Friday, April 16, 2010

အစာနှင့် ကျန်းမာရေး

( ကော်ဖီ )
ဆေးဝါးကျွမ်းကျင်သူများက ကော်ဖီသည် သွေးတိုးရောဂါနှင့် နှလုံးရောဂါကို ဖြစ်ပွားစေသည်ဟု ယခင်က လက်ခံယုံကြည်ထားကြသည်။ သို့သော် ၁၉၉၀-ပြည့်နှစ်တွင် လေ့လာချက်များအရ ထိုယုံကြည်ချက်ကို ဆန့်ကျင်ပယ်ဖျက်လျက် ကော်ဖီသောက်သုံးခြင်းကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုသည် အဓိကမဟုတ်ဟု ဆိုလာကြပြန်သည်။ ၂၀၀၂-ခုနှစ် အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့(ပ်)ကင်း တက္ကသိုလ်တွင် ထိုအချက်ကို သုတေသနပြုလုပ်ရာ၌ ကော်ဖီသောက်သုံးသော အမျိုးသားများက ကော်ဖီမသောက်သုံးသော အမျိုးသားများထက် သွေးတိုးရောဂါ ဖြစ်ပွားမှုနှုန်း များသည်။ သို့သော် ကော်ဖီသောက်သုံးခြင်းကြောင့် အဓိကမဟုတ်ဟု တွေ့ရှိရလေသည်။

မကြာသေးမီက လေ့လာတွေ့ရှိချက်များမှာ ကော်ဖီမှုန့်တွင် ပါဝင်သော ကဖင်းဓာတ်သည် လက်တုန်သောရောဂါ (Parkinson disease) နှင့် ဆီးချိုရောဂါကို ထိန်းထားပေးသည်ဟူ၍ပင် ဖြစ်ပေသည်။ သို့သော် ဆရာဝန်အများစု ကမူ လူတယောက်သည် တနေ့လျှင် ကော်ဖီ ၃-ခွက်ထက် ပိုမသောက်သင့်ဟု လက်ခံထားကြလေသည်။

( နွားနို့ )
နွားနို့သည် ၄င်းတွင် ကယ်လ်စီယမ်ဓာတ် များစွာပါဝင်မှုကြောင့် အရိုးနှင့် သွားများကို ပိုမို သန်စွမ်းစေသည်ဟု လူသိများခဲ့သည်မှာ ကြာလေပြီ။ ၁၉၉၇-ခုနှစ် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်တွင် သုတေသနပြုချက်အရ နွားနို့များများသောက်သုံးသော အသက်ကြီးသော အမျိုးသမီးများသည် တော်ရုံတန်ရုံ အရိုးထိခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟူသော အချက်ပင် ဖြစ်လေသည်။

ထို့ကြောင့် အမေရိကန် အစားအသောက် ကွက်ကဲရေးအဖွဲ့က လူတယောက်လျှင် အဆီမပါသော နွားနို့ သို့မဟုတ်-အဆီနည်းသော နွားနို့ တနေ့လျှင် ၃-ခွက်ထက် ပိုမသောက်သင့်ဟု အကြံပြုထားလေသည်။ တဖန် လတ်ဆတ်သော သစ်သီးသစ်ရွက်များကိုလည်း ပူးတွဲစားသုံးသင့်သည်ဟု ဆိုပေသည်။

( အခွံမာသော သစ်သီးများ )
များသောအားဖြင့် အခွံမာသစ်သီးတွင် ပါဝင်သော အဆီဓာတ်သည် ကောင်းသောအဆီဓာတ်ဖြစ်သည်။ ထိုအဆီဓာတ်သည် အခွံမာသစ်သီးတွင် ပါဝင်သော အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့် ပေါင်းစပ်ပြီး နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးပေသည်။

မကြာသေးမီ ၁၉၉၈-ခုနှစ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော သုတေသနပြုချက်အရ လူများသည် တပတ်လျှင် ၅-အောင်စမျှရှိသော အခွံမာ သစ်သီး စားသုံးပေးပါက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်ဟု ဆို၏။

( ကြက်ဥ )
ကြက်ဥသည် နှလုံးရောဂါ ဖြစ်ပွားမှုတွင် အဓိကပါဝင်နေသည်ဟု ဆရာဝန်များက နှစ်ပေါင်းများစွာ လက်ခံယုံကြည်ထားကြလေသည်။
၁၉၉၉-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြက်ဥ တနေ့လျှင် တလုံးမျှ စားသုံးလျှင် ကျန်းမာသောသူများအဖို့ နှလုံးရောဂါသော်၎င်း၊ လေဖြတ်ရောဂါသော်၎င်း၊ ထူးကဲ၍ မဖြစ်နိုင်ဟု ဆိုလေသည်။ အခြားလေ့လာချက်များကလည်း ကြက်ဥကြောင့် ကိုလက်စထရောလ်ဓာတ် မြင့်မားမှု ပို၍ မဖြစ်နိုင်ဟု ဆိုထားကြပြန်သည်။

ထို့ကြောင့် ကြက်ဥကို အသင့်အတင့် ချင့်ချိန် စားသုံးသင့်ပေသည်။

( သံလွင်ဆီ )
၁၉၉၉-ခုနှစ်တွင် ပြင်သစ် သုတေသနပညာရှင်များ၏ သုတေသနပြုချက်အရ သံလွင်ဆီသည် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသည်ဟု သိရပြန်လေသည်။ အခြားသိပ္ပံပညာရှင်များကလည်း ဤအဆိုကို ထောက်ခံလျက် သံလွင်ဆီသည် နှလုံးကျန်းမာသန်စွမ်းစေသော မပြည့်ဝသော အဆီတမျိုးဖြစ်သည်ဟု ဆိုသည်။ ယခုဆိုလျှင် သံလွင်ဆီကို ထောပတ်၊ မာဂျရင်းတို့၏ အစားထိုးပစ္စည်းအနေဖြင့်ပင် အသုံးပြုသင့်ကြောင်း ထောက်ခံပြောဆိုနေကြပေပြီ။
ကျမ်းကိုး။ ၁၃-၃-၂၀၀၆ နေ့ထုတ် News week မဂ္ဂဇင်း-မှ

ကိုစော
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: