Friday, May 7, 2010

ငါးပါးသီလ လုံခြုံသူ၏အကျိုး

အခါတပါး၌ အနာထပိဏ်သူဌေးသည် နောက်ပါ ဥပါသကာ ၅၀၀-ခြံရံလျက် မြတ်စွာဘုရားထံ လာရောက်ဆည်းကပ်၏။ ထိုအခါ မြတ်စွာဘုရားက အနီးတွင်ရှိသော အရှင်သာရိပုတ္တရာအား အောက်ပါစကားကို ဟောတော်မူသည်။

သာရိပုတ္တရာ၊ သိက္ခာပုဒ် ၅-ပါးကိုလည်း စောင့်ထိန်း၊ မြတ်သောစိတ်လည်းရှိ၊ မျက်မှောက်၌ ချမ်းသာစွာနေခြင်း ၄-မျိုးလည်းရှိသော အ၀တ်ဖြူစင်စွာဝတ်သော လူပုဂ္ဂိုလ်သည် မိမိကိုယ်ကို သောတာပန်ဖြစ်ပြီဟု ထုတ်ဖော်ပြောကြားနိုင်၏။

သာရိပုတ္တရာ၊ ထိုပုဂ္ဂိုလ်သည် စောင့်ထိန်းအပ်သော သိက္ခာပုဒ် ၅-ပါးကား-သူ၏အသက်ကိုသတ်ခြင်း စသော ၅-ပါးသီလကို စောင့်ထိန်းခြင်းတည်း။
သာရိပုတ္တရာ ထိုပုဂ္ဂိုလ်၏ မျက်မှောက်ချမ်းသာ ၄-မျိုးတို့ကား-
(၁) ဘုရား
(၂) တရား
(၃) သံဃာ၌ စွဲမြဲစွာ ယုံကြည်ခြင်း
(၄) အရိယာတို့နှစ်သက်အပ်သော သီလနှင့် ပြည့်စုံခြင်းတို့ ဖြစ်သည်။ ဟု ဟောတော်မူသည်။

မှတ်ချက်။ အရိယာတို့နှစ်သက်အပ်သော (အရိယကန္တ) သီလ ဟူသည် မဂ်စိတ်၊ ဖိုလ်စိတ်နှင့်ယှဉ်သော သီလ-ဟု ဆိုလိုသည်။ (အင်္ဂုတ္တရအဋ္ဌကထာ)
ကျမ်းညွှန်း။ ။ အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ အာဃာတ၀ဂ်၊ ဂီဟိသုတ်။

ဦးငွေအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၇-ဇူလိုင်လ)

No comments: