Thursday, May 20, 2010

အသည်းရောဂါအတွက် ဆေးတလက်

ယခုရေးမည့် ဆေးပင်အကြောင်းကား ဆရာကြီးသာဂဒိုး ရေးပြသော ဆေးပင်ဖြစ်သည်။ ထိုဆေးကြောင့် အနာရောဂါကင်းပျောက်ပုံ သာဓကဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။

အသည်းရောဂါသည် ယခုအခါမှ ဖြစ်ပေါ်သည်မဟုတ်။ ရှေးအခါခေတ်မီဆေးဝါး မထွန်းကားမီ ကာလကတည်းက ဖြစ်ခဲ့ကြသည်။ အသည်းရောဂါဟူ၍ အမည်မတပ်ခဲ့ကြ။ ရှေးလူကြီးသူမတို့က အသားနက်ရောဂါဟူ၍ အမည်တပ်ခဲ့ကြပါသည်။

ဆေးပညာထွန်းကားလာသောအခါ ဆရာဝန်ကြီးများသည် စီပိုး၊ ဘီပိုကြောင့် အသည်းရောဂါဖြစ်သည်ဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အသည်းရောဂါဖြစ်လျှင် သေဆုံးသည်က များသည်။ ဆရာဝန်များနှင့်စမ်းသပ်၍ အသည်းရောဂါ စီပိုးတွေ့သည်ဆိုလျှင် အသည်းရောဂါရှင်များ စိတ်အားငယ်ကြတော့သည်။

တာမခံ ဖားကန့်မှ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးကို မန္တလေးမြို့သို့ စာရေးသူ သွားစဉ် တွေ့ခဲ့သည်။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းတွင် တည်းခို၍ ဆေးခန်းပြနေသည်ကို တွေ့ရသည်။
ဒေါ်ခင်မိုးဦးသည် အသည်းခြောက်သောရောဂါကို ခံစားနေရသည်။ အသားဖြူသော အသားအရေမှာ မဖြူတော့ဘဲ မဲခြောက်ပြာနှမ်းနှမ်း ဖြစ်နေသည်။ အသည်းရောဂါထလာပြီး ရောဂါတိုးလျှင် ဆေးရုံကြီး အမြန်သွား၍ ကုသမှုခံယူရသည်။ တန်ဖိုးကြီးသော အသည်းဆေးကို အလျင်အမြန် ထိုးရသည်။

ပထမတော့ ဒေါ်ခင်မိုးဦး၏ ခင်ပွန်း ဦးစိုင်းထွန်းထွန်း ကိုယ်တိုင်လာ၍ ကြပ်မတ်ကုသပေးသည်။ နှစ်ရှည်လများ ဖြစ်လာသောအခါ ငွေကြေးရှာဖွေရေးကလည်း တဖက် ရှိသေးသမို့ အခါခပ်သိမ်း မလာနိုင်တော့ဘဲ ငွေသာ ပို့ပေးနိုင်တော့သည်။
အသည်းခြောက်ရောဂါရှင် ဒေါ်ခင်မိုးဦး ကုသရသော နှစ်ကာလမှာ ၂-နှစ်ကျော်မျှ ကြာခဲ့ပြီ။ ဆေးဖိုးနှင့် ကုသစရိတ် သိန်း ရာကျော်မျှ ကုန်ကျနေပြီ။ ရောဂါမှာ ပျောက်သည်ဟူ၍ မရှိ၊ သက်သာရုံ ခံသာရုံမျှသာ ရှိသည်။ နေရပ်ပြန်၍လည်း မဖြစ်သဖြင့် မန္တလေးမြို့ ဘုန်းတော်ကြီးကျော်းတွင် တည်းခို၍ ၂-နှစ်ကျော်ကာလ အိမ်မပြန်ဘဲ နေရတော့သည်။

တနေ့နေ့တော့ ဒီအသည်းရောဂါဖြင့် ကွယ်လွန်လိမ့်မည်ဟု ဒေါ်ခင်မိုးဦးရော ဦးစိုင်းထွန်းထွန်းပါ မှတ်ချက်ချထားမိကြသည်။
ဒေါ်ခင်မိုးဦးသည် (*****)မြို့ ဆေးရုံတွင် ဗိုက်ခွဲ မီးဖွားစဉ်က သွေးသွင်းရာတွင် ရရှိခဲ့သော အသည်းရောဂါ ပိုးကြောင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ထိုရောဂါကို ၂-နှစ်ကျော် ၃-နှစ်နီးပါး ကုသမှုခံယူရပြီး ယခုအခါ ပျောက်ကင်းသွားပြီ။ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်သည့်အခါ အသည်းရောဂါပိုး မရှိတော့ကြောင်း သိရသည်။ သို့ဖြင့် ဇာတိဌာနေ ကချင်ပြည်နယ်၊ တာမခံ ဖားကန့်နယ်မြေသို့ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားနိုင်လေပြီ။ ရွာက ဆွေမျိုးသားချင်း မိတ်ဆွေတို့ကမူ သေလူအဖြစ် သတ်မှတ်သော ဒေါ်ခင်မိုးဦး ပြန်ရောက်လာ၍ အံ့သြ၀မ်းသာ ဖြစ်ကြပေတော့သည်။

ဒေါ်ခင်မိုးဦး၏ အသည်းခြောက်ရောဂါ ပျောက်သောဆေးမှာ တောရွာကျေးလက်များတွင် ငွေမကုန်ဘဲ လမ်းဘေးတွင် ခူးဆွတ်သုံးစွဲနိုင်သော ဆေးပင်ဖြစ်သည်။
ဆေးရုံကပေးသော ဆေးကိုလည်းစားရင်း အဆိုပါ ဆေးပင်ဆေးတို့ကိုလည်း မှန်မှန်သောက်သဖြင့် ပျောက်ကင်းချမ်းသာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးပင်ဆေးကို သောက်သုံးစကပင် သိသိသာသာ သက်သာလာသောကြောင့် မှန်မှန် နံနက်ည လက်ဖက်ရည်ပန်းကန်တလုံး သောက်ခဲ့ရာမှ အသည်းရောဂါပိုး သေပြီး ကျန်းမာပကတိ ချမ်းသာစွာ ရှိခဲ့ခြင်းဖြစ်သည်။

ထိုအသည်းခြောက်ရောဂါကို အနိုင်ယူနိုင်သော ဆေးရွက်ကား မြို့တိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ နေရာဒေသ တိုင်းတွင် ပေါက်ရောက်သော လွယ်ကူသော ဆေးပင်ဖြစ်သည်။
ထိုဆေးပင်ကား လမ်းဘေးတွင် ချုံပင်များအဖြစ် ပေါက်ရောက်၍ တောင်သူလယ်သမားများ အမြဲတမ်း ခုတ်ထွင်ရှင်းလင်း မီးရှို့ပစ်ရသော ဆေးပင်ဖြစ်သည်။ ထိုဆေးပင်သည် ပွင့်ပြီးလျှင် မျိုးကျ၍ မိုးကျလျှင် အပင်ငယ်များ ပြန်ပေါက်သည်။ ဒီဇင်ဘာလလောက်တွင် အရွက်ကြွေကျပြီး ရွက်သစ်ပေါက်သောအခါ ရှင်သန်နေသော နှစ်ရှည်ခံပင် ဖြစ်သည်။ မခုတ်ထွင်ဘဲထားလျှင် ၁၀-ပေ၊ ၁၂-ပေခန့်ရှည်၍ တက်သွားတတ်သည်။ အသက်ကြီးသော အပင်များမှာ လက်မောင်းခန့်၊ ခြေသလုံးခန့် အပင်ကြီးများအထိ ရှိတတ်သည်။

ထိုအပင်၏ မူလအပင်လုံးမှာ ဖျော်ရည်သောက်စုပ်တံခန့်ရှိပြီး အလယ်တွင် အူကြောင်းအခေါင်းရှိသည်။ အကိုင်းဆတ်သည်။ ချိုးယူ၍ရသည်။ အရွက်မှာ ခွေးသွားစိပ်ကျဲကျဲရှည်ရှည် ပါရှိသည်။ နှစ်လက်မခွဲ၊ သုံးလက်မခန့် ရှိသည်။ နှစ်လက်မခန့် ပြန့်ကျယ်သည်။ ထိုအရွက်၏ အရသာမှာ စပ်ရှိန်းရှိန်း ရှိသည်။ ထိုအရွက်၊ ထိုဆေးပင်ကို လူတိုင်းသိနေကြသည်။ အပွင့်အဆုပ်လိုက် ပွင့်သည်။ အပွင့်မှာ အပြာရောင် (ဗေဒါရောင်) ရှိ၍ ကုန်းဗေဒါဟူ၍၄င်း၊
ဝံသာနုပင်ဟူ၍၄င်း၊
ဂျာမနီချုံပင်ဟူ၍၄င်း၊
ပိစပ်ကြီးပင်ဟူ၍၄င်း၊ ခေါ်ကြသည်။
အချို့အရပ်ဒေသများတွင် ဇီယာအရသာ အနံ့ရှိ၍ တောဇီယာဟူ၍လည်း ခေါ်ကြသည်။
အဖြူပွင့်၊ အပြာပွင့် နှစ်မျိုးရှိရာ အပြာပွင့်ကို အသုံးများကြသည်။ အပြာပွင့်မှာ ပေါလည်းပေါသည်။

ထိုအရွက်သည် ပူ၍ စပ်ရှိန်းရှိန်းရှိသဖြင့် ကျွဲနွားများ ထိခိုက်ရှနာဖြစ်လျှင် ထောင်းထု၍ အုံကြသည်။ အနာအကျက်မြန်သည်။ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးသည် ထိုအပင်ကို ထောင်း၍ အရည်ကို နံနက်ည မှန်မှန်သောက်ခဲ့သည်။ သို့ဖြင့် အသည်းရောဂါ တနေ့တခြား သက်သာလာပြီး ပျောက်ကင်းခဲ့သည်။
ထိုဆေးရွက်ကို သောက်သုံးသည့်အခါ မည်သို့နေပါသလဲ-ဟု စာရေးသူက မေးကြည့်သည်။ ဒေါ်ခင်မိုးဦးက တကိုယ်လုံး ပူရှိန်းရှိန်း ရှိသည်။ ဓာတ်သက်သည်။ ဆီးဝမ်းလေ မှန်သည်။ ထိုဆေးကြောင့် ဆိုးကျိုးရောဂါ တခုမျှ ဖြစ်ပေါ်မလာ။ သူ့ကိုသောက်ပြီးကတည်းက ပေါ့ပါးသွက်လက်လာသည်-ဟု ဆိုပါသည်။

ဤဆေးရွက်ရည်သောက်ပြီးကတည်းက ဆေးရုံမသွားရတော့ဘဲ ပျောက်ကင်းချမ်းသာလာပါသတဲ့။ ယင်းသို့ဆိုလျှင် ဤဆေးရွက်ဆေးပင်သည် အသည်းခြောက်ရောဂါကို အနိုင်ယူကုသပေးနိုင်သော ဆေးပင်အဖြစ် ဆေးမှတ်တမ်းတခု ဖြစ်ပါတော့သည်။

သို့ရာတွင် တန်ဆေး လွန်ဘေး ဖြစ်တတ်သဖြင့် ဤဆေးရွက်ကိုမှီဝဲသုံးဆောင်ပြီး ဆရာဝန်များနှင့် စမ်းသပ်ခံယူ၍ အသည်းရောဂါပိုး မရှိတော့လျှင် မသောက်သင့်တော့ပါ။ အခြားသော ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများသေဆုံးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။

ဤငါးမည်ရ ဆေးရွက်သည် အသည်းရောဂါပိုး နှိမ်နင်းပုံကို ကိုယ်တွေ့ခံစား၍ လက်တွေ့သောက်သုံး ပျောက်ကင်းသူ ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ တာမခံ ဖားကန့်မှ ဒေါ်ခင်မိုးဦး၏ လက်တွေ့ပျောက်ကင်းပုံ သာဓကကို အမည်များ လွဲပြောင်း၍ ဖြစ်ရပ်မှန်ကို တင်ဆက်လိုက်ပါသည်။ ရှာဖွေသောက်သုံး၍ အသည်းရောဂါဝေဒနာရှင်များ ကျန်းမာပကတိ ချမ်းသာစွာ ရှိကြပါစေသော်။

ကသာဆွေဝင်း (ရွှေလီငါးတဲ ဆရာတော်)
(မြတ်မင်္ဂလာ ၂၀၀ရ-ခု အောက်တိုဘာလ)

No comments: