Wednesday, April 28, 2010

သူလို မြတ်သောဆရာ

အလွန်မွန်မြတ်လှ၍ ပြုနိုင်ခဲသော ကောင်းမှုကိုပြုသော ဆရာတော်တပါး၏ ဖြစ်ရပ်မှန်ဖြစ်သည်။ ဆရာတော်မှာ ဘဒ္ဒန္တနာရဒ ဖြစ်သည်။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆင်တုံးအုပ်စု ကျီးကန်းသိုက်ကျေးရွာ ဂန္ဓာရုံကျောင်းတိုက် ဆရာတော် ဖြစ်သည်။

၁၃၆၇-ခုနှစ် တပို့တွဲလဆုတ် ၄-ရက်ကြာသပတေးနေ့ ညဥ့်သန်းခေါင်ကျော် ၂-ချက်တီးခန့်အချိန် ဆွမ်းစားကျောင်းမီးဖိုချောင်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးအပူရှိန်ကြောင့် ကျိန်းနေရာမှ ဆရာတော် လန့်နိုးသွားသည်။ မီးလွတ်ရာသို့ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း အသက် ၆-နှစ်မှ ၁၀-နှစ်အရွယ်အထိ ရှိကြသော တပည့်သာမဏေငယ် ၉-ပါးတို့ အိပ်မောကျနေသည်ကို တွေ့ရသည်။ သို့ဖြင့် တပါးချင်းစီကို မီးလွတ်ရာသို့ ကယ်တင်ပို့ဆောင်တော်မူသည်။ ထိုသို့ ကယ်တင်မှုကြောင့် သင်္ကန်းကို မီးစွဲလောင်ခြင်း ခံခဲ့ရကာ ထိုမီးလောင်သော ဒဏ်ရာဖြင့် ၁၃၆၇-ခုနှစ် တပို့လဆုတ် ၅-ရက် သောကြာနေ့ ည ၇-နာရီ ၄၅-မိနစ်အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ရရှာသည်။


ဆရာတော်သည် တပည့်သာမဏေငယ်တို့အား မီးလွတ်ရာသို့ တပါးချင်း ထမ်းပိုးသယ်ယူကယ်တင်ခဲ့ရာ မိမိအား မီးလောင်နေသည်ကိုပင် ဂရုမထား။ တပည့်သာမဏေငယ်များ အားလုံးကို ကယ်တင်ပြီးသောအချိန်တွင် ကျောင်းလှေကား မီးစွဲနေပြီဖြစ်၍ ပြတင်းပေါက်မှ ခုန်ချတော်မူခဲ့သည်။ ကျောင်းအောက်ရှိ စဥ့်အိုး (ရာဝင်အိုး) နှင့် ဦးခေါင်းတော် ထပ်မံရိုက်မိတော်မူခဲ့ရသည်။

အောက်သို့ ရောက်ရောက်ချင်း တပည့်တို့အားလုံး စုံကြပြီလား-ဟု မေးတော်မူပြီး သတိလစ်မေ့မြောသွားကာ နောက်ဆုံး ပျံလွန်တော်မူခဲ့ချိန်ထိ မီးလောင်ခံရသော ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားတော်မူခဲ့ရပေသည်။ တပည့် သာမဏေတို့၏ အသက်ဘေးရန်ကို မိမိကိုယ်ကျိုး လုံးဝထည့်မတွက်ဘဲ အသက်စွန့်ကယ်တင် ကာကွယ်တားဆီးတော်မူခဲ့သည့် မြတ်သောဆရာ ဘဒ္ဒန္တနာရဒ-မထေရ်မြတ်သည် သက်တော် ၆၆-နှစ်၊ သိက္ခာတော် ၄၆-၀ါအရတွင် တပည့်ရဟန်းသာမဏေတို့နှင့် ဒကာ ဒကာမအပေါင်းကို စွန့်ခွါပျံလွန်တော် မူခဲ့ပေပြီ။

ဆရာတော်လောင်းလျာ မောင်ထွန်းကြည်-ကို ဓနုဖြူမြို့နယ် နန်းတော်ကုန်းအုပ်စု ပျဉ်ထောင်စုကျေးရွာနေ ဖခမည်းတော် လယ်သမားကြီး ဦးရွှေဆိုင်၊ မယ်တော် ဒေါ်မယ်ဉာဏ် တို့က ၁၃၀၁-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက် စနေနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်း ၅-ယောက်အနက် စတုတ္ထမြောက် သားရတနာဖြစ်သည်။ အသက် ၈-နှစ်အရွယ်တွင် ဓနုဖြူမြို့နယ် နန်းတော်ကုန်းအုပ်စု ပျဉ်ထောင်စုကျေးရွာ မင်္ဂလာဇေယျုံကျောင်း ဆရာတော် ဦးအဂ္ဂ၀ံသကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော်တို့၏ ပစ္စည်း၎-ပါးကို ခံယူကာ ရှင်သာမဏေအဖြစ် ရောက်ရှိတော်မူခဲ့ပါသည်။

သက်တော် ၂၀-ပြည့်တော်မူသောအခါ မိဘနှစ်ပါးနှင့် ညီအကိုများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဆရာရင်းဖြစ်သော ဦးအဂ္ဂ၀ံသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ခံယူတော်မူခဲ့ပေသည်။ ၁၃၅၂-ခုနှစ် ၀ါဆိုလဆန်း ၁၀-ရက်နေ့တွင် သာသနာပြုကျောင်းထိုင်ရန် ယခု မီးလောင်ကျွမ်းခဲ့သော ညောင်တုန်းမြို့နယ် ဆင်တုံးအုပ်စု ကျီးကန်းသိုက်ကျေးရွာ ဂန္ဓာရုံကျောင်းသို့ ကြွရောက်တော်မူခဲ့ပေသည်။

ဆရာတော်သည် မိဘမဲ့ကလေးများကို ကျောင်းသို့ခေါ်ပြီး ရှင်သာမဏေပြုပေးကာ ကျွေးမွေးပြုစု စောင့်ရှောက်တော်မူလေ့ရှိသည်။ ထိုသို့ တပည့်သာမဏေငယ်များအပေါ် မေတ္တာ ကရုဏာ အပြည့်ပေးဆပ်ခဲ့သော ဆရာတော်၏ ဂုဏ်သတင်းကြောင့် ရပ်နီးရပ်ဝေးမှ တပည့် ဒကာ ဒကာမတို့၏ ကြည်ညိုလေးစားခြင်းကို ခံယူတော်မူခဲ့ရပေသည်။

ဆရာတော် ဘဒ္ဒန္တနာရဒ မထေရ်မြတ်၏ မိမိအသက်ကိုစွန့်ကာ တပည့်သာမဏေတို့၏ အသက်ကို ကယ်တင်တော်မူခဲ့သည့်ဖြစ်ရပ်မှန်ကို မြတ်မင်္ဂလာ စာဖတ်ပရိသတ်များ သိရှိကြည်ညိုနိုင်ရန် တင်ပြအပ်ပါသည်။

ထွန်းထွန်း-ညောင်တုန်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

1 comment:

Crystal said...

ဝမ်းနာည်းစွာဖြင့် သာဓုခေါ်ဆိုသွားပါသည်။