Friday, April 30, 2010

စေတနာမဲ့ ရောင်ပြန်

ရော့ - ရော့ ခင်ဗျားနေမကောင်းလို့ ကျွန်တော် ဆေးယူလာတယ်၊ ရေနွေးပူပူလေးနဲ့ သောက်ချလိုက်။ နွေးနွေးထွေးထွေးနေဗျ။
ညရေးညတာ ခင်ဗျား ဓာတ်မီးတလက်လောက်တော့ လိုမယ်ထင်တယ်နော်။ မနက်ဖြန်မှ ကျွန်တော်ဝယ်လာပေးမယ်။ မနက်စောစော ထဖို့၊ အဲ အချိန်သိရတာပေါ့ဗျာ၊ စားပွဲတင် နာရီတလုံးလဲ ၀ယ်ခဲ့ပေးဦးမယ်။

ဟာ-ခင်ဗျား ဒီစောင်ပါးလေးတထည်နဲ့ပဲ ခြုံအိပ်နေတာလား။ ညည အေးကအေးနဲ့ ကျွန်တော် စောင်တထည်ပေးမယ်။ ခြင်ထောင်လဲ ယူခဲ့မယ်။
ခင်ဗျား နက်ဖြန် ဘုန်းကြီးကျောင်း အလှူသွားစရာရှိတယ်ဆို။ ခင်ဗျားမိန်းမ ကျွန်တော့ကိုပြောတယ်။ ဆွေမျိုးအလှူတဲ့၊ တိုက်ပုံဝတ်စရာမရှိလို့ဆို။ ညနေ တခေါက်လာမှ ကျွန်တော့တိုက်ပုံနဲ့ စတစ်ကော်လံ အင်္ကျီအဖြူရယ် ပုဆိုးရယ် ယူခဲ့မယ်။ ဖိနပ်ရော ကျွန်တော်ဝယ်ခဲ့ပေးပါ့မယ်ဗျာ။

ခြံစောင့်ကြီးနှင့်တွေ့တိုင်း ပြောပြောနေသော ဖခင်ကြီး၏ စကားသံများ ဖြစ်ပါသည်။ ကျွန်မ၏ဖခင်ကြီးသည် မရှိဆင်းရဲသူတို့ လိုအပ်သည်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးတတ်သည်။ ယခုလည်း ကျွန်မတို့မိသားစု၏ တိုက်အိမ်ဆောက်နေစဉ် အလုပ်အကိုင်မရှိ၍ ခြံစောင့်လုပ်ပေးပါရစေဟု ဆိုလာသည်ကြောင့် ဖခင်ကြီးက လက်ခံပြီး စောင့်ခိုင်းထားခြင်း ဖြစ်ပါသည်။ ဖခင်ကြီးသည် တတ်နိုင်သည့် ငွေကြေးပမာဏနှင့် ခြံမြေကွက်ဝယ်ပြီး တိုက်အိမ်ဆောက်နေခြင်း ဖြစ်ပါသည်။

ဖခင်ကြီးမှာ စည်းကမ်းကြီး၍ သစ္စာရှိမှု၊ တိကျမှန်ကန်မှု အမြဲလိုလားသည်။ အလုပ်ကို ခိုကပ်ခြင်း၊ အချိန်ခိုးခြင်း၊ လိမ်ညာပြောဆိုခြင်း စသည်တို့ကို လုံးဝမနှစ်သက်။
တပါးသူကိုလည်း သူ့စိတ်အတိုင်း ဖြစ်စေချင်သည်။ ခြံစောင့်ကြီး၏အမည်မှာ ဦးကျော်အောင် ဖြစ်သည်။ မိန်းမနှင့် ကလေးသုံးယောက်ရှိသည်။ ထမင်းချိန်ဆို မိန်းမက ထမင်းလာပို့ပေးသည်။ ဖခင်ကြီးမှာ သူတို့မိသားစုအတွက် လခအပြင် ဆန်၊ ဆီ-နှင့် လိုအပ်သည်များကို ၀ယ်ပေးတတ်သည်။

လိုအပ်သည်များကလည်း ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ ကလေးတွေအတွက် ခဲတံ၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ မုန့်ပဲသရေစာ အများကြီးပါ။
ခြံစောင့်ကြီး ဦးကျော်အောင်သည် အလုပ်ကို ကြိုးစားလုပ်ဆောင်ပါသည်။ စည်းစနစ်လည်း ရှိပါသည်။ ယာယီဆောက်ထားသော ဂိုဒေါင်ထဲတွင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း စသဖြင့် သူ့နေရာနဲ့သူ စာရင်းအင်းနဲ့ မှတ်သားလို့ စနစ်တကျ ထားသိုတတ်သည်။ လုပ်ကိုင်ပြီးလို့ ပိုသည့် သစ်တိုသစ်စများ၊ သံချောင်း အပိုများကိုလည်း သပ်သပ်ရပ်ရပ် ပုံထားလေသည်။

ဤသည်မှာ ဦးကျော်အောင် ခြံစောင့်အလုပ်ဝင်ပြီး တလ၊ နှစ်လမှာ ဖြစ်ပါသည်။ နောက်ပိုင်း နေမကောင်း၍ လက်နာ၍ ခြေနာ၍ ခေါင်းမူး၍ စသဖြင့် အကြောင်အမျိုးမျိုးပြကာ ဦးကျော်အောင် အလုပ်ခိုပါတော့သည်။
အစပိုင်း ဖခင်ကြီးက ဦးကျော်အောင် အမှန်တကယ် ဖြစ်သည်ထင်ပြီး ခါတိုင်းကဲ့သို့ ဆေးဝယ်ပေး၊ ဆေးခန်းပြရန် ဆေးထိုးရန် ပိုက်ဆံပေးနှင့် ရှိနေခဲ့သည်။

ဆရာ၊ သစ်တိုသစ်စလေးတွေ ကျွန်တော့မိန်းမက ထင်းအတွက် သုံးဖို့လိုချင်တာ။ ဆရာ့ကို မပြောရဲလို့တဲ့။
ဦးကျော်အောင်ကလဲဗျာ၊ ပြောစရာ မလိုပါဘူး။ ဒီသစ်အပိုင်းအစတွေ ဘာမှ လုပ်လို့ရတာမှ မဟုတ်တာ။ ယူပါစေ။
နောက်ပိုင်း မိန်းမနှင့် ကလေးတွေ ထမင်းလာပို့ပြီး ပြန်ရင်ဖြင့် ဘိလပ်မြေနည်းနည်း၊ သဲလေးနည်းနည်း၊ သစ်တိုသစ်စအပြင် အသုံးပြုရမည့် ပေတိုသစ်ချောင်းတွေကိုပါ သယ်ယူကြောင်း အိမ်ဆောက်အလုပ်သမားတွေ သာမက အနီးဝန်းကျင်မှ တွေ့သည့်သူများက ဖခင်ကြီးကို တိုင်လို့ ပြောကြပါသည်။

သို့သော် ဖခင်ကြီးမှာ မျက်မြင်မဟုတ်သေး၍ ဘာမှမပြောဘဲ နေလိုက်သည်။ ဦးကျော်အောင် မူပျက်နေသည်ကိုတော့ ဖခင်ကြီးက ရိပ်မိနေကြောင်း ပြောပါသည်။
တနေ့ ဆောက်လက်စ အိမ်မကြီး၏အတွင်းတွင် တပ်ဆင်ထားသည့် သစ်ဖြတ်လွှစက် အသေးလေး ပျောက်သွားပါတော့သည်။
ဦးကျော်အောင်၊ ခင်ဗျား ဒီကိစ္စကို ဘယ်လိုရှင်းမလဲဗျ။

ဆရာရယ်၊ ညက ကျွန်တော် အတော်လေး နေမကောင်းတာနဲ့ အိပ်ပျော်သွားလို့ပါ။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆရာရယ်။ ကျွန်တော်တော့ စိတ်ညစ်တာပါပဲဗျာ။ သိကို မသိလိုက်တာပါ ဆရာရယ်။
ကျုပ်က ခင်ဗျားကို စိတ်ချလို့ ယုံလို့ သစ္စာရှိမယ်ထင်လို့ ခင်ဗျားကို ခိုင်းထားတာနော်။ ခင်ဗျား ကျွန်တော့်ခြံမှာလုပ်တာ ၄-လပြည့်တော့မယ်။ ကျွန်တော့ဘက်က ချို့ယွင်းတာ ဘာရှိလဲ။ ခင်ဗျားတင်မက ခင်ဗျားမိသားစု လိုအပ်တာကိုပါ ကျုပ်ဖြည့်ဆည်းပေးနေတာပဲ။ ဒီလိုဖြစ်တာ ခင်ဗျားမှာ တာဝန်အများကြီး ရှိတယ်။ ခင်ဗျားပေါ့လို့ ခင်ဗျားသစ္စာမရှိလို့ အခုလိုဖြစ်တာပေါ့ဗျ။

ဖခင်ကြီးမှာ အေးအေးဆေးဆေး ပြောနေရာမှ ဒေါသသံ အနည်းငယ် ပါလာသည်။
ဒီလိုတော့ မပြောပါနဲ့ဗျ။ ကျုပ်သေသေချာချာ ဂရုစိုက် လုပ်ကိုင်ပေးနေတာပဲ။ အခုဟာက ကျုပ် တကယ့်ကို မသိလိုက်လို့ ဖြစ်သွားတဲ့ကိစ္စပဲ။ ဆရာ ကျုပ်ကို မကျေနပ်ရင် ကျုပ်အလုပ်ကထွက်မယ်။
ခင်ဗျား ယူတဲ့သူကို မသိဘူးဆိုရင် သိအောင်၊ မိအောင် လုပ်ပေးရမှာပေါ့ဗျ မဟုတ်ဘူးလား။ ခင်ဗျားမှာ တာဝန်ရှိတာပဲ။

ဦးကျော်အောင်မှာ သူမှန်မှန်ကန်ကန် လုပ်နေသည်ကို အကြောင်းမဲ့ အပြစ်ရှာပြေနေသယောင်နှင့် ဖခင်ကြီးအား မကျေမနပ် ထန်ထန်မာမာ ဟန်မျိုးဖြင့် ကြည့်နေသည်။
အေးဗျာ၊ ခင်ဗျား တကယ်မသိဘူးဆိုရင်လည်း ကျွန်တော် ရပ်ကွက်လူကြီးတွေခေါ်ပြီး စခန်းမှာ ပစ္စည်းပျောက် အမှုဖွင့်လိုက်ပါ့မယ်။
ဖခင်ကြီး၏စကားကြောင့် ဦးကျော်အောင် မျက်စိမျက်နှာ ပျက်သွားသည်။
နေ နေပါဦး ဆရာ။ အမှုမဖွင့်ပါနဲ့ဦး။ ဒီ ၁-ရက် ၂-ရက် ကျုပ်ရအောင် စုံစမ်းကြည့်ပေးပါ့မယ်။

ခင်ဗျား တာဝန်ကျေပါစေနော်။ ဦးကျော်အောင်။ မနေ့ညနေ မှောင်ရီပျိုးစအချိန်တွင် ဦးကျော်အောင် ယောက်ဖ ထောင်ထွက် အရက်သမား ခြံထဲလာသွားကြောင်း ဦးကျော်အောင်နှင့် အရက်အတူ သောက်သွားကြောင်း ကပ်လျက်ခြံ ပလပ်စတစ်စက်ရုံအတွင်း နေထိုင်သော အလုပ်သမားတယောက်က ဖခင်ကြီးကို တိုးတိုးတိတ်တိတ် လာပြောပြသွားသည်။

ဦးကျော်အောင်တို့ မနှင်းခင်တို့ အိမ်မှာလေ ကျုပ်တော့ ဦးခြံကပစ္စည်းတွေပဲ ထင်ပါ့တော်။ ဆယ်ပေါက်အုပ်တွေများ မနည်းပါဘူး။ အိမ်ထဲမှာ စီထားတာ။ အိမ်ရှေ့ ကပြင်ကိုလဲ ဘိလပ်မြေကိုင်ထားတာပြောင်လို့၊ သစ်သားချောင်းတွေနဲ့လဲ ကွပ်ပျစ်လေး လုပ်ထားသေးတယ်။ ကောင်းမှကောင်း။ သူတို့အပြောကတော့ ပိုတဲ့ပစ္စည်းတွေ ဦးက ပေးလိုက်တာတဲ့။

ဟိုနေ့ညကလဲ ဦးကျော်အောင် ယောက်ဖ ပီနံအိတ်နဲ့ ပစ္စည်းတခုသယ်ပြီး သူတို့အိမ်က ထွက်သွားတာ ကျွန်မ တွေ့လိုက်တယ်။ နယ်ပြန်တယ်ပြောတာပဲ။ ကျွန်မထင်တာတော့ ဦးအိမ်က ပျောက်သွားတယ်ဆိုတဲ့ လွှစက်ပဲဖြစ်မှာပဲ။
ဦးကျော်အောင်တို့ အိမ်အနီးဝန်းကျင်မှနေသူ အချို့က ဖခင်ကြီးကို လာပြောကြခြင်း ဖြစ်သည်။ ဖခင်ကြီးကတော့ ခေါင်းတညိတ်ညိတ်နဲ့ ရှိနေသည်။

ဦးကျော်အောင် ခင်ဗျားလဲ နေမကောင်း ခဏခဏ ဖြစ်နေ၊ အလုပ်ကလဲ သိပ်မလုပ်နိုင်တော့ ကျွန်တော် ဒီမှာ လူအသစ်ခေါ်လာတယ်။
ဖခင်ကြီးမှာ ဦးကျော်အောင်ကို ဘာမှကြိုပြောမထားဘဲ ယခင်က သူ့အလုပ်တွင် တာဝန်ထမ်းဆောင်ဖူးသော အငြိမ်းစားဝန်ထမ်းတဦးကို ခြံစောင့်အဖြစ်ထားရန် ခေါ်လာသည်။
ကျုပ်ကို အလုပ်ကထုတ်တဲ့ သဘောပေါ့ ဟုတ်လား။
ဦးကျော်အောင်မှာ အတော်ခံပြင်းပြီး ဒေါသထွက်နေပုံရသည်။ အံကိုကြိတ်ပြီး လက်သီးများပင် ဆုတ်လို့ရှိနေသည်။

ဦးကျော်အောင် ပြန်စဉ်းစားပါ။ ဦးကျော်အောင် အလုပ်အပေါ် စိတ်မ၀င်စားတာ ကြာပြီပဲဗျာ။ ကျွန်တော် သိနေပါတယ်။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော်က မိသားစုချင်း ကိုယ်ချင်းစာပြီး နေနေခဲ့တာပါ။
မလိုပါဘူး။ ကျုက်ကလဲ ထွက်ချင်နေတာပါ။ ပြောရင်း ဦးကျော်အောင်က ပစ္စည်းတွေကို သိမ်းပြီး ဟိုဆောင့်ချ၊ သည်ဆောင့်ချ လုပ်သည်။ အကြမ်းပန်ကန်တလုံးပင် ကျကွဲသွားသည်။

ဦးကျော်အောင် ခင်ဗျား ကောင်းကောင်းမွန်မွန် ပြောဆိုလုပ်ကိုင်ပါ။ အေးအေးဆေးဆေး ထွက်သွားပါဗျာ။
ဖခင်ကြီး အေးဆေးနေသလောက် ဦးကျော်အောင်မှာမူ ထွက်ခါနီး ခြံဂိတ်ပေါက်ဝမှနေ၍ လက်သီးလက်မောင်းတန်းလို့ ဖခင်ကြီးကို ကြိမ်းဝါးသွားသည်။
ခင်ဗျားကြီး ကျုပ်အကြောင်း ကောင်းကောင်းသိမယ်။
ဤသို့ဖြင့် တပတ်ခန့် ကြာသွားသည်။
လမ်းဆုံမှာ ကားတိုက်တာ လူတယောက် ပွဲချင်းပြီးပဲတဲ့ဟေ့။
ဆိုက်သမားတယောက်၏ အော်ပြောသံ ဖြစ်သည်။
ထိုသူမှာ ဦးကျော်အောင်ပင် ဖြစ်နေတော့သည်။ စစ်မှန်သော စေတနာဖြင့် ထားရှိသော ကျေးဇူးရှင်အပေါ် သူ၏ စေတနာမဲ့ ရောင်ပြန်ပေပဲလား။

ဝါ၀ါထင်လင်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

No comments: