Wednesday, April 21, 2010

ကျေးဇူးသိတတ်၍ ကောင်းကျိုးခံစားရသူ

( ရိုးသားကြိုးစားသော လူငယ်တဦး)
လွန်ခဲ့သော နှစ်ပေါင်း ၇၀-ခန့်က မြန်မာပြည်တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ်ကာလက အတုယူဖွယ် ကျေးဇူးသိတတ်သူ လူငယ်ပုဂ္ဂိုလ်တဦး ပေါ်ပေါက်ခဲ့သည်။
ထိုသူမှာ အောက်မြန်မာပြည် ဧရာဝတီတိုင်း ကျောက်ကုန်းမြို့မှ ကိုရွှေမှင် ဆိုသူ ဖြစ်သည်။ သူ၏ မိဘများမှာ ချမ်းသာကြွယ်ဝသူများ မဟုတ်ကြပါ။ အိမ်မဲမြို့နယ် ကျေးရွာတခုမှ လက်လုပ်လက်စား ရိုးသားသော မိဘများဖြစ်သည်။ ကိုရွှေမှင်သည် ပင်ကိုယ်ဗီဇကောင်း၍ စိတ်ကောင်း စေတနာကောင်းရှိသူ ဖြစ်ပြီး ရိုးသားကြိုးစားသော လူငယ်တယောက်လည်း ဖြစ်သည်။

ကိုရွှေမှင်သည် ငယ်စဉ်က ကျောက်ကုန်းမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အုပ်ချုပ်သော စာသင်ကျောင်းတွင် ကျောင်းသားငယ်ဘ၀၊ ရှင်သာမဏေဘ၀၊ ဦးပဉ္ဖင်းဘ၀ဖြင့် မြန်မာစာ၊ ပါဠိ၊ ကိုးကြောင်းဂဏန်းသင်္ချာ၊ ဗေဒင်လက္ခဏာ စသည်တို့ကို သင်ကြားခဲ့သည်။ အစိုးရပထမပြန်စာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း တို့ကို အောင်မြင်ခဲ့သည်။

ရဟန်းနှစ်ဝါအရတွင် လူဝတ်လဲကာ စပါးအရောင်းအ၀ယ်ဖြင့် ဆန်ကြိတ်ခွဲခြင်းအလုပ်တို့ကို လုပ်ကိုင်သည်။ ဘောက်တူသမ္ဗန်ကြီးနှစ်စင်းဖြင့် ဆန်များကို တင်ဆောင်ကာ ဧရာဝတီမြစ်ရိုးတလျှောက် အထက်ပိုင်းရှိ ပြည်၊ မြန်အောင်၊ ပန်းတောင်း၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ မြင်းခြံ၊ ပခူက္ကူ၊ စစ်ကိုင်း၊ မန္တလေးအထိ သွားရောက်၍ ရောင်းဝယ်ဖောက်ကားသည်။

ကိုရွှေမှင်သည် အရာရာတွင် ဝေဖန်နှိုင်းချိန်တတ်သည်။ ဘာသာရေးတွင် အထူးလေးစားပြီး စီးပွားရှာရာတွင် တရားနှင့်အညီ သမ္မာအာဇီဝ ကောင်းသောအသက်မွေးခြင်းဖြင့် လုပ်ကိုင်စားသောက်သည်။ တရားစောင့်သည်။ စည်းကမ်းစနစ် ကောင်းသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၏။

( ကူညီမည့် ကျေးဇူးရှင်တွေ့ပြီ )
ကိုရွှေမှင်သည် ဆန်အရောင်းအ၀ယ်ကိစ္စဖြင့် အိမ်မဲမြို့သို့ လာရောက်စဉ် အိမ်မဲမြို့နယ် သီးကွင်းကြီး သရက်ကုန်းကျေးရွာမှ မြေပိုင်ရှင် တဦး၏ သမီးဖြစ်သူ မမယ်သန့်နှင့် ဖူးစာဆုံကြသည်။ ကိုရွှေမှင်နှင့်တွေ့စဉ်က မမယ်သန့်တွင် မိဘများ မရှိကြတော့။ ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးကြီးဖြစ်သူ မြေပိုင်ရှင်နှင့် ဆန်စက်သူဌေး ဦးသာဟန်နှင့် ဒေါ်ငွေယုံတို့၏ စီစဉ်နေရာချထားပေးမှုအရ လက်ထပ်မင်္ဂလာဆောင်ကြသည်။ သူတို့က ဦးရွှေမှင်တို့အား မိဘများသဖွယ် အဘက်ဘက်မှ လိုအပ်သမျှ အကူအညီပေးကြသည်။

ဦးရွှေမှင်နှင့် ဒေါ်မယ်သန့်တို့က ကျေးဇူးသိတတ်ကြသည်။ သူတို့ကို မိဘအရင်းများသဖွယ် ကျေးဇူးတုံ့ပြန်တတ်ကြပါသည်။ အခါအားလျော်စွာ စားကောင်းသောက်ဖွယ်များ ရရှိကြပါက ထိုကျေးဇူးရှင် နှစ်ဦးတို့အား မကြာခဏ ပေးကမ်းစောင့်ရှောက်ကြသည်။ နှစ်စဉ်ပင် လုံချည်၊ အင်္ကျီ စသော အ၀တ်အထည်များ၊ မုန့်သေတ္တာများ စသည်တို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြသည်။

ဦးရွှေမှင်သည် လင်ယောက်ျား ကျင့်ဝတ် ၅-ပါးနှင့် ပြည့်စုံသည်။ ဇနီးဖြစ်သူ ဒေါ်မယ်သန့်ကလည်း ဇနီးမယားကျင့်ဝတ် ၅-ပါးနှင့် ပြည့်စုံသည်။ ထို့ကြောင့် သူတို့၏ ဆွေမျိုးအသိုက်အ၀န်း အိမ်နီးချင်းများနှင့် မိတ်ဆွေများက စိတ်တူသဘောတူ ဘက်ညီသော ဇနီးမောင်နှံဟု အသိအမှတ်ပြုကြသည်။ ကုသိုလ်ပါရမီဖြည့်ဖက်ညီသော ဇနီးမောင်နှံဟု ချီးကျူးကြသည်။

( စီးပွားရေး တိုးတက်အောင်မြင်)
ဦးရွှေမှင်တို့ ဇနီးမောင်နှံသည် သူတို့၏ခြံထဲ၌ အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ် တလုံးကို ဆောက်ကြ၏။ စပါးကျီကြီးတခုကိုလည်း ဆောက်လုပ်ထားကြ၍ စပါးပေါ်ချိန်တွင် လယ်သမားများထံမှ စပါးတို့ကို ပေါက်ဈေးထက် အနည်းငယ်ပိုပေး၍ ၀ယ်ယူတတ်သည်။ တင်းတောင်း၊ ခွဲတောင်း၊ ပြည်တောင်း နှင့် ချိန်ခွင်၊ ကတ္တားချိန်၊ အလေးတို့ကို သမာသမတ် တိကျမှန်ကန်စွာ သုံးစွဲသည်။

ရောင်းသူတို့က စပါးများကို ဦးရွှေမှင်တို့အား ဦးစားပေးရောင်းချကြသည်။ အကြောင်းမှာ သူတို့သည် ခြင်တွယ်ရာတွင်၎င်း၊ ချိန်တွယ်ရာတွင်၎င်း၊ တရားမျှတစွာ ဆောင်ရွက်ခြင်း၊ သစ္စာကတိတည်ခြင်းတို့ကြောင့် ဖြစ်သည်။
ဦးရွှေမှင်တို့ထံတွင် အလုပ်လုပ်ကြသော အလုပ်သမားများ၊ သမ္ဗန်သမားများ၊ စက်ဆရာများ၊ အလုပ်သမားများကလည်း သူတို့အပေါ်တွင် ချစ်ခင်ကြည်ညိုလေးစားကြ၍ အလုပ်တာဝန်များကို မခိုမကပ် ကြိုးစားလုပ်ကိုင်ကြသည်။ သူတို့ကလည်း အောက်လက်ငယ်သားများအပေါ်တွင် ဆွေမျိုးတို့ကဲ့သို့ ချစ်ခင်ကြင်နာကြသည်။ အလုပ်ပိုလုပ်သူ အလုပ်သမားများကိုလည်း ဆုကြေးချီးမြှင့်တတ်သည်။

( ကူညီမည့် ကျေးဇူးရှင်တဦး တွေ့ပြန်)
ဦးရွှေမှင်သည် တရားသဖြင့်ရသော ငွေကြေးဥစ္စာများ အတော်အတန် စုဆောင်းမိသောအခါ ကျောင်းကုန်းမြို့မှ ထိုခေတ်က ဆန်စက်သူဌေးကြီးဖြစ်သူ ဦးသာထက်ထံသို့ သွားရောက်သည်။ ဆန်စက်တလုံး တည်ထောင်ရန် အကြံဉာဏ် အကူအညီတောင်းခံသည်။ ဦးသာထက်ကလည်း ဦးရွှေမှင်၏ စိတ်နေသဘောထား၊ လုပ်ရည်ကိုင်ရည် စည်းစနစ်ကောင်းပုံတို့ကို သိရှိပြီးဖြစ်သည်။ သူကိုယ်တိုင် ရန်ကုန်မြို့သို့ လိုက်ပါ၍ ဆန်စက်တလုံးကို စီစဉ်ဝယ်ယူပေးသည်။ သို့ဖြစ်၍ ဦးရွှေမှင်သည် အိမ်မဲမြို့ မြစ်တဖက်ကမ်းမှ ရွှေရောင်ပြရပ်ကွက်တွင် ဓနဗလ အမည်ရှိ ဆန်စက်ကို တည်သည်။ ထိုဆန်စက်သည် စီမံဆောင်ရွက်မှု ကောင်းခြင်း၊ စည်းစနစ်ကျနခြင်း စသည်တို့ကြောင့် မကြာမီ လူသိများ၍ တိုးတက်အောင်မြင်သည်။

သူတပါးတို့က ပြုဘူးသော ကျေးဇူးကို သိတတ်ခြင်း။ (ကတညုတ ကတဝေဒီ) ဟူသော မင်္ဂလာတရားတော်နှင့် အညီ ဦးရွှေမှင်သည် ဦးသာထက်၏ ပြုဖူးသောကျေးဇူးကို အထူးသိတတ်သည်။ ဦးသာထက်တို့ မိသားစုထံ မကြာခဏ သွားရောက်၍ ငွေကြေး၊ အင်္ကျီ၊ လုံချည်၊ မုန့်ပဲသွားရည်စာ စသည်တို့ကို ယူ၍ ရိုသေစွာ ဦးချကန်တော့သည်။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း (ပူဇာစ ပူဇနေယျာနံ) မင်္ဂလာတရားနှင့်လည်း ပြည့်စုံပါသည်။

( သူတော်ကောင်းမှန်လျှင် ဘေးရန်ကင်းစင် )
တရားစောင့်သူကို တရားက ပြန်စောင့်ရှောက်၏ ဟူသော ဓမ္မပဒအဋ္ဌကထာ စသည်၌ ပါရှိသောတရားတော်အရ တရားစောင့်သူ ဦးရွှေမှင်တို့ကို တရားတော်က ပြန်စောင့်ရှောက်ပါသည်။ ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊ အသိအမြင်များခြင်း၊ ကိုယ်ကျင့်တရား လူ့ဝိနည်းတို့ကို တတ်သိခြင်း၊ အပြစ်ကင်းစင်သောအလုပ်တို့ကို လုပ်ကိုင်ခြင်း၊ သားမယားတို့အား ချီးမြှင့်ထောက်ပံ့ခြင်း၊ ဆွေမျိုးသားချင်းတို့ကို ထောက်ပံ့ခြင်း စသော မင်္ဂလာတရားတော်တို့ကို သိလည်းသိ၊ ကောင်းစွာလည်း ပြုကျင့်လိုက်နာသော ဦးရွှေမှင်တို့မှာ တွေ့ကြုံရသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်ခဲ့ရသည်။

ထင်ရှားသော အဖြစ်အပျက်တခုကို တင်ပြလိုပါသည်။ ၁၉၅၂-ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ အင်အားကောင်း၍ မြို့ရွာတွေကို စီးနင်းတိုက်ခိုက်ကြသည်။ တခါတွင် သောင်းကျန်းသူ ထောင်ပေါင်းများစွာတို့က အိမ်မဲမြို့ကို စီးနင်းတိုက်ခိုက်ကြသည်။ အစိုးရတပ်၊ မြို့ကာကွယ်ရေးတပ်များနှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်ပွားရာ မြို့တွင်းရှိအိမ်များစွာ မီးလောင်ခံကြရသည်။

ဦးရွှေမှင်သည် မိမိအိမ်မှ လုံးဝ အပြင်သို့ ထွက်သွားခြင်းမရှိ။ အိမ်နီးချင်းများမှ လူများသည် တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးရှောင်ခွာသွားကြ၏။ ဦးရွှေမှင်သည် မိမိအိမ်တွင်သာနေ၍ ပရိတ်ဒေသနာတော်တို့ကို ရွတ်ဖတ်နေသည်။ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ဖြင့် မိမိ၏အိမ်ဝင်း၊ ခြံဝင်း၊ ဆန်စက်၊ ဂိုဒေါင် စသည်တို့ကို ပက်ဖျန်းခြင်း၊ စည်းချခြင်း စသည်တို့ ပြုလုပ်သည်။ ဦးရွှေမှင်သည် သူ၏အိမ်အပေါ်ထပ်ရှိ ဘုရားခန်းတွင် ဥပုသ်စောင့်၊ ပုတီးစိပ်၊ ပရိတ်ဒေသနာတော်တို့ကို ရွတ်ဖတ်ကာ မေတ္တာပို့သနေသည်။ သူ၏ဇနီး၊ မွေးစားသားနှစ်ယောက်နှင့် အလုပ်သမားတို့ကို အိမ်အောက်ရှိ ပုန်းခိုကျင်းထဲတွင် နေစေသည်။ အိမ်နီးချင်းများ၏ အိမ်များ မီးရှို့ခံကြရ၍ သူ၏အိမ်တလုံးသာ ကျန်ရစ်သည်မှာ အံ့သြဖွယ်ရာဖြစ်သည်။ သောင်းကျန်းသူများ ထွက်ခွာသွားကြလျှင် သူက ဦးဆောင်၍ အလုပ်သမားတို့နှင့်အတူ မီးလောင်နေသော အိမ်များကို မီးငြိမ်းသတ်ပေးကြသည်။ မြို့သူမြို့သားတို့က သူတို့ကို ကျေးဇူးတင်ကြသည်။

ဦးရွှေမှင်၊ ဒေါ်မယ်သန့်တို့ ဇနီးမောင်နှံတွင် သားသမီး မထွန်းကားချေ။ ဦးသာဟန်+ဒေါ်ငွေယုံ တို့၏ မြေးဖြစ်သော ကိုတင်ထွန်း၊ ကိုထွန်းကြည်တို့ကို မွေးစားကြသည်။ သူတို့နှစ်ဦးအား စောင့်ရှောက်၍ ပညာသင်ကြားပေးသည်။ သွန်သင်ဆုံးမသြ၀ါဒပေးသည်။
အသက်ကြီးသောအခါ ဦးရွှေမှင်နှင့် ဒေါ်မယ်သန့်တို့သည် မွေးစားသား ကိုတင်ထွန်းနှင့် ကိုထွန်းကြည်တို့ကို ဓနဗလ ဆန်စက်ကြီးနှင့် အတွင်းအပြင် ဥစ္စာပစ္စည်းအားလုံးကို လွှဲအပ်အမွေပေးသည်။

ဦရွှေမှင်တို့ ဇနီးမောင်နှံသည် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကို သိကြ၏။ အလွန်ကြည်ညို ဆည်းကပ်ကြသည်။ နံနက် ၄-နာရီခွဲတွင် ထ၍ အရုဏ်ဆွမ်းချက်၍ ကပ်ကြသည်။ ပန်း၊ ရေချမ်း၊ ဆီမီး စသည်တို့ကို ဆက်ကပ်ကြသည်။ သံဃာတော်များကို ပိဏ္ဍပတ်ဆွမ်း လောင်းကြသည်။ ၀ါတွင်းဝါပမရွေး ဥပုသ်နေ့တို့တွင် ဥပုသ်စောင့်ကြသည်။ ညဦးပိုင်းတွင် ပရိတ်ကြီး ၁၁-သုတ်ကို အလှည့်ကျ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် စသည်တို့ကို ရွတ်ဖတ်ကြသည်။ သမထ ၀ိပဿနာ ရှုမှတ်ကြသည်။

အလှူဒါနအနေဖြင့် စေတီတဆူ၊ ကျောင်းတဆောင်၊ ရေတွင်းတတွင်း၊ သောက်ရေကန် တခုနှင့် ပိဋကတ်သုံးပုံပါဠိတော်တစုံတို့ကို လှူခဲ့ကြသည်။

( သူတော်ကောင်း ဇနီးမောင်နှံတို့၏ ဘ၀နိဂုံး )
၁၉၈၃-ခုနှစ်တွင် ဒေါ်မယ်သန့်သည် မီးဖိုချောင်တွင် ဆွမ်းလောင်းရန်အတွက် ထမင်းဟင်းတို့ကို စီမံချက်ပြုတ်နေစဉ် ခေါင်းမူးသည်ဟုဆိုကာ အိပ်ရာထဲတွင် လှဲအိပ်ရင်း ပုတီးစိပ်ရာမှ ကွယ်လွန်သွားသည်။
၁၉၈၇-ခုနှစ်တွင် ဦးရွှေမှင်သည် အသက် ၈၄-နှစ်ပြည့်သည့်နေ့၌ သံဃာတော်များကို ဆွမ်းနှင့်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။ နောက်တနေ့တွင် သူသည် အ၀တ်အစားသစ်များကို ၀တ်ဆင်ကာ အိပ်ရာထက်၌ ပုတီးစိပ်နေသည်။ မကြာမီ ခေါင်းမူးသည်ဟုဆိုကာ လဲလျောင်းရင်း တရားနှလုံးသွင်းနေရာမှ အထက်အိမ်ခေါင်မိုးဆီသို့ လက်ညှိုးထိုး၍ ပြုံးပြုံးရွှင်ရွှင်နှင့် အသက်ထွက်သွားခဲ့သည်ဟု ဆိုပါသည်။

ထို့ကြောင့် ဦးရွှေမှင်တို့ ဇနီးမောင်နှံသည် ကောင်းရာသုဂတိ ဘုံဘ၀တို့သို့ ဧကန်မုချ ရောက်ကြရမည်ဟု ခန့်မှန်းနိုင်ပါသည်။
(မွေးစားသား ဦးတင်ထွန်း၏ပြောပြချက်အရ ရေးသားပါသည်)။

ပြည်သိမ်းအေး
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: