Friday, April 16, 2010

စပါးလင်နှောက်လိုက်သည့် ဆီးကျောက်ကိစ္စ

တနေ့ဆီက ကျွန်တော်တို့ သားအဖများ ဘုရားကအပြန်တွင် မမျှော်လင့်ဘဲနှင့် တောဆေးတခွက်ကို သွားရင်းက ကောက်ရခဲ့လေသည်။ တပတ်လျှင်တခါ ကျွန်တော်တို့ ရွှေတိဂုံစေတီတော်မှာ သားများနှင့် ကုသိုလ်စပ်လျက် အာရုံဆွမ်း ကပ်လေ့ရှိပါသည်။ ကျွန်တော်နှင့်အတူ သားကြီးမောင်သိဒ္ဓိနှင့် သားအငယ်ဆုံး မောင်အေးမင်း-တို့ လိုက်ပါတတ်သည်။

ထိုနေ့ ဘုရားမှအဆင်းတွင် မောင်အေးမင်းက အဖေ-ကားက ဘရိတ်မညီဘူး ဖြစ်နေတယ်။ ကျွန်တော် ခဏ၀င်ညှိချင်တယ်-ဟုဆိုကာ ခင်ရာမင်ရာ ၀ပ်ရှော့မှာ ခဏ၀င်ရပါသည်။ ထိုအခါ ၀ပ်ရှော့ရှေ့မှာက ပြဿနာနှင့် ကြုံနေပါချေတော့သည်။ ၀ပ်ရှော့ဆရာကြီး တူလား၊ တပည့်ပဲလား ခါးကြီးကော့ကာ ကော့ကာနှင့် အောင့်တယ်၊ သိပ်အောင့်နေတယ်၊ ဆီးက တအားကိုတင်းပြီးလည်း ထိုးထိုးနေတယ်-ဟု အော်နေပါချေသည်။

ရောဂါပြင်းထန်သည်မှာ သိသာပါသည်။ ခံစားချက်ဆိုးဝါးချက်အရ ချွေးသီးများ ကျနေသည်။ ထိုအခါ သားအငယ် ကိုအေးမင်းက အဖေ-လက္ခဏာကြည့်ရတာဖြင့် ကျွန်တော်ဖြစ်ခဲ့တဲ့ပုံပဲ။ ဆီးကျောက်ကိစ္စ ဖြစ်တယ်ထင်တယ်။
ဒိုးက-အေး အကဲခတ်မဆိုးဘူး။ တလောက မင်း-ဖြစ်ခဲ့တာနဲ့ တထပ်တည်းပဲ။
တလောက မောင်အေးမင်းသည် ဆီးက ထိုးသည်၊ တအားကို အောင့်သည်ဆိုကာ ခုလိုပဲ ကော့ပျံပျံဖြစ်ကာ အော်နေခဲ့ရပါသည်။ ခု လူလည်း အသက်ချင်းက မတိမ်းမယိမ်း ငါးဆယ်ဝန်းကျင်များ ဖြစ်သည်။ မောင်အေးမင်းဖြစ်စဉ် ဆီးကတော့ ဆီးပြဿနာပဲ။ ဒါပေမယ့် ဘာ-ဆီးပြဿနာလဲ။ ရိုးရိုး ဆီးဖောက်ကာ အောင့်ခြင်းလား၊ ဆီးကျောက်ကိစ္စလား၊ ဆီးကျိတ်ကတော့ မဟုတ်တန်ရာဆိုပြီး ရောဂါ အရင်ရှာရလေသည်။

ဒိုး-အေးမင်း၊ မင်းဖြစ်ပုံနဲ့ ခပ်တူတူ။ ကော့လန်နေတာကိုး။ ကြည့်ရတာ ဆီးကျိတ်အရွယ်လည်း မဟုတ်လှဘူး။ ဆီးကျိတ်ကိစ္စဆိုရင်ခံစားရတဲ့လူနာဟာ ကုန်းကုန်းကြီးဖြစ်နေတာဟ။ သူလဲ ဆီးကျိတ်အရွယ် မဟုတ်ရှာပါဘူးလေ။
ဝပ်ရှော့ဆရာနှင့် သူ့လူများလည်း အလုပ်များနေပါချေတော့သည်။ ဆေးခန်းတခုခု အမြန်ပို့ရမလား။ ဆေးရုံးပဲ အမြန်ပို့ရကောင်းမလား။ ဒုက္ခများနေကြသည်။ ၀ပ်ရှော့ဆရာ ပျာယာခတ်ရင်းမှာ ဒီကောင်-တော်တော်ခံနေရပုံ၊ တခုခုတော့ အမြန်လုပ်မှပဲ။

မောင်အေးမင်း-ကျွန်တော်ဖြစ်ပုံ ခံစားရပုံနဲ့က သိပ်ကို တူနေတာပဲ၊ ဆီးကျောက်ကိစ္စပဲ။
သားရ အသာနေစမ်းဟ၊ သူများကိစ္စကြားမှာကြည့်ဦးဟ။
ကျွန်တော့်တုန်းက အဖေပဲ လုပ်ပေးလိုက်တာပဲ။ ဆီးကျောက်တွေ ထွက်ကျလာအောင်ဟာ ကြက်လည်ဆံနဲ့ ရှင်းပစ်ခဲ့တာပဲ။ ခုလဲ ကြက်လည်ဆံလုပ်ပေးလိုက်ရင် ပျောက်မှာ။ ခုဟာ ကြာလေနာလေ ဖြစ်မှာ။ ဆီးထဲ ကျောက်က ငြိမ်နေတာ မဟုတ်ဘူး။ ရှေ့တိုးလာလို့ ဒီလိုဖြစ်တာ။ အခု တိုးပြီးရင်းတိုးနဲ့ ဆီးကျောက်က ထိုးထိုးနေတော့မှာ၊ အဖေ သိပ်ခံရတာနော်။

သူက စာနာစိတ်နဲ့ပြောတာ အမှန်ဖြစ်သည်။ ခံစားနေတာကို မြန်စွာ သက်သာစေချင်သည်။ သူ့အထင်က ကြက်လည်ဆံ ခုသောက်လျှင် ခုပဲ ဒုက္ခရောက်ခြင်းမှ ခုသက်သာမှာ မြင်ကာ စေတနာကြွချင်ချင်တွေဖြစ်နေတာ ဖြစ်သည်။ ဒါမျိုးဆိုတာ ၀င်ရကောင်းတာရှိသလို ၀င်လို့မကောင်းဘဲ ချောက်ထဲ စောင်းဝင်သွားတတ်သေးတာကို သင်းမသိဘူး။ ကျွန်တော်က အတွေ့အကြုံအရ မိသားစုထဲမှာပင် ကြားညပ်ကာ အမှုပတ်တာတွေကို ခံဖူးနေပြီ။

ဝပ်ရှော့ဆရာ။ ဟေ့ ဟိုကား ခဏသုံးလို့ရတယ် မဟုတ်လား။ ကြာရင် ခက်နေမယ်။ ဆေးရုံပို့တာပဲ ကောင်းတယ်။ ဟိုမှာ ဆေးစုံ ကိရိယာစုံ။ ထိုအခါ လူနာက ထအော်ပါတော့သည်။ အမယ်လေး လေး၊ ဆေးရုံတော့ မပို့လိုက်ပါနဲ့ဗျာ။ သူတို့ ထိုးတံကြီးနဲ့ ထိုးထည့်ရင် သေအောင်ခံရတာဗျ။ တွေ့ဖူးတာပါဗျ၊ အဘွားကို ခေါ်ပါဗျာ။
ထိုအခါ အဖွားဆိုတာ အိမ်ထဲက ထွက်လာတာနှင့် တန်းတိုးနေသည်။ ပြီး ငါ ကြည့်စမ်းပါဦးမယ်ဟဲ့။ သူက ဆီးထတာလား-ဟုဆိုကာ အဘွားကပင် ဗိုက်နေရာ ဆီးအိမ်လိုနေရာကို ထောက်ကြည့် ကိုင်ကြည့် လုပ်နေသည်။ ထို့နောက် အိမ်သားတွေဘက်လှည့်၍ ဆီးကျောက်ကိစ္စပါဟယ်၊ ငါ လုပ်လိုက်ပါ့မယ်။ နင်တို့ ဆေးရုံတွေ ဘာတွေ လုပ်နေရင် ပိုရှုပ်နေလိမ့်မယ်။ နင်တို့ နားမလည် ပါးမလည်နဲ့ဟာ-ဟု အိမ်သားများအား လှမ်းမာန်ကာ ဆက်၍ ဟဲ့-ဟိုကောင် ငရုတ်ဆုံ ယူခဲ့စမ်းဟဲ့။

ဒီလိုအော်သံကြားပြီး လူနာငနဲ မျက်လုံးပြူးခနဲဖြစ်သလို ကျွန်တော်လည်း ကြားက ဘာနားမလည် ညာနားမလည်နှင့် သူများပြုးသလို ၀င်ပြူးဖွယ်ရာ ဖြစ်ပါချေတော့သည်။
မောင်အေးမင်းက ကားဆရာတဦးနှင့် သူ့ကားဘရိတ်ကိစ္စ လုပ်နေစဉ် ကျွန်တော်နှင့် မောင်သိဒ္ဓိက ထူးခြားသည့် ဆေးကုပွဲကို နွှဲသလိုပဲ မျက်လုံးတပြဲပြဲ ဖြစ်နေကြရသည်ပဲ။

အဘွားအသံ ပေါ်လာပြန်သည်ကား ဟို ငပု ဆိုတဲ့ကောင် ဘာယောင်တောင်ကြောင်တောင် လုပ်နေတာလဲ။ ငါ့ဆီလာခဲ့စမ်း။ ဟိုအိမ်ထောင့်က အိုးမှာတွေ့လား။ စပါးလင်ပင်တွေဟ၊ သွား အပင်တုတ်တုတ်တပင် ဖဲ့ခဲ့ဟ၊ ဒီ ဘာနားမလည် ညာနားမလည်ကောင်တွေနဲ့တော့ တွေ့ပြီ။
လူတွေ တယောက်မျက်နှာ တယောက်ကြည့်ကာ တုန်လှုပ်သွားချင်ရပြန်လေသည်။ ဆီးကျောက်တည်လို့ မှောက်မတတ်ဖြစ်နေတဲ့လူကို အဘွားက ဒီဟင်းချက်ကိရိယာတွေထုတ်လို့ ဘာလုပ်မှာတဲ့လဲ။ တွန့်ခနဲ ဖြစ်စရာတောင် ကြောင်သွားမိကုန်သည်။

မိညွန့်၊ မီးဖိုမှာ ဆန်ဆေးရည်ရှိတယ်မဟုတ်လား။ မတ်ခွက်နဲ့လေ၊ မတ်ခွက်တခွက်စာ ဆန်ဆေးရည်ကို ယူခဲ့။ ဒီအကောင်ဟာ အစားကြမ်း၊ အနေကြမ်းနဲ့ဟာ။ ဆေးကြမ်း ဓာတ်ကြမ်းနဲ့ လုပ်ပေးရမယ်။ စောစောက တချိန်လုံး အော်ကာဟစ်ကာ ဖြစ်နေသည့် ဆီးသမားလူနာမှာ ထိုအခါ မျက်လုံးလေး ကြောင်တောင်ပေကပ်နှင့် အသက်ရှူရပ်မလို ကပိုကရိုတွေ လန့်နေချေသည်။ အလွန်ကြောက်ရသည့် အဘွားမို့လို့နဲ့တူသည်။ ပေကလပ်မျက်နှာ ငြိမ်နေပါသည်။ အဘွားသာ မကြောက်ရလျှင် တဟုန်ထိုးကြီး ဂိုးတဲ့ကာ ကိုယ်ဖျောက်မည့် ကောင်နှင့် တူသည်။

သား မောင်အေးမင်းက အဖေ-ကားလုပ်ပြီးပြီ၊ သွားလို့ရပြီ-ဟု အနားလာကာ လက်တို့ပါသည်။
ဒိုး။ မင်းကွာအတော်မိုက်တဲ့ ညံ့တဲ့ကောင်ပဲ။ ဒီမှာ ပွဲကြီးတခု ကြုံနေတဲ့ဥစ္စာ။ ဇာတ်ကွက်စုံအပြည့်တော့ ကြည့်ဦးမှဖြစ်မှာ။ ဒီ ဆီးဇာတ်လမ်းကနေ တခန်းရပ်ကြီးနဲ့ ငါ မသွားနိုင်ဘူး။
သားက သွားစရာရှိလို့လားမသိ။ ဗျစ်တောက်ဗျစ်တောက်နဲ့ ကြားကနေ ကောက်ကောက် ကောက်ကောက်လုပ်နေသည်။ သူ ဘာနားလည်သလဲ။ ဒီမှာက တွက်ကြည့်စမ်းပါ။ အကွက်ကောင်းကို ရောက်နေ မဟုတ်လားလေ။ ဘယ့်နှယ် ကျောက်တည်တဲ့ဆီးကိစ္စ ကုသတဲ့ဥစ္စာဗျာ။ ဘာအတွက်တာနဲ့ ငရုတ်ဆုံတွေ၊ စပါးလင်တွေက ပါနေရတာတုံးလေ။ ဆေးကုပုံနဲ့ ဟင်းချက်တော့မဲ့ပုံ ခွဲခြားမရတဲ့ဥစ္စာ။ ဇာတ်ဆုံးအထိလေးတော့ သိချင်၊ ကြည့်ချင်သေးသည်ပေါ့။

ကဲ မင်းသွားချင်လဲ သွားတော့ကွာ။ ကားကို မင်းပဲယူသွား။ ငါ့ဘာသာငါ ကြည့်ပြန်မယ်လေ-ဟု ဒီက ဆီးကိစ္စနဲ့ ငရုတ်ဆုံနှင့် စပါးလင်နဲ့ ဟင်းလျာပြင်ပုံ၊ စပါးလင်အစုံ ဖြစ်နေပုံကို အကုန်တော့ မြင်ချင်သည်ပဲ။
ဟော-ခဏနေတော့ တွေ့ရပါပြီ။ စပါးလင်ကို ငရုတ်ဆုံတွင် ဟင်းချက်သလို တကယ်ထည့်ထောင်းတာ ဖြစ်တော့သည်။ ထောင်းပုံကတော့ ကြေအောင်တော့မထောင်း။ စပါးလင်ကို အတုံးလေးတွေကို ကွဲရုံ၊ ပုံပျက်ရုံ ထောင်းတာကို သတိပြု၍ ကြည့်ရှုနေမိလေသည်။ ဒါကို သူများမခိုင်းဘဲ ဘွားဘွားကြီးကိုယ်တိုင်က အကျအန ကိုင်နေလုပ်နေတာ ဖြစ်ပါသည်။

ပြီး၊ မတ်ခွက်လိုခွက်ထဲက ဆန်ဆေးရည်ကို အသေအချာ ကြည့်၏။ ထိုသည့်နောက်တွင်ကား စပါးလင်များကို ဆန်ဆေးရည်ထဲထည့်ကာ အကျအန ဇွန်းဖြင့် မွှေပါလေသည်။ မွှေရိုးရိုး မမွှေ၊ ဇွန်းဖြင့် ဆောင့်၍ ဆောင့်၍ ဖိသည်။ အဲဒါ ပညာဖြစ်တော့သည်ကော။ စပါးလင်ဓာတ်ကို ဆန်ဆေးရည်တွင် ပျော်ဝင်အောင် ထိထိမိမိ ဖိသည်ကော။
ဒါက သေသေချာချာ မကြည့်လျှင် မသိနိုင်သည့် ကိစ္စဖြစ်သည်။ ဆန်ဆေးရည်က အဓိကမဟုတ်။ စပါးလင်ရည်တွေ ဆန်ဆေးရည်တွင် နစ်ပြီး စနစ်တကျဝင်အောင်ကို လုပ်ဆောင်တာလို့ ဂရုစိုက်ကာ မှတ်လိုက်ရပါသည်။ ထိုဘွားဘွားကြီး၏ အာရုံကို အစုံမြင်နေရသည် ဖြစ်ပါသည်။

ထိုသည့်နောက်မှ ဆီးသမား လူနာအား ရော့ သောက်၊ အကုန်သောက်လိုက်-ဟုဆိုကာ တချီတည်းကို သောက်စေလိုက်တာ ဖြစ်တော့သည်။
ကျွန်တော်ကား သိလိုက်ပါပြီ။ သွားရင်းလာရင်း ဘုရားကပြန်ရင်းမှာ ကံကပေးသဖြင့် တောဆေးပညာတကွက်ကို ချောင်ချောင်ကို နှက်မိယက်မိ ရမိရတာ ဖြစ်ပါလေပြီပဲ။

ဘွားအေကြီးက တခုကို ဂရုပြုမှာကြားလိုက်သည်။ ဟဲ့-ဒီနေ့နဲ့ နက်ဖြန် ဆီးသွားရင် အိုးနဲ့ခံသွားဟဲ့-တဲ့။ ဟုတ်ပ။ လူကဖြစ်သည့် ကျောက်များကို ကောက်ခိုင်းထားတာပဲ ဖြစ်လေသည်။
ကျွန်တော်တို့ကား ကိစ္စမရှိတော့သော်လည်း နောက်တနေ့မှာ သားအငယ်ကို ၀ပ်ရှော့သွားကာ စနဲနာခိုင်းလိုက်ပါသည်။ ကျွန်တော် ထင်မြင်သည့်အတိုင်းပင် ကွမ်းတ၀ါးဝါးနဲ့ ဘွားအေကြီးသည် ဇလုံအဟောင်းတခုထဲ တုတ်ဖြင့်မွှေရင်းသား ကျောက်များကို အကြီးအသေး ရွေးသည့်ပမာ ကြည့်နေတာကို ကျွန်တော့သားက မြင်ရပါတော့သည်။

ခုလို စပါးလင်နဲ့ ကျောက်ချခြင်း၊ ကျောက်ထုတ်ခြင်းကို ယခင်က မသိဖူး၊ မကြားဖူးခဲ့ပါ။ မထင်သည့်အချိန် မထင်သည့်အခါ မထင်သည့်နေရာမှာ ခုလို တွေ့သွားရပြီးမှ မှတ်ခဲ့ရပါသည်။ စာရှုသူများလည်း ဒါကို သိမိကြမည် မထင်ပါ။ ဆီးနှင့်ပတ်သက်လို့ ကျွန်တော်တို့မှာ သံမနိုင်ကျောက်မနိုင်က ရှေ့ကပြေးသွားပြီး နိုင်ငံခြားအထိ ကျော်ကြားသည်။ ပြီးတော့ ထိကရုန်းလည်း အရပ်များစွာတွင်ပင် တောဆေးသဘောနှင့် အပြောများသည်။ ခုတော့ ငရုတ်ဆုံနဲ့ စပါးလင်တွဲကာ တောဆေးနေရာဝင် အစွမ်းပြတာ ဖြစ်နေပါတော့သည်။

စပါးလင်ကို စပါးလင်ချည်းမသုံးဘဲ ဆန်ဆေးရည်နှင့် တွဲသုံးစေတာ သတိပြုကြရပါသည်။ မြန်မာဆေးမည်များတွင် ကြမ်းလွန်းသည့်ဆေး၊ ပူလွန်းသည့်ဆေး၊ ဓာတ်ပြင်းသည့်ဆေးများကို ဆန်ဆေးရည်ဖြင့် တွဲစေတတ်ကာ အခိုးခြေတတ်ကြသည်ကို ကျွန်တော် ဟိုမှာ ဒီမှာကို အခွင့်သင့်သလို ရေးချပြတတ်ခဲ့ပါသည်။

ပမာအားဖြင့် နံ့သာနီနှင့် ဆန်ဆေးရည် တွဲခြင်း၊ ဆင်တုံးမနွယ်နှင့် ဆန်ဆေးရည်ကို တွဲစေခြင်း စသည်တို့ ဖြစ်ပါသည်။ ယခုအတွဲမှာကား စပါးလင်ဓာတ်က ပိုအစွမ်းကြမ်းလို့ ထင်ပါသည်။ တွဲရာ၌ သာမန်တွဲမျိုးမဟုတ်ဘဲ စပါးလင်ထံမှ စပါးလင်ဓာတ်ကိုသာ ယူကာ ဆန်ဆေးရည်ကိုသာ အဓိကထား သောက်စေခြင်းဖြစ်တာကို ကျွန်တော် နက်နက်တွေး၍ နက်နက်မြင် ဖြစ်သွားရပါသည်။

ဆီးကိစ္စတွင် စပါးလင်ကို သုံးတာလည်း အံ့သြဖွယ်ဖြစ်ပါသည်။ စပါးလင်ဆိုတာ ပူအား စပ်အားတွေ လွန်စွာကို ထန်ပါသည်။ အခြားဆေးမည်ကိစ္စများ၌ ခုလို အပူကြီးသည့် စပါးလင်ကိုသုံးတာ တွဲတာကို ကျွန်တော် သိပ်မတွေ့ရဖူးပါ။ ဆီးကျောက်ကိစ္စကို ကန်ထုတ်ရာ၌ လွန်စွာ စွမ်းအားကောင်းလှသည့် ကြက်လည်ဆံသည် စပါးလင်လို အပူအား မတွေ့ရဘဲ ညင်သာလှသည့် ဆေးသား အမျိုးအစား ဖြစ်ပါသည်။

သို့သော် ပညာဗဟုသုတဖြစ်ရန်နဲ့ ဆေးကွက်ထဲ ဆေးမည်စုံအသိကို ရှိနေကြဖို့ရာ ကြိုးစားကာ အခုတင်ပြတာ ဖြစ်ပါတယ်။ အချို့က မေးများ မေးလေမလားပဲ။ ဆီးကိစ္စ၌ ခုလို အပူဓာတ်ပြင်း ဓာတ်ရင်းကိုသွင်းပြီး သုံးသွားသည်မှာ ဆေးသောက်သူက ယောက်ျားဖြစ်ပြီး အကြမ်းသမားလဲ ဖြစ်နေလို့လားဟူ၍ တွေးမေးကြအံ့။ ဟုတ်ကဲ့ ဒီလိုအမေးရှိလာလဲ ဒီငနဲမှာ ပညာမစုံသေးပါသဖြင့် မလျှောက်တတ်ပါ။ စကားပဲ ရယ်ကျဲကျဲနှင့် ပြောကြားရမည်ပင် ဖြစ်ပါလေတော့သည်။

သာဂဒိုး
စူလာနဖာနှင့် ဆေးနည်းပင်များ(၃) စာအုပ်မှ

( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

No comments: