Monday, April 12, 2010

အချိန်မီပါသေးတယ် သူငယ်ချင်းရေ

ယနေ့ တနင်္ဂနွေ ရုံးပိတ်ရက်မို့ ဦးမောင်စိုး အနားယူအိပ်စက်လျက် ရှိနေ၏။
ကိုစိုးရေ၊ ထထ၊ ယနေ့ ရှင့်သူငယ်ချင်း ကိုဘတင့် ကျောင်းရေစက်ချပွဲ ဖိတ်ထားတယ်မဟုတ်လား။
အေးဟ၊ ငါမေ့နေလိုက်တာ မိန်းမရေ၊ ကျေးဇူးပဲကွာ-ဟုပြောပြီး အိပ်ရာမှ အမြန်ထ၏။ ကိုယ်လက်သန့်စင်၊ ရေချိုး၊ အ၀တ်အစားလဲပြီးသည်နှင့် ကြိုတင်ချိန်းဆိုထားသည့် အတိုင်း ဦးလှမိုး၏ကား ရောက်လာ၍ အလှူပွဲသို့ ထွက်ခွာသွားကြ၏။

ရန်ကုန်မြို့၏ တခုသောရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းသို့ နံနက် ၈-နာရီခန့်တွင် ရောက်သွားကြသည်။ သူငယ်ချင်း ကိုဘတင့် ကောင်းစွာကြိုဆို၍ နေရာချပေး၏။ ရေစက်ချလှူဒါန်းမည့် သုံးထပ်ကျောင်းဆောင် သစ်ကြီးကလည်း ထိန်ထိန်တောက်၊ လာလိုက်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အဖိုးတန် ကိုယ်ပိုင်ကားတွေကလည်း ကျောင်းဝင်းအပြည့်။ ပင့်သံဃာတော်မြတ်များကလည်း အပါး ၁၀၀-ကျော်။ ကျွေးမွေးလိုက်သည့် ဒန်ပေါက်ထမင်း၊ ကြက်သားဟင်းကလည်း လက်ကြားဆီယို၊ ဒါနအကြောင်းရင်းခံပြီး ကုသိုလ်ကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ-တရားခေါင်းစဉ်နှင့် ရေစက်ချ တရားကလည်း ကုသိုလ်ရှင်အဖို့ ၀မ်းမြောက်စရာ။ ဧည့်ပရိသတ်များအပြန်တွင် စတီးချိုင့်တလုံးစီ အကမ်းလက်ဆောင်ကလည်း ပါသေး။

ဒီလောက်ကြီးကျယ်တဲ့ အလှူပွဲကြီး ကုန်ငွေကတော့ သိန်းထောင်ချီမှာပဲ-ဟု ဦးမောင်စိုး စဉ်းစားပြီး သူငယ်ချင်း၏အလှူကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်၍ ပြန်လာ၏။
မိန်းမရေ၊ မင်းကိုတောာင် ဘတင့်က မေးသေးတယ်ကွာ။ ရုံးအားရက်မှာ အိမ်မှုကိစ္စတွေများနေလို့ လာမည့်သင်္ကြန် အညာမှာလုပ်မဲ့ သိမ်အလှူပွဲကျမှ ပေးသွားမယ်ဆိုပြီး တောင်းပန်ခဲ့ရတယ်။

အေး-ဟုတ်သားပဲ တော်ရေ၊ အညာမြေ သိမ်အလှူပွဲကို ကျုပ်သွားမယ်နော်။
အေးပါ-သူကိုယ်တိုင် ကားနဲ့လာခေါ်မယ်တဲ့ဗျာ။
ဦးမောင်စိုး ပက်လက်ကုလားထိုင်မှာ ခေတ္တအနားယူပြီး ၄င်းတို့၏နောက်ကြောင်းကို စဉ်းစားကြည့်မိ၏။
၎င်းတို့ သူငယ်ချင်း နှစ်ဦးမှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၏ တခုသော ရွာငယ်တရွာတွင် မွေးကြသည်။ ၁၉၆၀-ပြည်နှစ်မှာ မုဒုံမြို့မှ ၁၀-တန်းအတူအောင်ကြ၏။ ရန်ကုန်သို့ လာကြပြီး ရုံးတရုံးတွင် စာရေးအလုပ် ၀င်လုပ်ကြသည်။ ညပိုင်း သက်ကြီးတက္ကသိုလ်တက်၍ အလုပ်တဖက်နဲ့ ၀ိဇ္ဇာဘွဲ့ ရကြ၏။

ကိုဘတင့်က တဦးတည်းသော သူဌေးကြီးသမီးနှင့် အိမ်ထောင်ကျ။ အလုပ်ထွက်။ စီးပွားရေးလုပ်။ အနှစ် ၂၀-၃၀ အတွင်း လုပ်သမျှအောင်၍ ချမ်းသာလိုက်တာမှ ကျိကျိတက်။
မလေးရှား၊ စင်ကာပူမှ ကုန်သည်ကြီးများနှင့် ပူးပေါင်းပြီး ရန်ကုန်တွင် ကုမ္ပဏီကြီး ၂-ခု၊ မြစ်ဝကျွန်းပေါ်တွင် ဆန်စက်ကြီး။ အညာဒေသတွင် ဆီစက်ကြီး။
ယခုသင်္ကြန်မှာ သိမ်အလှူတော်မင်္ဂလာ ရေစက်ချပွဲကို ဆီစက်တည်ရာဒေသမှာ လုပ်မည်။ ရန်ကုန်တွင် တိုက် ၄-လုံး။ အမြဲနေတာက ရွှေတောင်ကုန်း လူချမ်းသာများရပ်ကွက်။ အလှူရေစက် လက်နှင့်မကွာ လှူခဲ့သည်မို့ သာသနာရေးဆိုင်ရာဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရတာ ထိုက်ထိုက်တန်တန်ပါပဲလား။

မိမိမှာတော့ မြောက်ဒဂုံတွင် သစ်သားကိုယ်ပိုင် အိမ်ငယ်နှင့်၊ ရုံးအုပ်ရာထူးနှင့်။ နောက် ၃-နှစ်ဆိုလျှင် ပင်စင်ယူရမည်။ ဇနီးကလည်း ဒု-ရုံးအုပ်ရာထူးနှင့်။ တနှစ်ထဲမှာပင် ပင်စင်ယူရမည်။
သူငယ်ချင်းနှစ်ဦး တူညီသောအချက် တချက်က အသက် ၈၀-ကျော်အရွယ် မိအိုဖအိုများ စုံစုံညီညီ မွေးရပ်မြေတွင် ရှိနေကြခြင်းပင် ဖြစ်၏။

ထို့နောက် များမကြာမီပင် အတာသင်္ကြန်အကြိုနေ့သို့ ရောက်လာပေပြီ။ ဦးမောင်စိုးက နှစ်စဉ် ၀တ္တရားမပျက် ညကားဖြင့် မုဒုံမြို့နယ်အတွင်းရှိ ရွာနေ မိဘနှစ်ပါးထံ ကန်တော့ရန် သွားလေ၏။ ဇနီးဖြစ်သူ ဒေါ်ထားကလည်း နံနက်စောစောကပင် ဦးဘတင့် ဇနီးမောင်နှံ ကားနှင့်လာခေါ်သဖြင့် အညာဒေသရှိ ဦးဘတင့်၏ သိမ်အလှူတော်ရေစက်ချပွဲသို့ လိုက်ပါသွား၏။

နှစ်ဆန်းတရက်နေ့ ညနေပိုင်းတွင် အသီးသီး အိမ်သို့ပြန်လာကြ၏။ ညစာစားသောက်ကြပြီး မိမိတို့၏ အတွေ့အကြုံများကို ပြောပြကြသည်။
ကိုစိုးရေ၊ ကျုပ်တသက်မှာ မကြုံဘူးပါဘူး တော်ရေ၊ ကြီးကျယ်လိုက်တဲ့ အလှူပွဲကြီးပါပဲ၊ နှစ်ထပ်သိမ်ကြီးကလည်း ခမ်းနားထည်ဝါပါပေါ့လား၊ ဆီစက်ကြီးတည်ရာ ပတ်ဝန်းကျင်က ရွာ-လေးရွာဆိုရင် သင်္ကြန်လေးရက်အတွင်း ရွာ မီးခိုးတိတ် တော်ရေ၊ ချက်ရေးပြုတ်ရေး ကျွေးမွေးရေးကို တရွာစီ အလှည့်နဲ့ တာဝန်ယူကြတယ်။ ဆန်အိတ်တွေကလည်း ရာချီပြီး ပုံထားတယ်။ အသားပေါ်ဖို့ ၀က်၊ ကြက်တွေကလည်း ခြံနှင့်လှောင်ထားကြတယ် ဆိုပဲ။ နာမည်ကြီးတဲ့ ဇာတ်ပွဲကိုလည်း ကြေးကြီးပေးပြီး လယ်တွင်းမှာ ဗလာပွဲ ကခိုင်းသေး၊ စာထဲဖတ်ဖူးတဲ့ ထမင်းရေ ချောင်းစီးအလှူပွဲဆိုတာ ဒါမျိုးနေမယ်နော် ကိုစိုး။

ယင် ကိုစိုး၊ ရှင်နေထိုင်မကောင်း ဖြစ်နေလား၊ မျက်နှာကလည်း ညှိုးငယ်နေလိုက်တာ၊ ကျုပ်က ရှင့်သူငယ်ချင်းအလှူပွဲကြီးကို ၀မ်းသာအားရ ပြောပြနေတာကိုများ ရှင်ဝမ်းမသာဘူးလား။
ဟာ မိန်းမကလည်းကွာ၊ ငါ ၀မ်းသာပါတယ်၊
ဒါဆို ဘာဖြစ်လို့ ရှင်က ငေးငိုင်ပြီး မျက်နှာညှိုးငယ်နေရတာတုံး။
ဒီလိုကွာ မိန်းမရေ၊ ဒီတခေါက် ငါရွာသွားတာ ဘတင့်တို့အိမ်ကို ရောက်သွားတယ်။ တရွာတည်းနေပေမယ့် သူတို့အိမ်က ရွာတောင်ပိုင်း၊ ငါတို့က ရွာမြောက်ပိုင်း အလှမ်းကွာတာကတကြောင်း၊ သင်္ကြန်ဆိုတော့ သူတို့မိဘတွေမှာ ဥပုသ်ရက်ရှည်စောင့်လေ့ရှိတော့ အနှောင့်အယှက် မပေးချင်တဲ့သဘောပေါ့လေ၊ ဒါကြောင့် အရင်က ငါ မရောက်တာ။

ဒီတခါ ရောက်သွားတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာတွေ့တယ်။ ကျန်းမာရေး မကောင်းကြလို့ ကျောင်းမှာ ဥပုသ်မစောင့်နိုင်ကြဘူးတဲ့။ အိမ်ကလည်း ခပ်ယိုင်ယိုင်တောင် ဖြစ်နေတယ်။ ကျားကန်ထားရတယ်။ ပြိုလုပြိုခင် ပါပဲ၊ ဘတင့်ညီမ အပျိုကြီးအေးခင်ကလည်း ဘွင်းဘွင်းသမားမို့ ငါ့ကိုပြောလိုက်တာ မယုံနိုင်အောင်ပါပဲကွာ။

ဘာတွေများ ပြောလိုက်လို့လဲ ကိုစိုး။
ဟာ ဘတင့် စာလည်းမရေး၊ လူလည်းမလာ၊ ဘာမှလည်း မပေးကမ်း၊ မထောက်ပံ့တာ ၇-နှစ်ကြီးတောင် ရှိသွားပြီတဲ့ဗျာ။
နို့-အဒေါ်နှင့် ဦးလေးဟာ ကိုဘတင့်ရဲ့ အဖေရင်း၊ အမေရင်း မဟုတ်လား။
ဟုတ်တာမှ သိပ်ဟုတ်တာပေါ့ကွာ၊ သားသမီးအရင်းခေါက်ခေါက် ဘတင့်နဲ့ သူ့ညီမ အေးခင် နှစ်ဦးတည်းရှိတာ။

သြ-ဟုတ်ပြီ ကျုပ်သိပြီ၊ အပြန်ခရီးမှာ ရှင့်သူငယ်ချင်း ကိုဘတင့်ကြီး ကားပေါ် စကားမပြောဘဲ ငေးငိုင်လာတာ၊ အလှူပွဲမှာ ဆရာတော်ဘုရား ဟောလိုက်တဲ့ တရားကြောင့်ပဲဖြစ်မှာ တော်ရေ၊
ဘာတွေများ ဟောလိုက်သလဲ မိန်းမရေ၊
ဆရာတော်က ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကို မလှူမတန်းလို့ ငရဲမကြီးဘူးတဲ့၊ ကုသိုလ်မရယုံဘဲ ရှိမှာ။ ဒါပေမယ့် အသက်ထင်ရှားရှိပြီး ဘုရားနဲ့တဂိုဏ်းတည်းထားတဲ့ မိဘနှစ်ပါးကို ကျွေးနိုင်၊ မွေးနိုင်၊ ပေးနိုင်၊ ကမ်းနိုင်တဲ့ အခြေအနေရှိရဲ့သားနဲ့ မဆောင်ရွက် မပြုလုပ်တဲ့သားသမီးတွေဟာ ငရဲကြီးတယ်တဲ့ တော်ရေ။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးဝတ္တရား ပျက်ကွက်တဲ့အပြင် မင်္ဂလာတရားတော်နဲ့ ဆန့်ကျင်လို့တဲ့။

ဒီအတိုင်းပဲ ဟောလား။
ဟုတ်ပါ့တော်ရေ၊ ကိုဘတင့်ကြီးကို တဲ့တိုးဟောသလို ဖြစ်သွားသလိုပဲ။ ဒါကြောင့် ကားပေါ်မှာ စကားတခွန်းမှ မပြောဘဲ ပါလာတာကိုး။ သူ့ဇနီး ဒေါ်သန်းသန်းပါလို့ တော်သေး။
ဒါနဲ့ ကိုစိုးရေ၊ ကျုပ်ကို ကားနဲ့ အိမ်ပြန်ပို့တော့ ကိုဘတင့်က မှာသွားတယ်။ မထားရေ၊ မောင်စိုးတော့ မုဒုံကနေ ပြန်မလာသေးဘူးထင်တယ်။ ညနေပြန်လာရင် ပြောလိုက်ပါ။ မနက်ဖြန် အစောကြီး ကျွန်တော်ပြန်လာမယ်။ မုဒုံကို သွားမယ်တဲ့ရှင်။

နောက်တနေ့အစောကြီး အိမ်ရှေ့က ကားဟွန်းသံကြား၍ တံခါးဖွင့်ကြည့်တော့ ဘတင့်တို့ ဇနီးမောင်နှံ ကားပေါ်မှ ဆင်းလာသည်။
ဟာ သူငယ်ချင်း၊ လာ လာ၊ ထိုင် ထိုင်။
အချိန်မရှိဘူးကွာ၊ ငါ မုဒုံသွားမယ်။ မင်း ရွာရောက်တော့ အိမ်ကိုရောက်သေးလား။
ရောက်ပါတယ်၊ အခြေအနေ သိပ်မကောင်းဘူး။
တော်ပြီ သူငယ်ချင်း၊ ငါသိပြီးပါပြီ၊ အညာအလှူပွဲမှာ ဆရာတော်ဟောလိုက်တဲ့တရား ငါ့ကိုဟောသလို ခံစားရတယ်။ ငါလည်း အလုပ်တွေကများ၊ နိုင်ငံခြားကိုလည်း ခဏခဏသွား၊ အလုပ်တွေထဲမှာပဲ မြုပ်နေတယ်။ မိဘတွေကိုတော့ သတိရပါတယ်။ စိတ်သာရောက်ပြီး လူမရောက်ဖြစ်ခဲ့ဘူး။ ငါမရောက်တာ ၇-နှစ်ရှိပြီ၊ ငါ့ဇနီးက ငါ ပေးကမ်းထောက်ပံ့နေတယ် ထင်နေတာ။ ငါ့ကို အပြစ်တောင်တင်နေတယ်။

ငါ အခု ငွေတွေယူလာတယ်။ ရွာကိုရောက်တာနဲ့ အဖေနဲ့အမေ သုံးစွဲဖို့ သိန်း ၃၀၀။ အိမ်ကို ချက်ချင်း ပြန်ဆောက်ဖို့ သိန်း ၃၀၀။ ကားပေါ်မှာ ငါ့ကိုယ်စားလှယ် ပါလာတယ်။ သူ့ကို လုပ်ခိုင်းဖို့။ နောက်ပြီး ရွာထိပ်က သစ်သားတံတားကြီးကိုလည်း သံကွန်ကရစ်တံတား လုပ်ပေးဖို့ ရွာကလူကြီးတွေနဲ့ ဆွေးနွေးပြီး ရန်ကုန်က ပန်းရံတွေ၊ အင်ဂျင်နီယာတွေ လွှတ်ပေးမယ်။ တံတားပြီးရင် အဖေ အမေနာမည်နဲ့ ကောင်းမှုရှင်ကမ္ဗည်း ကျောက်စာထိုးပြီး မိဘနှစ်ပါးကို ကိုယ်စီ ရေစက်ချခိုင်းမယ်။ ငါ့ရဲ့ မိုက်ပြစ်တွေကိုလည်း ခွင့်လွှတ်ဖို့ မိဘနှစ်ပါးကို ခြေဖက်ပြီး တောင်းပန်ရှိခိုးမယ်။ ကဲ သွားတော့မယ်။ အချိန် နောက်ကျနေဦးမယ်။

အေး အေး၊ သွား သွား၊ အချိန်မီပါသေးတယ် သူငယ်ချင်းရေ-----။

ပုလော-ဖိုးအေး
( မြတ်မင်္ဂလာ ၂၀၀၇-ဧပြီလ)

No comments: