Wednesday, April 28, 2010

လာဘ်စားသူနှင့် နေ့တဝက် ဥပုသ်

မြတ်စွာဘုရား ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ်အခါက ဥသုသ်ဆောက်တည်တဲ့ ဒါယကာ ဒါယိကာမတို့ကို အကြောင်းပြုပြီး ယခုဇာတ်တော်ကို ဟောတော်မူပါတယ်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း စိုးစံစဉ်အချိန်က မင်းဟာ သဒ္ဓါတရားနဲ့ပြည့်စုံပြီး အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စတဲ့ ကုသိုကောင်းမှုတွေကို ပြုလေ့ရှိပါတယ်။ုသူပြုသလို မှူးမတ်မင်းချင်း၊ သူ့အသိုင်းအဝိုင်း အားလုံးကို သီလစောင့်စေပါတယ်။ ဒီအထဲမှာ ပုရောဟိတ်ပုဏ္ဏား တယောက်ကတော့ မင်းရဲ့အတုကို မယူဘဲ ကောက်ကျစ်စဉ်းလဲပြီး တံစိုးလက်ဆောင် စားလေ့ရှိပါတယ်။

တနေ့မှာတော့ မင်းကြီးနဲ့ ပုရောဟိတ် ဆုံတွေ့ကြတဲ့အခါ-
မင်းကြီး။ ။ ပုရောဟိတ်ပုဏ္ဏား ဒီနေ့ ဥပုသ်နေ့နော်၊ သင်ဥပုသ်သီလ ဆောက်တည်ဖြစ်ရဲ့လား။
ပုရောဟိတ်ပုဏ္ဏား။ ။ ဆောက်တည်ဖြစ်ပါတယ် အရှင်မင်းကြီး၊ မင်းကြီးရဲ့အလိုအတိုင်း ဥပုသ်နေ့တိုင်းမှာ ကျွန်တော်မျိုး ဥပုသ်ယူဖြစ်ပါတယ်။
ဒီလိုပြောပြီး ထွက်လာတဲ့ ပုရောဟိတ်ပုဏ္ဏားကို အကြောင်းသိနေတဲ့ အမတ်မင်းတပါးက မနေနိုင် မထိုင်နိုင် လှမ်းသတိပေးပါတယ်။

အမတ်။ ။ ဘယ့်နှယ် ဘယ့်နှယ် ပုဏ္ဏား၊ သင်ဟာ ဥပုသ်လည်း မယူဘဲနဲ့ ဘယ်လိုလုပ် မင်းကြီးကို ညာရတာတုံး။ သင်မို့လို့ပဲ ညာရဲတယ်။ မင်းကြီး ပြန်သိသွားရင် မကောင်းပါဘူး။
ပုဏ္ဏား။ ။ ဒါများ ခက်ခက်ခဲခဲလုပ်လို့ အမတ်မင်းရယ်။ ကျုပ် အခု အိမ်ပြန်ရင် ဥပုသ်ယူလိုက်မှာပေါ့။ ဒါဆို ကျုပ်လျှောက်တင်ခဲ့တဲ့စကား မှားတယ်လို့ ဆိုနိုင်မလား။ အမတ်မင်းက ဉာဏ်တယ်နည်းတာကိုး။
တကယ်လည်း အိမ်ရောက်တဲ့အခါမှာ ပုဏ္ဏားဟာ ဥပုသ်ယူခဲ့တဲ့အတွက် နေ့တဝက်ဥပုသ် ရခဲ့ပါတယ်။
ဒီပုဏ္ဏားဟာ တနေ့မှာ သူ-တရားစီရင်တဲ့နေရာကို သီလရှိတဲ့ မိန်းမတယောက် အမှုကိစ္စနဲ့ ရောက်လာပါတယ်။ မိန်းမဟာ နေမွန်းတည့်ခါနီးမှာ သီလဆောက်တည်မယ်ဆိုပြီး ခံတွင်းဆေးရန် ပြင်ပါတယ်။ သူမဟာ တကိုယ်တည်း ဒီလိုရေရွတ်ခဲ့ပါသတဲ့။

ဒါကို ပုရောဟိတ်က မြင်သွား ကြားသွားတော့ စိတ်ကောင်းဝင်ပြီး သရက်သီးတလုံးကိုပေးလို့ ဥပုသ်မဆောက်တည်ခင်မှာ စားစေပါတယ်။ ပုဏ္ဏားအတွက် တသက်တာလုပ်ဖူးတဲ့ ကောင်းမှုဆိုလို့ ဒီနေ့ တဝက်ဥပုသ်နဲ့ ဒီသရက်သီးဒါနပဲ ရှိပါတယ်။

မိန်းမ။ ။ အင်း---အပူမှုတွေ ရှုပ်နေတာနဲ့ပဲ နေမွန်းတည့်ချိန်တောင် ရောက်ပြီ။ ဒီနေ့ ဥပုသ်စောင့်မယ်ဆိုတဲ့ အဓိဋ္ဌာန်ကိုတော့ အပျက်မခံနိုင်ဘူး။ ရောက်တဲ့အရပ်မှာ ဥပုသ်သီလကို ရအောင်ယူတော့မယ်။

ပုရောဟိတ်ပုဏ္ဏား သေလွန်တဲ့အခါမှာ ဟိမဝန္တာမှာရှိတဲ့ မြစ်တခုအနီးမှာ ယူဇနာ ၃ဝ-ရှိတဲ့ သရက်ဥယျာဉ်ကို အပိုင်စားရတဲ့ နေ့ခံ ညစံ ဝေမာနိက နတ်ပြိတ္တာဖြစ်ပါတယ်။ ဝေမာနိက နတ်ပြိတ္တာဆိုတာ နေ့ဘက်မှာတော့ ကိုယ့်ကျောကုန်းသား ကိုယ်ခွါစားရပြီး ကြီးစွာသောဒုက္ခနဲ့ အော်နေရတဲ့ ပြိတ္တာပါ။ ညအချိန်မှာတော့ နတ်ဝတ်နတ်စားနဲ့ နတ်သမီးတွေနဲ့ စံစားရတဲ့သုခကို ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့- နေ့တဝက်ဥပုသ်ကြောင့် နတ်စည်းစိမ်ရခဲ့တာဖြစ်ပြီး
သရက်သီးဒါနကြောင့် သရက်ဥယျာဉ်ကို အပိုင်စားရတာပါ။
ပြိတ္တာဖြစ်ရတာကတော့ လာဘ်စားတဲ့ မကောင်းမှုကံကြောင့် ဖြစ်ပါတယ်။

ဘုရားလောင်း ဗာရာဏသီမင်းဟာ ထီးနန်းစွန့်ပြီး တောထွက်ကာ ရသေ့ရဟန်းပြုလို့ ဂင်္ဂါမြစ်နားမှာ နေပါတယ်။ တနေ့တော့ ဒီရသေ့ဟာ ဝေမာနိကပြိတ္တာရဲ့ သရက်ဥယျာဉ်ထဲက သရက်သီးတလုံးကို စားမိပြီး အရသာကို တမ်းတမ်းစွဲ ဖြစ်သွားပါတယ်။

ဘုရားလောင်း ရသေ့။ ။ ဒီသရက်သီးရဲ့ အရသာဟာ အလွန်တရာ ထူးခြားတာပဲ။ တလုံးကိုစားမိတာနဲ့ တသက်တာ စားချင်စိတ်ကို ဖြစ်စေတယ်။ ဒီလို သရက်သီးမျိုး တလုံးတလေသာ ထပ်စားရမယ်ဆိုရင် ငါ့အတွက် ခွန်အားတွေဖြစ်ပြီး တရားကို ပိုအားထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့။

သူတော်ကောင်းရသေ့ရဲ့ ရသတဏှာအပေါ်မှာ စွဲလမ်းနေမှုကို မြစ်စောင့်နတ်သမီးက သိတဲ့အခါမှာ စိတ်မကောင်းပါဘူး။ ဘာမဟုတ်တဲ့ သရက်သီးတဏှာအတွက် ကောင်းသောတရားတွေ ပျောက်ပျက်မှာ စိုးတာမို့ ရသေ့ကိုလည်း နားချ၊ အလိုကိုလည်း ဖြည့်တဲ့အနေနဲ့ သရက်ဥယျာဉ်ကို တန်ခိုးနဲ့ ပို့ပေးပါတယ်။

သရက်ဥာယျာဉ်ကို ရောက်တဲ့အခါမှာ ဘုရားလောင်းရသေ့ဟာ ကြီးစွာသော ဒုက္ခနဲ့အော်နေရတဲ့ ဝေမာနိကပြိတ္တာကို မြင်ပါတယ်။ ကြောက်ရွံ့စရာမြင်ကွင်းအတွက် ရုတ်တရက် စကားတောင်မဆိုနိုင်ဘဲ သံဝေဂရသွားပါတယ်။
ဘုရားလောင်းရသေ့။ ။မြစ်စောင့်နတ်သမီး၊ ဒီပြိတ္တာဟာ အဘယ်သို့သော မကောင်းကျိုးကြောင့် ကိုယ့်ကျောကုန်းသား ကိုယ်ပြန်ခွါစားရတဲ့ပြိတ္တာ ဖြစ်နေရတာလဲ၊ ကြည့်ရ မြင်ရတာ ဆိုးရွားလိုက်တာ။

နတ်သမီး။ ။ ရသေ့---ဒီပြိတ္တာဟာ လူ့ဘဝရှိစဉ်အခါက ကောက်ကျစ်စဉ်းလဲပြီး တံစိုးလက်ဆောင်စားကာ တရားစီရင်ခဲ့တဲ့ ပုရောဟိတ်ပုဏ္ဏားတဦး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ပြစ်ဒဏ်ကို သူခံစားနေရခြင်းပါ။-လို့ ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားပြပါတယ်။ ဒီမှာတွင် ဘုရားလောင်းဟာ ပြိတ္တာကိုကြည့်လို့ မကောင်းသော အကြောင်းတရားများကို ဆင်ခြင်သံဝေဂရရင်း နေရပ်ကိုပြန်လို့ တရားဘာဝနာကို ကောင်းစွာအားထုတ်ခဲ့ပါတော့တယ်။

မိမိတို့လည်း ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ဥပုသ်သီလ ဆောက်တည်ခြင်းရဲ့ အကျိုးအာနိသင်ကို သိရှိခြင်းနဲ့အတူ တံစိုးလက်ဆောင် စားခြင်းရဲ့ အပြစ်ကိုလည်း ဆင်ခြင်မိကြပါစေလို့ ဆန္ဒပြုပါတယ်။

ဇာတ်ညွှန်း-မိုးမိုးစောဝင်း။
(၇-၂၈-ဝ၉-ယဉ်ကျေးလိမ္မာ-မှ)

No comments: