Friday, April 23, 2010

လောဘမီး

ဘယ်လိုလဲ ငါ့တူမ၊ ဒီတခါတော့ ဆန်ရတယ် မဟုတ်လား။
အရင်အတိုင်းပါပဲ ဒေါ်လေးရယ်၊ စပါးတတင်းကို ၆-ပြည်ကကို မကျော်နိုင်အောင်ပါပဲ။
စပါးကြိတ်သွားသော တူမဖြစ်သူအား အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက ပြောလိုက်ခြင်းဖြစ်သည်။
အိမ်ခြေတထောင်ခန့်ရှိသော သပြေတောရွာကြီးတွင် စပါးကြိတ်သည့် ဆန်စက်ကြီးဟူ၍ ၀ိုင်းဝိုင်းလည်-အမည်ရှိ စပါးစက်ကြီးသာလျှင် တလုံးတည်း ရှိပါသည်။

တရွာလုံးက တောင်သူလယ်သမားများမို့ စပါးကြိတ်စားသူ များသည်။ တခြား ဟာလာစက်ကလေးတွေလည်း ရှိသည်။ သို့သော်လည်း ဟာလာစက်ဆိုတာက စပါးကို နေလှမ်းပြီး ကြိတ်ရတာမို့ အလုပ်ပိုသည်။ ဆန်ကြေသည်။ ဖွဲထွက်သည့်အထဲ ဆန်ကွဲတွေပါလို့ ဆန်အရနည်းသည်ဆိုပြီး ဟာလာစက်ကလေးတွေမှာ ကြိတ်သူရှားသည်။ ဒါကြောင့်လည်း ၀ိုင်းဝို်င်းလည်-စက်ကြီးမှာသာ တရွာလုံးက အားထားပြီး စပါးလာကြိတ်ကြခြင်း ဖြစ်သည်။

ခက်တာပဲ တူမရယ်။ တခါလာလဲ ၆-ပြည်၊ နှစ်ခါလာလဲ ၆-ပြည်ဆိုတော့ စပါးတတင်းကို ၆-ပြည်ကြီးပဲ ဖြစ်နေပါလားအေ။ ဒီလောက် စပါးကောင်းတဲ့ဟာ။ ၇-ပြည်ကတော့ အနည်းဆုံး ရသင့်တာပဲ။ ဒီစက် မဟုတ်တော့ဘူးနော်။ တော်တော်လူပြောများနေပြီ။

ဒေါ်ခင်သန်းတယောက် ဗျစ်တောက် ဗျစ်တောက်နှင့် ပြောနေစဉ်မှာပင် အိမ်ဘေးမှ ဒေါ်လှဝင်း ရောက်လာသည်။
ဟုတ်တယ် မမသန်းရေ၊ ကျွန်မတို့လည်း မနေ့ကမှ စပါး ၅-တင်းသွားကြိတ်လိုက်တာ ခြင်ကြည့်တော့ တတင်းကို၆-ပြည်စကေးပဲ ရလာတယ်လေ။ စပါးတတင်းကြိတ်ရင် ဆန်တပြည်လောက်တော့ အနည်းဆုံး ကျွန်မတို့ ဆုံးရှုံးနေရတာ မမသန်းရဲ့။ ကျွန်မတော့ ဒီမှာ စပါးကြိတ်ရတာ စိတ်ကိုပျက်ရောပဲ။

အေးဟယ် ငါလည်း ဒီစက်မှာကြိတ်ရတာ တော်တော်ကို စိတ်ညစ်နေပြီ။ ဆန်အရနည်းလို့ စက်ပိုင်ရှင်တွေကို အဘိဇ္ဈာပွား၊ မေတ္တာပို့ရတာနဲ့ ကြာရင် နှလုံးရောဂါ စွဲနိုင်တဲ့ကိန်းပဲ လှဝင်းရေ။
ထိုအချိန်မှာပဲ တဖက်အိမ်မှ ဒေါ်ခင်နှင်း ဆိုသူ ရောက်လာပြန်သည်။
ဟုတ်တယ်၊ ဟုတ်တယ် မသန်းရေ၊ ကျွန်မဆို ဒီစက်အကြောင်း ကောင်းကောင်းကြီးကို သိနေပြီရှင်ရေ၊ ဒီစက်မှာ စပါးတတင်းကို ၆-ပြည်ပဲ ရတယ်ဆိုတဲ့ ကျွန်မစပါးဟာ ဟိုး-ဆယ်မိုင်ရွာက စေတနာ မေတ္တာ-ဆိုတဲ့ ဆန်စက်ကြီးမှာ သွားကြိတ်တော့ တတင်းကို ၇-ပြည်ကတောင် နို့ဆီဗူးတလုံး ပိုသေးတယ်။ ဆန်လည်းဖြူတယ်။ စက်ကြိတ်ခလည်း သက်သာတယ်။ ကျွန်မစပါးထက် ကောင်းတဲ့စပါးဆိုရင် ဟိုတလောလေးကပဲ ဒေါ်စိန်ခင် သွားကြိတ်တာ တတင်းကို ၇-ပြည်နဲ့ ၄-လုံး ရလာတယ်တဲ့။ အဲဒီစက် ပုံမှန်စက်ပဲ။ စေတနာမေတ္တာ ဆိုတဲ့အတိုင်း စပါးအပေါ်မူတည်ပြီး ဆန်ထွက်သလောက် စေတနာနဲ့ အပြည့်အ၀ပေးတယ်။ အဲဒါကြောင့် ကျွန်မတော့ စေတနာ မေတ္တာ ဆန်စက်ကို မုဒိတာပွားမိပါရဲ့ရှင်။ အမည်နဲ့လိုက်လို့ ညအိပ်ရာဝင်တိုင်း စက်ပိုင်ရှင်တွေကို ကျန်းမာချမ်းသာစေဖို့ မေတ္တာပို့ရတာ မမောနိုင်အောင်ပဲ မသန်းရေ။

ဟုတ်ပါသည်။ ဆယ်မိုင်ရွာဆိုသည့်အတိုင်း သပြေတောရွာနှင့် ဆယ်မိုင်ဝေးသည့် ထိုရွာက စေတနာမေတ္တာ ဆိုတဲ့ စပါးစက်ကြီးတွင် ဆန်ပိုရသည်မို့ အနီးအနားရွာကလူတွေ လှည်းနဲ့တမျိုး၊ ကားနှင့်တဖုံ စပါးသွားကြိတ်ကြသည်။
တချို့ရွာသား အနည်းအကျဉ်းသာ အလုပ်ရှုပ်တယ်ဆိုပြီး သွားမကြိတ်ကြ။ ကိုယ့်ရွာမှာသာ ရသလောက် အောင့်အီးသည်းခံပြီး ကြိတ်နေကြသည်။ ကြာလာတော့လည်း ရွာသားတွေက တယောက်တပေါက်နှင့် ၀ိုင်းဝိုင်းလည် ဆန်စက် မကောင်းကြောင်း လူပြောများလာတော့သည်။

အမှန်တကယ်လည်း ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်များသည် ရသထက်ရချင် လောဘ၀င်နေခြင်းဖြစ်သည်။ ဆန်ကြိတ်ခကို သူများထက် ပိုယူသလို ဆန်အရလည်း နည်းသည်။ စပါးတတင်းကြိတ်ကို ၆-ပြည်ထက် ပို၍မပေး။ ၆-ပြည်ကပိုတာ သူတို့အပိုင်စီး ယူထားလိုက်သည်။

သူတို့အဖို့ အမြတ်အစွန်းဆိုတာ ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲ ရောင်းရငွေဖြင့် ရနေပြီးဖြစ်သော်လည်း ကမ်းမသတ်နိုင်သည့် လောဘမီးကြောင့် ရွာသားတွေ၏ သောကကို မမြင်နိုင်ခဲ့။ ဆောင်းဦးပေါက် စပါးပေါ်ချိန်တွင် ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်များသည် စပါးကြိတ်သူများသည့်အတွက် ၀ိုင်းဝိုင်းလည်ကာ အောင်သီးအောင်နှံများကို စားသုံးကာ အောင်ပွဲခံလျက် ရှိနေတော့သည်။

ရာသီစက်ဝန်း ပြောင်းလဲခဲ့ရာ ၁၅-နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီ။
တနေ့သောအခါ မူးယစ်ဆေးဝါး သုံးစွဲ၍ မိသားစုနှင့် စကားများပြီး အိမ်ကဆင်းသွားသည့် ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်၏ အငယ်ဆုံးသား နိုင်ထွေး အိမ်ပြန်ရောက်လာသည်။ ပျောက်သွားသည်မှာ ၈-နှစ်ခန့် ရှိပြီမို့လည်း သူ့ကို မိသားစုက သေစာရင်းထဲ သွင်းထားခဲ့ကြသည်။

ခုလို ပြန်ရောက်လာပြန်တော့လည်း အကျင့်မကောင်းပေမယ့် သွေးသားမို့ အံ့သြ၀မ်းသာခဲ့ကြရသည်။ သို့ရာတွင် ဆေးမပြတ်သေးသည့် နိုင်ထွေးသည် အရင်အတိုင်း ဆေးဖိုးပြန်တောင်းနေသည်။ မရလျှင် ရတဲ့နည်းနှင့် ရအောင်လုပ်သည်။

ဒီနေ့မှာတော့ နိုင်ထွေးတောင်းသည့် ငွေက အတော်လေး များနေသည်။ သူ့အမေက မပေးနိုင်။ သားရယ် အရင်နေ့က ယူသလောက်ပဲ ယူပါလားကွယ်။ ဒီလောက်များတဲ့ငွေတွေ သားဘာလုပ်မှာလဲ။
ဟာ အမေကလည်းဗျာ။ ကျွန်တော် လုပ်စရာရှိလို့ တောင်းတာပေါ့ဗျာ။ အမေတို့မှာ ငွေမရှိတာလည်း မဟုတ်ဘဲနဲ့။ လှူလည်းလှူ၊ သုံးလည်းသုံးပေါ့။ ဒီငွေတွေ ဘာလုပ်ဖို့လဲ။ ပေးပါဗျာ ကြာတယ်-ဟုဆိုကာ အမေကို တွန်းလှဲပစ်သည်။ ထို့နောက် အမေ့လက်ထဲက သော့တွဲကိုယူကာ အခန်းထဲသို့ တဟုန်ထိုး ၀င်သွားတော့သည်။ အခန်းတွင်းရှိ သေတ္တာကိုဖွင့်ပြီး ရွှေထုပ်နှင့် ငွေအချို့ကို ကိုင်ပြီး ထွက်လာသည်။

ရွှေထုပ်ကိုမြင်တော့ ပစ္စည်းဇောနှင့် မိခင်ဖြစ်သူ မျက်လုံးပြူးရပြီ၊ ရင်တုန်၊ နှလုံးတုန် ဖြစ်ရပြီ။ ပစ္စည်းဇောနှင့် သားဖြစ်သူဆီသွားပြီး ဖျောင်းဖျပြောဆိုကာ ရွှေထုပ်ကို တောင်းလိုက်ချင်သော်လည်း သားဖြစ်သူက ရွှေထုပ်တဖက်၊ ဓားတဖက်နှင့်မို့ ရန်ရှာမည်စိုး၍ မသွားရဲဘဲ ဖြစ်နေရှာသည်။

ထိုအချိန်မှာပင် သားဖြစ်သူ နိုင်ထွေးက ဒီမှာ အမေ-ကပ်စေးနှဲလို့ မပေးချင်တဲ့ငွေတွေ၊ ရွှေတွေ ကျွန်တော်လုပ်ပြမယ်။ ကြည့်နေ-ဟုဆိုကာ မီးဖိုချောင်သို့ ၀င်သွားသည်။
မီးဖိုထဲအရောက်တွင် ရွှေနှင့်ငွေတွေကို မီးဖိုထဲသို့ထည့်ကာ ရေနံဆီလောင်းပြီး မီးရှို့ပစ်လိုက်တော့သည်။

ရေနံဆီအရှိန်ကြောင့် မီးက ချက်ချင်းတောက်လောင်လေတော့သည်။ သား၏ လုပ်ရပ်ကို ကြက်သေသေလျက် ကြောင်ပြီးကြည့်နေသည့် မိခင်ဖြစ်သူမှာ ၀ုန်းခနဲ မီးလောင်တာမြင်တော့မှ သတိဝင်လာကာ စက်ထဲတွင် အလုပ်လုပ်နေသည့် သားကြီးနှင့် သမီးကြီးကို ဆင်းခေါ်သည်။

သို့သော်လည်း အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ သူတို့ မစားရက်၊ မသောက်ရက်၊ မလှူရက် အနှစ်နှစ်အလလက ကျစ်ကျစ်ပါအောင် ရွှေတမျိုး၊ ငွေတမျိုး စုဆောင်းထားခဲ့သည့် မြောက်မြားလှစွာသော လောဘရွှေ၊ လောဘငွေတွေသည် မလုပ်သင့်-လုပ်သင့်၊ အမှား-အမှန် မခွဲခြားနိုင်ဘဲ ဆေးကြောင်နေသည့် ဦးနှောက်နှင့် ရူးကြောင်ကြောင်ဖြစ်နေသော နိုင်ထွေး၏ လုပ်ရပ်ကြောင့် တန်ဖိုးမဲ့စွာ မီးလောင်ပြာကျသွားခဲ့လေပြီ။

သူများအပေါ် မူမမှန်သည့် လုပ်ရပ်နှင့်အတူ ခေါင်းပုံဖြတ်၊ အမြတ်ကြီးစား လုပ်ခဲ့သော သူတို့၏စိတ်ဓာတ်ကြောင့် မိသားစုထဲမှ သားတယောက် ဦးနှောက်မမှန်၊ စိတ်မမှန် ဖြစ်ခဲ့ရသည်။ စပါးကြိတ်လာသူတိုင်းက ဆန်အရနည်းလိုက်တာဟု ပြောကြလျှင် စပါးမကောင်းလို့ ဆန်မရတာ ဘာမှမတတ်နိုင်ဘူးနော်။ ဒီစက်မှာ ဆန်မရလို့ မကြိတ်ချင်ရင်နေ ကြိုက်တဲ့ဆီမှာ သွားကြိတ်ကြ။ နားငြီးတယ်-ဟု တဖက်စီးနင်း မောက်မောက်မာမာ ပြောတတ်သည့် သူတို့၏စိတ်ထားကြောင့် ရွာသူ-ရွာသားတွေ မချိတင်ကဲခံစားခဲ့ရသော သောကမီးသည် သည်တခါမှာတော့ သူတို့ဘ၀အတွက် လောဘမီးအဖြစ် ရင်ကို တငွေ့ငွေ့ တမြေ့မြေ့ ပြန်လည်လောင်ကျွမ်း နေလေပြီ။

နန်းလုံးကြိုင် (ကချင်မြေ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: