၀င်သာထွက်သာရုံ ပြုသည်။ အလှည့်ကျ တောင်းယူနိုင်အောင် စနစ်တကျ ဆောင်ရွက်ပေးသည်။ ထိုအခါ တောင်းရမ်းသူတို့မှာ ဆူညံစွာ တိုးဝှေ့ရန် မလိုတော့။ ငြိမ်သက်စွာ တောင်းယူနိုင်တော့သည်။

ထိုအခြင်းအရာကို ဃောသကသူဌေး တွေ့မြင်သော် နှစ်သက်သဘောကျသဖြင့် မိတ္တသူကြွယ်ကို ခေါ်၍ မေးသည်။ မိတ္တသူကြွယ်လည်း ဖြစ်ကြောင်းကုန်စင် ပြောပြသည်။
ဃောသကသူဌေးသည် သာမာဝတီသည် မိမိမိတ်ဆွေသူဌေး၏ သမီးဖြစ်ကြောင်း သိရသောအခါ မိတ္တသူကြွယ်ထံမှ တောင်းယူသည်။ သမီးကြီးအရာ၌ ထားလျက် ချစ်ခင်ကြင်နာစွာ ပြုစုစောင့်ရှောက်ထားလေသည်။

မကြာမီ နက္ခတ်သဘင် ဆင်ယင်ကျင်းပသောနေ့သို့ ရောက်လာသည်။ သာမာဝတီသည် အခြံအရံ မိန်းမငါးရာနှင့်အတူ နန်းတော်တွင်းပြင်ကိုဖြတ်၍ မြစ်ဆိပ်သို့ ရေချိုးသွားသည်။
ဥတေနမင်းကြီးသည် သာမာဝတီကို လေသာပြတင်းမှ လှမ်း၍မြင်လိုက်သည်။ ချက်ချင်းပင် မေတ္တာသက်ဝင်သွားသည်။ အမတ်တို့အား မေးမြန်းကြည့်ရာ အကြောင်းစုံ သိရှိသွားသည်။ ဃောသကသူဌေးထံ အမတ်တို့ကို စေလွှတ်၍ သမီးဆက်သရန် တောင်းဆိုစေသည်။

ဃောသကသူဌေးက သာမာဝတီကို ညှဉ်းပန်းနှိပ်စက်မည်စိုး၍ လက်မခံ၊ ငြင်းပယ်လိုက်သည်။ ဥတေနမင်းလည်း ဃောသကသူဌေးမောင်နှံကို မင်းမိန့်ဖီဆန်သည်ဆိုကာ ဖမ်းဆီးရန် အိမ်မှ ဆွဲထုတ်စေသည်။
သမီးလိမ္မာ သာမာဝတီက အမတ်တို့ကို တားမြစ်သည်။ လက်ရှိ အခြံအရံများနှင့်အတူ လိုက်ပါခွင့်ရပါလျှင် အကျွန်ုပ် လိုက်ပါပါမည်-ဟု ဆို၏။ မင်းကလည်း ခွင့်ပြုသည်။ ဃောသကသူဌေးသည်လည်း ကျေနပ်သွားသည်။ သို့ဖြင့် သာမာဝတီသည် ဥတေနမင်းထံ လိုက်ပါသွားရာ မိဖုရားဖြစ်လာလေသည်။

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ဧပြီလ )

No comments: