Monday, April 26, 2010

ရေကြည်တပေါက် သောက်ပါရစေ

သမုဒ္ဒရာရေကြောင်းဖြင့် ခရီးရှည်သွားကြရသော ကုန်သည်တို့သည် သောက်စရာ၊ သုံးစရာ ရေရိက္ခာကို အပြည့်အစုံယူဆောင်၍ သွားကြရ၏။ ထို့အတူပင် သောက်ရေသုံးရေ မရနိုင်သော ကုန်းတွင်းသွား ခရီးသည်တို့မှာလည်း ရေရိက္ခာကို တတ်နိုင်သမျှ တင်ဆောင်၍ သွားကြရ၏။

ရေလမ်း၊ ကုန်းလမ်း၊ ခရီးကြမ်း၌ သွားလာလှုပ်ရှား၍နေကြရသော သူတို့နည်းတူပင် ဘ၀သံသရာခရီးရှည်ကြီး၌ လျှောက်လှမ်း၍ နေကြရသော သံသရာခရီးသည်တို့အဖို့မှာလည်း ရေရိက္ခာကို လိုအပ်နေသည်သာ ဖြစ်၏။ ထိုရေရိက္ခာသည်ကား မြစ်များ၊ ချောင်းများ၌ ရှိမနေပါ။ တွင်းများ၊ ကန်များမှာလည်း ရှိမနေပါ။ မြစ်များ ချောင်းများ၌ ရှိနေသောရေသည် သံသရာခရီးရှည်ကြီးအတွက် ရေရိက္ခာမဟုတ်ပါ။ တွင်းများ၊ ကန်များ၌ရှိသော ပကတိရေသည်လည်း သံသရာခရီးသွားတို့အတွက် အကျိုးမပြုနိုင်ပါ။ မြစ်ထဲမှာ ကန်ထဲမှာ တွင်းထဲမှာ ရေတွေ ဘယ်လောက်ရှိနေနေ ဘ၀ ဘ၀က ဆည်းပူးသိုမှီး၍ထားခဲ့သော ကုသိုလ်ကောင်းမှုတည်းဟူသော ရိက္ခာသာ မပါခဲ့ပါက ထိုရေများကို သောက်၍ သုံး၍ရမည် မဟုတ်ပါ။

သာဝတ္ထိမြို့တော်က ကုန်သည်တို့သည် ဤသို့သောအခြင်းအရာကို မြစ်ကမ်းပါးရှိ သဲသောင်ပြင်တခုပေါ်၌ မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါကုန်၏။
သာဝတ္ထိမြို့တော်ကြီးတခွင်၌ သာသနာတော်ကြီး အရောင်အ၀ါထွန်းလင်းဝင်းပ၍ နေချိန်တွင် သာဝတ္ထိမြို့သား ကုန်သည်တို့သည် ဥတ္တရာပထတိုင်းဘက်သို့ ကုန်ရောင်းသွားခဲ့ကြ၏။ ထိုအရပ်၌ ရောင်းချရန် ကုန်ပစ္စည်းမျိုးစုံကို လှည်းပေါင်းငါးရာတို့ဖြင့် တင်လာခဲ့ကြ၏။ ဥတ္တရာပထတိုင်းသို့ရောက်၍ ပါလာခဲ့သော ကုန်ပစ္စည်းတို့ကို ထိုက်တန်သည့်ဈေးဖြင့် ရောင်းချပြီးလျှင် မိမိတို့ရပ်ရွာမှာ လိုအပ်နေသော ကုန်ပစ္စည်းတို့ကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူကာ လှည်းငါးရာအပြည့် တင်လာခဲ့ကြ၏။ ခရီးစဉ်အတိုင်း မနှေးမမြန် မောင်းလာခဲ့ကြ၍ မြစ်ကမ်းပါးတခုသို့ ရောက်လာသည်တွင် နေ၀င်ခါနီးလာပြီဖြစ်၍ ညအိပ်စခန်းချရန် ပြင်ဆင်ကြရလေသည်။

တနေ့တာလုံး လှည်းပေါင်းမိုးထဲတွင် အပူခံ၊ အအိုက်ခံ၊ အညောင်းခံ၍ လာခဲ့ကြရသဖြင့် ကုန်သည်တို့သည် မြစ်ရေသွင်သွင် မြင်ရသည်နှင့် တပြိုင်နက် မြစ်ကမ်းပါးသို့ အပြေးအလွှား ဆင်းလာခဲ့ကြ၏။ မြစ်ရေကြည်ကြည် အေးအေးကို တ၀ကြီးသောက်ကာ မြစ်ရေစီးကြောင်းထဲမှာ တကိုယ်လုံးနှစ်ကာ ရေချိုးရန် တာစူ၍လာခဲ့ကြ၏။
သူတို့သည် မြစ်ရေစပ်သို့မဆင်းရသေးမီမှာပင် သောက်ရတော့မည့်ရေ၊ ချိုးရတော့မည်ရေထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသော ရုပ်သဏ္ဌာန်တခုနဲ့ တိုးမိနေကြ၏။ ထိုသူမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများအရ လူနှင့်တူသလိုလို ရှိပါ၏။ သို့ရာတွင် လူတယောက်ဟု မခေါ်နိုင်လောက်အောင် သူ့အခြေအနေမှာ ယိုယွင်းလှ၏။ လူ့ဘောင်လောကတွင် အရုပ်ဆိုးလှပါသည်ဟု သြချရသော သူတို့ထက်ပင် အဆမတန် အကျည်းတန်နေ၏။ သူသည် မြစ်ကမ်းစပ်မှာ ပက်လက်လဲလျောင်းနေသဖြင့် ၀မ်းဗိုက်နေရာက ပို၍ ဟောက်ပက်ဖြစ်နေ၏။ အသက်ကို ရှူသွင်းလိုက်သည့်အခါတိုင်း အသားမကပ်သော နံရိုးချောင်းများက ထိုးထိုးထောင်ထောင် ဖြစ်လာကြ၏။

ကုန်သည်တို့သည် ထူးဆန်းလှသော ရုပ်သဏ္ဌာန်ကို ၀ိုင်းအုံကြည့်ရှုကာ ရေသောက်ရန်၊ ရေချိုးရန် ကိစ္စကိုပင် ဂရုမစိုက်နိုင်ကြတော့ဘဲ-
အိုမိတ်ဆွေ၊ သင်က ဘာဖြစ်နေတာလဲ။ ဘာကြောင့် မြစ်ရေစပ်မှာ လှဲပြီး အိပ်နေရတာပါလဲ။
ဤသို့ သိလိုရေးနဲ့ မေးမြန်းကြလေရာ-
အို အဆွေတို့၊ ကျွန်တော်က လှဲအိပ်နေတာမဟုတ်ပါဘူးဗျာ၊ ဟန်ကို မဆောင်နိုင်တော့လို့ လဲကျနေရတာပါ။
သူ့အာခေါင်ထဲက ကွဲရှရှအသံဖြင့် အားယူပြီး ဖြေကြားသဖြင့်-
သြော်-မိတ်ဆွေရယ်၊ လဲကျတော့လည်း အားယူပြီး ပြန်ထပေါ့ဗျာ၊ ခင်ဗျားလက်တကမ်းမှာ မြစ်ရေသွင်သွင် စီးနေတာပဲဗျာ၊ ရေကြည်လေးတပေါက် သောက်လိုက်ရရင် အားတွေ အင်တွေ ပြန်ပြည့်လာမှာပေါ့ဗျာ။

မိတ်ဆွေတို့ပြောတာ မိတ်ဆွေတို့အတွက်တော့ အံကျဖြစ်နေမှာပေါ့ဗျာ။ ကျွန်တော့ပါးစပ်ကတော့ သောက်လို့ကိုမရပါဘူး။ ဟိုနားမှာ သောက်မရလို့ ဒီနားလာ။ တခါ ဒီနားက ဟန်မရပြန်တော့ ဟိုနားသွား။ ဒီလိုနဲ့ ရေသောက်ဖို့ ကြိုးစားရင်း ကြိုးစားရင်းနဲ့ ဒီမြစ်ကမ်းပါးမှာ ကျွန်တော့ခြေရာတွေ ထပ်နေကြပါပြီ။ ဒီလိုနဲ့ပဲ အားကုန်ပြီး လဲတော့တာပါပဲ။

ဤသို့ ဒုက္ခိတရုပ်သဏ္ဌာန်က ဖြေကြားလိုက်သည်တွင် ကုန်သည်တို့သည် လှည်းပေါ်မှာ အသင့်ပါလာသည့် အိုးများ၊ ခွက်များကို ပြန်ယူကာ မြစ်ရေကြည်ကို ခပ်ယူလာကြပြီးလျှင်-
ကဲ မိတ်ဆွေ ပါးစပ်သာ အစွမ်းကုန် ဖြဲထားပေတော့။ ခင်ဗျားဘာသာ သောက်မရတော့လည်း ဘာအရေးလဲဗျာ။ ကျွန်တော်တို့က လောင်းပေးမှာပေါ့။ ကဲ လာလေရော့ရေ၊ သောက်ပေတော့ အားရပါးရ။

ပြောပြောဆိုဆို ရေများလောင်းပေးကြ၏။ ဒုက္ခိတရုပ်သဏ္ဌာန်ကလည်း ကျလာသမျှရေကို တစက်ကလေးမျှ ဖိတ်စင်မသွားရအောင် ပါးစပ်ကျယ်ကျယ်ကြီးကို အစွမ်းကုန်ဖြဲ၍ ခံထား၏။ သို့သော် လောင်းလေသမျှသော ရေတို့သည် သူ့နှုတ်ခမ်းပေါ်ကသာ နံဘေးသို့ ဖိတ်စင်ကုန်တော့၏။

ကဲ တော်ကြပါတော့ မိတ်ဆွေတို့၊ အပင်ပန်း မခံကြပါနဲ့တော့။ ဒါလောက်ဆိုရင် ကျွန်တော့်အဖြစ်မှန်ကို မိတ်ဆွေတို့ သိလောက်ပါပြီ။ ကျွန်တော်တို့ ပြိတ္တာမျိုးဆိုတာ ရေမြင်တိုင်း သောက်လို့ရတာ မဟုတ်ပါဘူး။ ဗိုက်ထဲက ဆာလွန်းလို့ ပူလောင်လွန်းလို့သာ ရေရှိရာ ချဉ်းကပ်မိတာပါ။ ကမ္ဘာမြေပေါ်မှာ ရှိရျိသမျှ သောက်ရေ သုံးရေတွေဟာ ကျွန်တော်တို့လို ပြိတ္တာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သီထားပြီးသားပါ။

အိုဗျာ၊ ဒါလောက်တောင်မှပဲ အဖြစ်က ဆိုးလှပါလား။ ဒါဖြင့် အခုလို ရောမသောက်ဘဲ နေခဲ့ရတာ ဘယ်လောက်များ ကြာခဲ့ပါပြီလဲ။
ငါးဆယ့်ငါးနှစ်လောက်တော့ ကောင်းကောင်းကြီး ပြည့်ခဲ့ပြီပေါ့ဗျာ။ရေလေးတပေါက်မှ မသောက်ခဲ့ရဘူးဆိုထားမှတော့ အစားအစာအတွက်လည်း ဖြေပြီးသား ဖြစ်သွားမှာပေါ့။

ဟုတ်ပါပြီဗျာ။ ကိုယ်ပြုခဲ့တဲ့ မကောင်းကံ ကိုယ့်ထံပဲ ပြန်လာတာပဲပေါ့။ ဒါကို ကျွန်တော်တို့ သင်ခန်းစာယူချင်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တူသားနောင်မယ်တွေကို စံနမူနာ ပြချင်ပါတယ်။ မိတ်ဆွေရဲ့ အတိတ်ဇာတ်လမ်းကို သိပါရစေလား။

သိပါရစေမယ်ဗျာ။ သိပါရစေ့မယ်။ အခုဘ၀မှာ ရေကြည်တပေါက်တောင်မှ သောက်ခွင့်မရနိုင်တော့တဲ့ ကျွန်တော်ဟာ လူ့ဘ၀မှာတုန်းကတော့ တကယ့်ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးတယောက်ပေပေါ့။ ပဏ္ဏမင်းများ အုပ်စိုးတဲ့နိုင်ငံက ဧရကစ္ဆ အမည်ရတဲ့မြို့မှာ ကျွန်တော်ပိုင်စိုးခဲ့ဖူးတဲ့ တိုက်တာတွေ၊ ရွှေငွေဘဏ္ဍာတွေ ၊ လယ်ယာချောင်းမြောင်းတွေ ဒီအတိုင်း ရှိနေကြပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဘ၀ခြားလာခဲ့ပြီမို့ ဘာမှမဆိုင်တော့ပါဘူး။ ရွှေတွေ ငွေတွေကို အသာထားလို့ ရေကြည်လေးတပေါက်တောင်မှ သောက်လို့မရတာကို အမြင်ပဲ မဟုတ်ပါလားဗျာ။

ဟုတ်ပါတယ်ဗျာ။ ဟုတ်ပါတယ်။ ဒီလိုအဖြစ်မျိုးထိ ရောက်လာရအောင် ဘယ်လိုမကောင်းမှုတွေများ ပြုခဲ့မိလို့ပါလဲ။
ပြုခဲ့မိတဲ့ မကောင်းမှုကို ပြောရရင်တော့ ကျွန်တော့်လူနာမည် ဓနပါလ ဆိုတာကစပြီး ပြောရတော့မှာ ထင်ပါရဲ့။ ဓနပါလဆိုတာက ပစ္စည်းဥစ္စာကို စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ်လို့ ဒီအမည်ကို အမေကပေးခဲ့တာလည်း မဟုတ်ဘူး။ အဖေက ပေးခဲ့တာလည်း မဟုတ်ဘူး။ ဆွေတွေမျိုးတွေက ပေးခဲ့တာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင် တခွင်လုံးက ပေးခဲ့တာပါ။ ကျွန်တော့စိတ်ဓာတ်နဲ့ ကျွန်တော့်အမူအကျင့် အံကိုက်အောင် ပြောင်လှောင်ခေါ်ကြရာက တွင်လာတဲ့အမည်ပါ။

ဓနပါလလို့ ခေါ်ရလောက်အောင်ပဲ ကျွန်တော်က ပစ္စည်းဥစ္စာကို အထိန်းအစောင့် ကောင်းခဲ့တာကိုး။ သားရဲတွင်းထဲ လမ်းမှားပြီးရောက်လာကြတဲ့ သမင်၊ ဒရယ်၊ ချေငယ်စတဲ့ သတ္တ၀ါလေးတွေ ပြန်လမ်းမရှိသလိုပေါ့ဗျာ။ ကျွန်တော့်အိမ်ဝ ရောက်လာကြတဲ့ ပစ္စည်းဆိုရင် ပြန်ပြီးတော့ ထွက်ကိန်းကို မရှိတော့ဘူး။ ကျွန်တော်က ရနိုင်သလောက် ရအောင် ကြိုးစားတယ်။ နောက်ပြီးတော့ ကုန်ရမယ့်အရေးဆိုရင်တော့ ဝေးဝေးက ရှောင်တယ်။ ဒီတော့ ကျွန်တော့ဘဏ္ဍာတိုက်တွေမှာ ရွှေတွေ၊ ငွေတွေ၊ ကျောက်မျက်ရတနာတွေဆိုတာများ အစုလိုက်အပြုံလိုက်ပေါ့။

တကယ်လို့များ ကျွန်တော်ပိုင်တဲ့ ရွှေငွေရတနာ ပစ္စည်းတွေကို နေရာပြောင်းရွှေ့ရမယ်ဆိုရင်တော့ မလွယ်ဘူး။ အကြမ်းဖျင်းအားဖြင့် နွားလှည်းတစီးတစီးမှာ ဆန်စပါး တင်းနှစ်ဆယ်နိုင်တယ်ဆိုပါတော့။ အဲဒီလို လှည်းမျိုးနဲ့ တင်ရင်တောင်မှ စီးရေပေါင်း ရှစ်ဆယ်လောက် တင်ယူရလိမ့်မယ်။

အဲသလို အပြင်အပက ပစ္စည်းတွေ ပေါခဲ့ပေမယ့် အတွင်းပစ္စည်းကျတော့ ချို့တဲ့ခဲ့တယ်ဗျာ။ ကျွန်တော့ လူ့ဘ၀တသက်တာမှာ စုဖို့ဆောင်းဖို့သာ အာရုံစိုက်ခဲ့မိတယ်။ ပေးဖို့ကမ်းဖို့ကျတော့ ကိုယ်နှင့်ဘာမှမဆိုင်သလိုကြီး နေခဲ့မိတယ်။ သူများကို ပေးဖို့ဆိုရင် ပစ္စည်းဥစ္စာကို မဆိုထားနဲ့ စားကြွင်းစားကျန်ကိုတောင် လာတောင်းကြမှာ စိုးလွန်းလို့ ထမင်းစားတဲ့အခါမှာ အိမ်ဝင်းတံခါးကို ပိတ်ထားကြရတယ်။

ကဲ - နှမျောတဲ့ဘ၀မှာတော့ ကမ်းကုန်ရောဆိုကြပါစို့။ တကယ်တော့ ဒီလို ကိုယ့်ပစ္စည်းကို ကိုယ့်ဘာသာ နှမျောနေတာက ဘာမှ အပြစ်မကြီးသေးဘူးနော်။ ဒါပေမယ့် ကျွန်တော်က နှမျောရုံနဲ့ ရပ်နေနိုင်တဲ့ ကောင်စားက မဟုတ်ပေဘူး။ ဘယ့်နှယ်ဗျာ ကျွန်တော်က ဘာဆိုဘာမှ သူများနဲ့ မပတ်သက်ချင်ပါဘူးဆိုမှ ကျွန်တော့ပတ်ဝန်းကျင်က လူတွေက လော်မာလိုက်ကြတာလေ။ အများကောင်းကျိုး သယ်ပိုးရမယ်လို့ သံကုန်ဟစ်ပြီးတော့ ရေကန်တွေတူးလိုက်ကြတာ။ ရေတွင်းတွေ တူးလိုက်ကြတာ၊ ဥယျာဉ်ပန်းမန်တွေ စိုက်လိုက်ကြတာ၊ ချောင်းတွေမြောင်းတွေတွေ့တိုင်း တံတားခင်းလိုက်ကြတာ၊ တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် အကျယ်ချဲ့ကြတာပေါ့ဗျာ။ သူတို့လို မတတ်နိုင်တဲ့သူတွေကတောင်မှ သူတို့အတုကို ခိုးပြီး လုပ်ကြသေးသလေ။ လမ်းလေးခွဆုံမှာ အရိပ်ကောင်းကောင်းလေး ရှိနေပြီဆိုရင် ရောက်လာပါလိမ့်ဗျာ။ ရေအိုးစင်တွေ တခုပြီးတခု။

ဒါတွေကို ပတ်ဝန်းကျင်လူအားလုံးက အများကောင်းစားရေးတဲ့။ ကုသိုလ်ရေးမို့ အားပေးသင့်သတဲ့။ ကျွန်တော့်အမြင်နဲ့တော့ ဒါတွေ ဒါတွေ အားလုံးဟာ ကျွန်တော့်ကို ပြောင်လှောင်နေတာပဲ။ ကျွန်တော့်ကို ရန်စနေကြတာပဲ။ ကျွန်တော့်ကို တိုက်ခိုက်နေကြတာပဲ။
ဟုတ်သလေ။ မိတ်ဆွေတို့ စဉ်းစားကြည့်ပါလား။ သူများတွေက ဟိုဟာတွေလုပ်တယ်။ ဒီဟာတွေလုပ်တယ်။ ကျွန်တော်က ဘာဆိုဘာမှ မလုပ်ဘူး။ ဒီတော့ သူတို့လုပ်ထားတာတွေ များလာလေ။ လူတွေက ကျွန်တော့်ကို မျက်စောင်းထိုးလာလေ။ ဓနပါလဆိုမှတော့ ဘာအကျခံမလဲကွာ-ဆိုတဲ့ အသံတွေက ညံလာလေလေ။

ဒီတော့ ကျွန်တော်က သူတို့လုပ်ထားတာတွေမှန်သမျှ ဖျက်ဆီးပစ်ရတော့တာပေါ့။ အဲ ဖျက်တဲ့နေရာမှာလည်း ရာဇ၀တ်အပြစ်ဒဏ်က လွတ်အောင် ရှောင်ရသေးသနော်။ ကိုယ့်အပေါ်မှာ အမှုပတ်မလာရအောင် ဆင်းရဲသားလူမိုက်တွေကို ငွေပေးပြီး ခိုင်းရတာ။ ဒီလိုပေးရတာမျိုးကျတော့ ကျွန်တော့်လက်က ရက်ရောခဲ့ပေသားဗျို့။

အဲဗျာ၊ ဒါတွေက ပြီးခဲ့ပါပြီ။ အခုလို အခြေမျိုးရောက်ခါမှ နောင်တရနေတော့လည်း အပိုပါပဲ။ လူ့ဘောင်လောကက ရာဇ၀တ်ပြစ်မှုကို ပါးပါးနပ်နပ်နဲ့ ရှောင်နိုင်ခဲ့ပေမယ့် သံသရာပြစ်မှုကိုတော့ ဘယ်ပြေးလို့ လွတ်နိုင်မလဲနော်။ ကျေးဇူးတင်ပါတယ်ဗျာ။ အခုလောလောဆယ်မှာ မိတ်ဆွေတို့ ကြိုးစားမှုနဲ့ ရေကြည်တပေါက် သောက်လို့မရပေမယ့် ကျွန်တော် စိတ်ဓာတ်မကျသေးပါဘူး။ တနေ့နေ့မှာတော့ မိတ်ဆွေတို့ပြုပြင်သမျှ ကုသိုလ်အမျှကို သာဓုခေါ်ခွင့်သာ ရပါရစေ။

ကောင်းပါပြီဗျာ။ ရပါစေ့မယ်။ သာဝတ္ထိမြို့တော်ကြီးကို ပြန်ရောက်တဲ့အခါမှာ ဘုရားအမှူးရှိတဲ့ သံဃာတော်များထံ ကုသိုလ်ကောင်းမှုပြုပြီးတော့ အမျှဝေလိုက်ပါ့မယ်။ ကုန်သည်တို့သည် ဤသို့ ၀န်ခံစကား ပြောကြားပြီး၍ တညတာနားနေပြီးလျှင် နံနက်လင်းသောအခါ ပက်လက်အတိုင်း ရှိနေသေးသော ပြိတ္တာကို နှုတ်ဆက်၍ ပြန်လာခဲ့ကြလေသည်။
( ပေတ၀တ္ထု၊ ဥဗ္ဗရိဝဂ်၊ ဓနပါလ သေဋ္ဌိပေတ၀တ္ထု၊ ပါဠိတော်အဋ္ဌကထာတို့ကို အခြေပြု၍ ရေးသားပါသည်။)

ဝဏ္ဏသီရိ
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: