Friday, April 23, 2010

သံသရာမှ လွတ်မြောက်ကြောင်းတရား

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု
  • သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
  • သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
  • ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။
  • ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
  • သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
  • ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
  • ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။
  • အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး-နေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
  • မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။
  • မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
  • မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။
  • ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သူများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှာလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြတော့ တာပါပဲ။

ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

ရိုသေလေးစားစွာဖြင့်

ဝင်းမြင့်

No comments: