Saturday, May 8, 2010

မေတ္တသုတ်ကျင့်စဉ်

မေတ္တာသည် ပါဠိဝေါဟာရ ဖြစ်သည်။ မြန်မာလို ချစ်ခြင်းဟူ၍ အဓိပ္ပါယ်ရသည်။ ချစ်ခြင်းဟူရာ၌ တဏှာပေမဖြင့် ချစ်ခြင်းမျိုးမဟုတ်၊ မိခင်က သားငယ်ကို ချစ်သည့် သန့်ရှင်းစင်ကြယ်သော ချစ်ခြင်းမျိုးပင် ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်သည် သန့်ရှင်းစင်ကြယ်သော ဤချစ်ခြင်းမျိုးဖြင့် မေတ္တာတရားတော်ကို အစဉ်လက်ကိုင်ထားတော်မူခဲ့သည်။
ဘုရားရှင်သည် အာဠာဝကဘီလူးကို မေတ္တာဖြင့်ပင် အောင်မြင်တော်မူခဲ့သည်။
အလားတူပင် နာဠာဂီရိဆင်ကြီးကိုလည်း မေတ္တာဖြင့်ပင် အောင်မြင်တော်မူခဲ့သည်။
ဘုရားရှင်သည် အရာခပ်သိမ်းကို အောင်မြင်တော်မူရာ၌ မေတ္တာတရားကိုသာ အခြေခံထားတော်မူခဲ့သည်။

တခါသော် ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရားကို တောင်းခံတော်မူကြသည်။ ထို့နောက် တောအုပ်တခုသို့ သွား၍ ၀ါဆိုဝါကပ်လျက် ကမ္မဋ္ဌာန်းတရားကို အားထုတ်ကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နေရာဖယ်ပေးကြရသော နတ်အချို့က အမျိုးမျိုး ခြောက်လှန့်ကြသည်။ ရဟန်းတို့သည် တရားကိုဖြောင့်အောင် နှလုံးမသွင်းနိုင်ကြ။ စိတ်ဓာတ်များ ချောက်ချားပြီး ၀ါတွင်းကာလမှာပင် ဘုရားရှိရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားကြသည်။

ဤတွင် ဘုရားရှင်က မေတ္တာတရားကို နှလုံးသွင်းလျက် တောအုပ်သို့ ပြန်သွားကြရန် ရဟန်းတော်များကို တိုက်တွန်းသည်။ မေတ္တသုတ်ဒေသနာတော်ကို ဟောကြားဆုံးမတော်မူလိုက်သည်။
ရဟန်းတော် ငါးရာလည်း တောအုပ်သို့ ပြန်သွားကြသည်။ ထိုတောအုပ်မှာပင် ၀ါတွင်းကာလအတွင်း ဒုတိယ၀ါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ကမ္မဋ္ဌာန်းတရားကို ဆက်လက်အားထုတ်ကြသည်။ ၀ါမကျွတ်မီ ရဟန်းအားလုံး ရဟန္တာများ ဖြစ်သွားကြလေသည်။

ဤကား မေတ္တသုတ်၏ ကျေးဇူးပင် ဖြစ်သည်။ မေတ္တသုတ်သည် အလွန်အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် အကျိုးကျေးဇူးကြီးမားလှသည်။ တန်ခိုးထက်လှသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ပင် ဗုဒ္ဓဘာသာဝင်တို့သည် မေတ္တသုတ်ကို ရွတ်ဆိုပွားများကြသည်။ ကောင်းမြတ်သော အစဉ်အလာပင် ဖြစ်သည်။

မေတ္တသုတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်သင့်သည်။
မေတ္တသုတ်တော်လာအရ ကျွန်ုပ်တို့သည် တဦးကိုတဦး မေတ္တာထားကြရမည်။
သတ္တ၀ါများ ချမ်းသာပါစေ၊ ဘေးရန်ကင်းငြိမ်းကြပါစေ စသည်ဖြင့် မေတ္တာပို့ရမည်။ မေတ္တာပွားရမည်။

ထိုမျှမက တဦးအပေါ်တဦး မေတ္တာထားလျက် တဦးကိုတဦး အမျက်မထွက်သင့်။
တစုံတခုသောအရာ၌ တစုံတယောက်ကိုမျှ ချုပ်ခြယ်ခြင်း မပြုသင့်။
ရန်လိုသောစိတ်ဖြင့် မထီမဲ့မြင် မပြုသင့်။
အချင်းချင်း ဆင်းရဲမှုကို အလိုမရှိသင့်။
ဒုစရိုက်တို့ကို အနည်းငယ်မျှပင် မပြုသင့်။
ထို့ပြင် ကိုယ်နှုတ်ဖြောင့်မတ်ရမည်။
စိတ်နေစိတ်ထား ဖြောင့်မတ်ရမည်။
ဆိုဆုံးမလွယ်ရမည်။
စိတ်ထားနူးညံ့သိမ်မွေ့ရမည်။
လွန်ကဲမြင့်မောက်သော မာန မရှိရ-ဟူ၍ ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်တွင် လူသားအားလုံး ကျင့်ကြံကြရန် ဆုံးမထားသည်။

ထို့ပြင် ရဟန်းတော်များအနေဖြင့်လည်း ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
မွေးမြူလွယ်ရမည်။
အမှုကိစ္စ နည်းပါးရမည်။
ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်။
ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
ရင့်ကျက်သော ပညာ ရှိရမည်။
ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်-ဟူ၍ ဘုရားရှင်က ဆုံးမတော်မူထားသည်။

ဤကား မေတ္တသုတ်လာ ဘုရားရှင်၏ အဆုံးအမများ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မေတ္တသုတ်ကို ရွတ်ဆိုခြင်း၊ ပွားများခြင်း ပြုရံသာမက ဘုရားရှင်အဆုံးအမအတိုင်း အထက်ပါကျင့်စဉ်များကိုလည်း တတ်စွမ်းသမျှ ကျင့်ကြံအားထုတ်သင့်သည်ဟု ဆင်ခြင်သုံးသပ်မိပေသည်။

No comments: