ကောသမ္ဗီသူဌေးကြီးသည် သေအံ့ဆဲဆဲ ဖြစ်နေခိုက်မှာပင် ဃောသကအပေါ် မလိုမုန်းထားရှိနေသည်။ မိမိသေဆုံးပါက ဃောသက အမွေရမည်စိုးသဖြင့် တပည့်တယောက်ကို လွှတ်၍ ဃောသကသူဌေး ဇနီးမောင်နှံအား ခေါ်စေသည်။
ဃောသက၏ မယားကား လိမ္မာ၍ ဉာဏ်ထက်မြက်သူ ဖြစ်သည်။ သူသည် သူဌေးကြီး၏ အကြံကို ရိပ်မိသည်။ ထို့ကြောင့် အခေါ်လာသူအား မောင်ကြီး-သူဌေးကြီး၏ရောဂါ မည်သို့အခြေအနေ ရှိပါသနည်း-ဟု မေး၏။ ထိုသူက သူဌေးကြီး၏ ရောဂါကား ပြင်းလှသည်။ သို့သော် အစာဝင်ပါသေးသည်-ဟု ဆို၏။ ဤတွင် ဃောသက၏မယားသည် ထိုသူအား ခေတ္တဆိုင်းငံ့ပါဦး-ဟုဆိုကာ မပြန်စေဘဲ ကျွေးမွေးပြုစုစောင့်ရှောက် ထားသည်။
သူဌေးကြီးသည် စေလွှတ်သော တပည့်လည်း ပြန်ရောက်မလာ။ ဃောသကလည်း ပေါ်မလာသဖြင့် ဒုတိယတပည့်ကို စေလွှတ်ပြန်သည်။ ထိုဒုတိယတပည့်ကိုလည်း ဃောသက၏ မယားက သူဌေးကြီး၏ ရောဂါအခြေအနေကို မေးမြန်းပြန်သည်။ ထိုသူက အရှင်မ-သူဌေးကြီး၏ ရောဂါ အလွန်သည်းနေပြီ၊ အစာမ၀င်ဘဲ သေအံ့ဆဲဆဲ ဖြစ်နေပြီ-ဟု ဆို၏။
ဤတွင် ဃောသက၏မယားသည် ဃောသကအား အကြောင်းစုံပြောပြသည်။ ထို့နောက် ဃောသကနှင့်အတူ ကောသမ္ဗီမြို့သို့ လှည်းဖြင့် လာခဲ့ကြသည်။ လမ်းတွင် ဃောသက၏ မယားသည် သူဌေးကြီးထံရောက်သော် မည်သို့ပြုမူရမည်ကို ဃောသကအား မှာထားသည်။ သူပြုမည့်အစီအစဉ်ကိုလည်း ပြောထားသည်။
သူဌေးကြီးထံရောက်သော် ဃောသက၏ မယားသည် သူဌေးကြီး လဲလျောင်းနေရာ ဦးခေါင်းရင်းမှာ ထိုင်သည်။ ဃောသကကိုမူ သူဌေးကြီး၏ ခြေရင်း၌ ထိုင်စေသည်။ မိမိတို့၏ အဖော်တပည့်တို့ကိုကား အိမ်ရှေ့အိမ်နောက်၌ အစောင့်ချထားသည်။
သူဌေးကြီးသည် ဃောသကကို မြင်သောအခါ စာရင်းထိန်းကို ခေါ်သည်။ မိမိပိုင်ပစ္စည်းတို့ကို မေးသည်။ စာရင်းထိန်းက ကုဋေလေးဆယ်သော ဥစ္စာတို့နှင့်တကွ အခြားသက်ရှိသက်မဲ့ ပစ္စည်းများစာရင်းကို ပြောပြသည်။ သူဌေးကြီးသည် ဤမျှသော ဥစ္စာတို့ကို ငါ့သား ဃောသကအား ငါမပေးပါ-ဟုဆိုလိုပါလျက် မိန်းမောနေသဖြင့် ငါပေးပါ၏-ဟုဆိုမိသည်။ သို့ဆိုမိသဖြင့် စကားပြင်၍ ပြောမည်ပြုသည်။ ထိုအခါ ဃောသကမယားက စကားပြင်၍ မပြောနိုင်အောင် သူဌေးကြီး၏ ရင်ဘတ်ပေါ်ဝယ် ခေါင်းတင်၍ ငိုကြွေးသည်။ ထိုအခိုက်မှာပင် သူဌေးကြီး ကွယ်လွန်သွားလေသည်။
ကောသမ္ဗီသူဌေးကြီး ကွယ်လွန်ကြောင်းကို သက်ဆိုင်သူတို့က ဥတေနမင်းကြီးအား တင်လျှောက်ကြသည်။ မင်းကြီးလည်း ဃောသကကို ခေါ်ယူသည်။ သင့်ဖခင် သူဌေးကြီး၏ အမွေကို ဆက်ခံခွင့်ပေးမည်-ဟု ပြောဆို ကတိပေးလိုက်သည်။
ဃောသကသည် နန်းတော်သို့လာစဉ် လမ်းခရီး၌ တွေ့ရသော ရေအိုင်ငယ်များကို ကလေးသဖွယ် ခုန်လွှား၍ လာခဲ့သည်။ အပြန်တွင်ကား မခုန်လွှားတော့။ လူကြီးသဖွယ် ဣနြေ္ဒရစွာဖြင့် ကွေ့ရှောင်၍သွားသည်။ ဤအခြင်းအရာကို ဥတေနမင်းကြီး သတိပြုမိသွားသည်။ ဃောသကအား ပြန်ခေါ်၍ အကြောင်းရင်းကို မေးသည်။
ဃောသကက အရှင်မင်းကြီးက သူဌေးအရာပေးမည်ဟု ကတိပေးသဖြင့် သူဌေးတို့ဣနြေ္ဒနှင့်အညီ တည်ငြိမ်စွာ သွားလာခြင်းဖြစ်ပါသည်-ဟူ၍ တင်လျှောက်သည်။ မင်းကြီးလည်း ဃောသက၏ စိတ်ထားကို နှစ်သက်သွားသည်။ သူဌေးကြီး၏ အမွေအားလုံးကို ချက်ချင်းပေးလိုက်သည်။ ဃောသကသည် သူဌေးကြီးဖြစ်လာပြီး ဃောသက၏ မယားလိမ္မာသည်လည်း သူဌေးကတော်ကြီး ဖြစ်လာလေသည်။
ဃောသကသူဌေးသည် သူဌေးကတော်နှင့် မိတ်ဆွေများ၏ ဖွင့်ဟပြောဆိုချက်အရ ကောသမ္ဗီသူဌေးကြီးက မိမိအားသတ်ရန် အမျိုးမျိုးကြံစည်ခဲ့သည်တို့ကို သိရသည်။ ထိုအခါ များစွာ သံဝေဂရမိသည်။ ငါသည် ကံထူးလှသဖြင့် သေဘေးမှ လွတ်ခဲ့ရသည်။ မေ့မေ့လျော့လျော့ မနေသင့်၊ အသက်ရှင်ခိုက် ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ပြုမှ တော်ချေမည်-ဟု ဆိုကာ နေ့စဉ် အသပြာတထောင် စွန့်ကြဲလှူဒါန်းလေသည်။
( အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)
မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment