Friday, May 21, 2010

အရင်းရှုံးခဲ့ရသည့် ကျွန်မဘဝ

နက်ရှိုင်းကျယ်ပြောလှ၍ ခေတ်နှင့်အမီတိုးတက်နေသော ဤသိပ္ပံခေတ်တွင်ပင် ရုပ်လောက နာမ်လောက ပရလောက လူဝင်စားစသည်တို့ကို ချန်လှပ်ထား၍မရ၊ လက်ခံနေကြသည်သာ။ သို့ဆိုလျှင် ကျွန်အရင်းရှုံးခဲ့သည့် အကြောင်းတရားကို ဖော်ထုတ်၍ ဖြောင့်ချက်ပေးလိုလှသည်။ ယင်းအကြောင်းတရား၏ အကျိုးဆက်ကိုလည်း စာဖတ်သူများအား သိစေလိုသည်။

ယခု ကျွန်မတင်ပြမည့် အကြောင်းအရာများကို မယုံကြည်မည် စိုးပါသည်။ မယုံမရှိနှင့်။ အဖြစ်အပျက်အမှန်သာ ဖြစ်ကြောင်း ကျွန်မကျင့်ကြံအားထုတ်ခဲ့သော ၀ိပဿနာတရားတော်များကို သစ္စာပြု၍ ရေးသားအပ်ပါသည်။
ကျွန်မသည် ပြည်မြို့ ဘူတာရုံကြီးရှေ့တည့်တည့်ရှိ လမ်းဆုံလမ်းထိပ်တွင် နေထိုင်သူဖြစ်ပြီး မိဘများမှာ ဦးကံထွန်း+ဒေါ်သန်းရွှေ တို့ဖြစ်သည်။ ယခုအခါ ကွယ်လွန်ကြပြီဖြစ်သည်။ မောင်နှမ ၇-ယောက်ရှိကာ ကျွန်မသည် တတိယမြောက် သမီးဖြစ်သည်။ ကျွန်မအထက်မှာ အမများဖြစ်ကြ၍ မိဘများမှာ သားငယ်ယောက်ျားလေးကို တမ်းတမ်းတတ ရူးရုမူးမူး လိုချင်နေကြသည်။

ကျွန်မ၏မိခင်သည် ကျွန်မကို ပဋိသန္ဓေလွယ်သည့်အချိန်က ထူးဆန်းသောအိပ်မက်ဆခု မက်ခဲ့သည်။ ကျွန်မတို့ ပြည်မြို့နှင့် ၂၅-မိုင်ခန့်ကွာဝေးသော သဲကုန်းမြို့မှ ဘုန်းကြီးအို တပါးသည် သဲကုန်းရထားဆိုက်ချိန်၌ ကျွန်မတို့အိမ်ထဲသို့ အထုပ်အပိုးနှင့် ၀င်လာသည်။ ကျွန်မ၏ မိခင်အား ငါ နင်တို့နှင့်အတူ နေမလို့ဟုဆိုကာ အိမ်နောက်ဖေးတွင် အိုးပုတ်များနှင့်ထိုင်ကာ ကစားနေခဲ့သည်ဟု မက်ခဲ့၏။

ထို့ကြောင့် မိခင်၏ ၀မ်းကြာတိုက်မှ ရင်သွေးငယ်သည် ဧကန်စင်စစ် မုချ သားယောက်ျားလေး ဖြစ်တော့မည်ဆိုကာ အပျော်ကြီးပျော်ကြ၏။ ၀မ်းအသာကြီး သာကြ၏။
ထူးခြားသည်မှာ ကျွန်မ၏ မိခင်မက်သော အိပ်မက်အတိုင်း တပုံစံတည်း၊ တထပ်တည်းပင် ကျွန်မ၏ အဒေါ်နှစ်ဦး (ဒေါ်ညွန့်တင်၊ ဒေါ်တင်ရွှေ) တို့မှာလည်း အိပ်မက်မက်ခဲ့ကြသည်။ ထို့ကြောင့် မိခင်မီးဖွားမည့်အချိန်ကို မျှော်လင့်နေကြသည်။

၉-လကျော် ၁၀-လအ၀င်တွင် သောကြာနေ့ည ညဥ့်လယ်တွင် ကျွန်မကို မီးဖွားသန့်စင်ခဲ့သည်။ ကျွန်မ၏ ဖခင်မှာ သားယောက်ျားလေးဟု တထစ်ချ တွက်ချက်ကာ မီးနေစောင့်နေသူများကို မုန့်မျိုးစုံ ၀ယ်ကျွေးပြီး လူ့ဘ၀ရောက်လာမည့် ရင်သွေးငယ်ကို မျှော်လင့်နေခဲ့သည်။ သို့သော် မိန်းကလေး-ဟု အော်လိုက်ကြသည့် အခါ အားလုံးဝမ်းနည်းပက်လက် ဖြစ်ကြရသည်-ဟု ဆိုကြသည်။ ဘာကြောင့် မိန်းကလေးဖြစ်ခဲ့ရသော အကြောင်းတရားကို သိချင်ကြပေလိမ့်မည်။ သို့သော် ကျွန်မကို ဘုန်းကြီးဝင်စားသည်ဟု အသိအမှတ်ပြုထားကြသည်။ ကျွန်မကို ငယ်စဉ်က ဘုန်းကြီးကြီးဟု ခေါ်ကြပါသည်။

ကျွန်မသည် ကလေးဘ၀ ချက်ချက်ချာချာ စကားပြောတတ်လာသောအခါ ကျွန်မသည် သဲကုန်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးဖြစ်ကြောင်း ကျွန်မ သီတင်းသုံးခဲ့သော ကျောင်းသင်္ခမ်းမှာ အရိပ်အာဝါသကောင်းကောင်းနဲ့ သစ်ရိပ်ဝါးရိပ်များနှင့် နေပြောက်ပင် မထိုးနိုင်ကြောင်း။ သစ်ပင်ပန်းမာလ်များ ဝေေ၀ဆာဆာ ပေါက်ရောက်လျက်ရှိသောနေရာတွင် ထရံကာ နှီးသက်ငယ်မိုး တထပ်ကျောင်း ခပ်အုပ်အုပ်ကလေးဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ကျွန်မ၏ ကပ္ပိယအမည်မှာ ကိုအေးဆောင် ဖြစ်ကြောင်း ကျွန်မပျံလွန်သည့်အခါ သင်္ကန်း ၃-စုံကို ၄င်းထံအပ်ခဲ့ကြောင်း၊ ကံအကြောင်းတရားကြောင့် ယခုဘ၀ မိန်းမသားဖြစ်ရကြောင်း ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်များကိုလည်း ယခုထိ ရုပ်ရှင် ဗွီဒီယို ပြသလို မြင်ယောင်လျက် ရှိပါသည်။ ဘုန်းကြီးကျောင်းပုံစံကို မျက်စိထဲက မထွက်နိုင်ဘဲ လွမ်းလျက်ရှိပါသည်။ ငယ်စဉ်က ကျွန်မကို အခြားကလေးများနှင့်ရောနှော၍ ထမင်းကျွေးလျှင် မစားပါ။ တ၀ိုင်းတစားပွဲ သတ်သတ်ကျွေးမှ စားလေ့ရှိပါသည်။ ထို့ပြင် အရွယ်နှင့်မလိုက်အောင် ပါဠိ၊ အဋ္ဌကထာနှင့် ပရိတ်တော်များကို ပီပီသသ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုပြနိုင်ပါသည်။

ကျွန်မကို ခန်းဆီးကာထားပြီး ပရိတ်တော်များကို ရွတ်ဆိုခိုင်းလျှင် မသိသူများက အခန်းထဲ၌ ဆရာတော်ဘုရားကြီး တပါးပါး ရွတ်ဆိုနေသည်ဟုပင် ထင်ကြပါသည်။ ထို့ကြောင့် ကျွန်မသည် ဘ၀ဟောင်းကို ပြန်မြင်ယောင်သူဟု နာမည်ကြီးလျက်ရှိပါသည်။
ကျွန်မ၏မိခင်မှာ ကျွန်မ သိတတ်လာသည့်အခါ သမီး အရင်းရှုံးလာတယ်၊ ရင်းစားပြန်ရအောင်လုပ်ပါ။ သမီးက ဉာဏ်ကောင်းပါတယ်၊ ဘုန်းကြီးဘ၀မှ ယခုဘ၀သို့ ဆင်းရတာ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ သမီးကြိုးစားပြီး ၀ိပဿနာတရားတော်များကို အားထုတ်ပါ-ဟူ၍ မကြာခဏ ပြောလေ့ရှိပါသည်။ ဖခင်ကလည်း အခြေခံ တရားတော်များကို သင်ကြားပေးပါသည်။

ကျွန်မအသက် ၁၂-နှစ် သမီးအရွယ်မှာပင် သက္ကာယဒိဋ္ဌိကို ကောင်းစွာနားလည်ခဲ့ပြီး ဘာမှမပိုင်ကြောင်း သိမြင်ခဲ့ပါသည်။
ကလေးအတွေးဖြင့် ပညတ်နှင့် ပရမတ် သဘောလေးကို နားလည်ခဲ့ပါသည်။ ယခုအခါ ကျွန်မမှာ အသက် ၅၅-နှစ်ရှိပါပြီ။ နေဖို့နှင့်သေဖို့မှာ သေဖို့ နီးလာပါပြီ၊ မိုးကုတ်ဝိပဿနာရိပ်သာ တရားစခန်း အမှတ် ၂၂၆-၊ သုခါရာမ သံဃာအိုရိပ်သာသို့ ရောက်ရှိခဲ့ပြီး ဦးစီးပဓာန ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိသုဒ္ဓါနန္ဒနှင့် ဓမ္မကထိက ဆရာတော် ဦးကေသရတို့ထံပါးတွင် ၀ိပဿနာတရားတော်များကို ကြိုးစားအားထုတ်ပါသည်။ တနေ့သောအခါ တရားထိုင်နေစဉ် လူဝင်စားဖြစ်ခဲ့ရသည့် အတိတ်ဘ၀အကြောင်းကို သိမြင်လာပါသည်။

ကျွန်မသည် ဆရာတော်ဘ၀နှင့် အသက်ရှည်ရှည်တော့ နေရပါသည်။ ၉၆-ပါး ရောဂါဖြင့် ပျံလွန်တော်မူခဲ့ရ သည်။ ဝေဒနာပြင်းထန်စွာ ခံစားရသည်။ သေအံ့မူးမူးတွင် လူမမာလာမေးသော ဒကာမကြီး တဦးအား စိတ်စွဲလမ်း၍ ၀ိညာဉ်ချုပ်ခဲ့သည်တို့ကို မြင်ယောင်ခဲ့ပါသည်။
သို့လောသို့လော မတွေးကြစေလိုပါ။ ကျွန်မ၏ ကိုယ်တွေ့အဖြစ်အပျက်အမှန်များသာ ဖြစ်ပါသည်။ အရင်းရှုံးခဲ့ရသော အကြောင်းတရားများကို စာဖတ်ပရိသတ်များ သတိသံဝေဂ ရရှိစေရန် စေတနာကောင်းနှင့် တင်ပြလိုက်ရပါသည်။

တီတီအိပ်ခ်ျ(ပြည်)
( မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

No comments: