Friday, April 30, 2010

မာဂဏ္ဍီ

ကုရုတိုင်းရှိ ရွာတရွာတွင် မာဂဏ္ဍီအမည်ရှိ ပုဏ္ဏားကြီးတဦး ရှိသည်။ သူတို့၏ မျိုးရိုးကို အစွဲပြု၍ တဆွေလုံး တမျိုးလုံး မာဂဏ္ဍီ-ဟူ၍ပင် အမည်တွင်ကြသည်။
ထိုပုဏ္ဏားကြီးတွင် သမီးတဦးရှိသည်။ မာဂဏ္ဍီဟူ၍ပင် အမည်တွင်သည်။ ထိုသမီး မာဂဏ္ဍီသည် အလွန်လှပချောမောသည်။ ထို့ကြောင့် အမျိုးကောင်းသားတို့က တောင်းရမ်းလာကြသည်။ ဖခင်ပုဏ္ဏားကြီးက လက်မခံ။ သင်တို့နှင့် တန်သလော-ဟု ကြိမ်းမောင်း၍သာ လွှတ်၏။

တနေ့သ၌ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့ ကျွတ်တမ်းဝင်မည့်အရေးကို ရှုမြင်တော်မူသည်။ ထို့ကြောင့် ထိုရွာ၏ ပြင်ပရှိ ပူဇော်ရာဌာနသို့ တပါးတည်း ကြွချီလာသည်။ မာဂဏ္ဍီပုဏ္ဏားကြီးသည် ဘုရားရှင်၏ တင့်တယ်သပ္ပါယ်လှသော ရုပ်သွင်ကို မြင်သောအခါ လွန်စွာ နှစ်သက်သွားသည်။

အရှင်ရဟန်း၊ ကျွန်ုပ်၌ သမီးတယောက် ရှိပါသည်။ ကျွန်ုပ်၏သမီးသည် အရှင်ကဲ့သို့သော ယောက်ျားမြတ်နှင့်သာ ထိုက်တန်ပါသည်။ အရှင်မြတ်အား ကျွန်ုပ်၏သမီးကို ပေးဆက်လိုပါသည်။ ဤနေရာ၌ ခေတ္တစောင့်ပါ-ဟုဆိုကာ ရွာတွင်းသို့ ပြန်ဝင်သွားသည်။ သမီးကို ပြန်ခေါ်သည်။

မာဂဏ္ဍီမိသားစုတို့ ရွာမှ ထွက်လာကြသောအခါ ရွာသားများလည်း အတူလိုက်ပါလာကြသည်။ ပုဏ္ဏားကြီး နှစ်သက်သူမှာ မည်သို့ ရုပ်သွင်ရှိသည်ကို အကဲခတ်ရန်ဖြစ်သည်။ ဘုရားရှင်ကား ပုဏ္ဏားကြီးစောင့်ခိုင်းသော နေရာတွင် မနေ၊ ခြေတော်ရာကို ထင်စေလျက် အနီးရှိ အခြားတနေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။ မာဂဏ္ဍီပုဏ္ဏေးမကြီးသည် ဘုရားရှင်၏ ခြေတော်ရာကို ဖူးမြင်ရသောအခါ သေချာစွာ စစ်ဆေးကြည့်ရှုသည်။ သူမသည် ဗေဒင်လည်းတတ်သည်။ လက္ခဏာ ခြေခဏာဖတ်နည်းအတတ်ကိုလည်း တတ်သည်။ သို့ဖြင့် ပုဏ္ဏားကြီးအား အမောင်-ဤခြေရာသည် ကာမဂုဏ်ခံစားသူ၏ ခြေရာမဟုတ်ပါ-ဟုဆို၏။

ပုဏ္ဏားလည်း ပုဏ္ဏေးမအား တိတ်ဆိတ်စွာနေရန် မာန်မဲပြောဆိုသည်။ ဘုရားရှင် သီးတင်းသုံးသော နေရာသို့ သွားရောက်သည်။ အရှင်ရဟန်း၊ ကျွန်ူပ်၏သမီးကို အလုပ်အကျွေးအဖြစ် ပေးပါ၏-ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က မိမိဘုရား မဟာဗောဓိပင်အနီး ဆိတ်ကျောင်းညောင်ပင်အောက်၌ သီတင်းသုံးစဉ် မာရ်နတ်မင်း၏ တဏှာ၊ အရတီ၊ ရဂါ-ဟူသော သမီးသုံးယောက်တို့ လာရောက်မြူဆွယ်ခဲ့ပုံကို ဟောပြတော်မူသည်။ ထို့နောက် အသင်ပုဏ္ဏား-မာရ်နတ်မင်း၏ သမီးသုံးယောက်ကိုမျှ ငါဘုရားအလိုမရှိခဲ့ပါ။ ကျင်ကြီး ကျင်ငယ်တို့ ပြည့်နေသော မာဂဏ္ဍီသူငယ်မကို အဘယ်မှာ အလိုရှိပါမည်နည်း။ သင့်သမီး မာဂဏ္ဍီကို ခြေဖြင့်ပင် မထိလိုပါ-ဟု မိန့်ဆို၍ ငြင်းပယ်လိုက်သည်။ တရားဟောပြောသည်။ တရားအဆုံး၌ မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် တရားထူးရသွားကြသည်။

သမီး မာဂဏ္ဍီကား တရားမရ။ မိမိအား ချိုးချိုးဖဲ့ဖဲ့ ဆိုပေသည်-ဟူ၍ ဘုရားရှင်ကို ရန်ငြိုးကြီးစွာ ဖွဲ့လေသည်။ မကြာမီပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် သာသနာတော်၌ ရဟန်းပြုကြလေသည်။ ထိုအခါ ညီဖြစ်သူ စူဠမာဂဏ္ဍီထံ သမီးကို အပ်နှံထားခဲ့ကြသည်။ စူဠမာဂဏ္ဍီသည် ဥတေနမင်းကြီး၏ ရှေ့တော်မှောက်သို့ ၀င်ရောက်၍ သမီး မာဂဏ္ဍီကို ဆက်သသည်။ ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏ လှပတင့်တယ်သော ရုပ်သွင်ကို နှစ်သက်သွားသည်။ ၀မ်းမြောက်ဝမ်းသာ လက်ခံ၍ မိဖုရားကြီးအရာ၌ ထားလေသည်။

ထိုမှစ၍ ဥတေနမင်းကြီးတွင် သာမာဝတီ၊ ၀ါသုလဒတ္တာ၊ မာဂဏ္ဍီ-ဟူ၍ မိဖုရားကြီး သုံးယောက် ရှိလာသည်။ ယင်းတို့တွင် သာမာဝတီသည် သူဌေးမျိုး ဖြစ်သည်။ ၀ါသုလဒတ္တာသည် မင်းမျိုး ဖြစ်သည်။ မာဂဏ္ဍီသည်ကား ပုဏ္ဏားမျိုး ဖြစ်လေသည်။
(အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ )

No comments: