Monday, May 24, 2010

ဗိသုကာ ဆရာဆိုင် ( ၂ )

သည်တွင် ဆရာဆိုင်က အတူပါလာသော စကားပြန်မှတဆင့် မြန်မာအနုပညာသဘောကို သေချာကျနစွာ ရှင်းလင်းပြောပြသည်။ မြန်မာအနုပညာဘက်မှ ပြတ်သားစွာ ရပ်တည်ချေပသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီ၊ ပန်းပုစတဲ့ လက်မှုအနုပညာကို ပါဠိစကား စိတ္တသဒ္ဒါနဲ့ တွဲဖက်သုံးလေ့ ရှိပါတယ်။ စိတ္တရဲ့ အဓိပ္ပါယ်မှာ ဆန်းကြယ်သည်-ကို ဆိုလိုပါသည်။ ပန်းပုဆရာ ထုလိုက်တဲ့ ပန်းရွက်ဖြစ်စေ၊ ပန်းပွင့်ဖြစ်စေ တခုခုဟာ သဘာဝအလျှောက် ပေါက်လာတဲ့ ပန်းရွက်၊ ပန်းပွင့်တို့နဲ့တူနေရင် ဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ သဘာဝမှာ မရှိတာကို အဆန်းတကြယ် တီထွင်ပြုလုပ်နိုင်ပါမှသာ ဆန်းကြယ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပန်းပုဆရာတို့ ထုလုပ်တဲ့ လက်ရာများဟာ သဘာဝထက် ဆန်းကြယ်ရပါတယ်။ သဘာဝအရှိအတိုင်းသာ ထုတတ်သူကို ဆန်းကြယ်တဲ့ပညာ သို့မဟုတ်-ပန်းပုပညာတတ်သူလို့တောင် မခေါ်ကြပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ကူးဉာဏ်ကို စေစားပြီး ဆန်ကြယ်နိုင်သမျှ ဆန်းကြယ်အောင် ဖန်တီးပြုလုပ်ကြရပါတယ်။ မျောက်ရုပ်၊ ခြင်္သေ့ရုပ် စသည်တို့မှာ အတွန့်အတက်နဲ့ ယိုးဒယားကနုတ်များပါတာကို တွေ့ပါလိမ့်မယ်။ သည်အတွန့်အတက်များကို တကယ့်မျောက်၊ တကယ့်ခြင်္သေ့ စတဲ့ တိရစ္ဆာန်တွေမှာ ပါရှိတာ မဟုတ်ပါဘူး။ ပန်းပုဆရာရဲ့ စိတ်ကူးဉာဏ်စွမ်းနဲ့ ထည့်သွင်းထားတာသာ ဖြစ်ပါတယ်။ သည်ကနုတ်တွေ ပါတာကြောင့်ပဲ သည်အရုပ်များကို လက်ရာကောင်းတယ်၊ ဆန်းကြယ်တယ်လို့ ဆိုရပါတယ်။ သဘာဝရှိသမျှလောက်ကိုသာ ထုတတ်သူကို လက်ရာမြောက်သူလို့ မြန်မာတို့က ချီးမွမ်းလေ့မရှိပါဘူး။ မြန်မာ့ပန်းပုပညာ အခြေခံကိုယ်က သဘာဝထက်ပိုပြီး ဆန်းကြယ်ရေးဖြစ်ပါတယ်။ သည်သဘောကို မသိဘဲ သည်လက်ရာများကို သဘာဝမကျလို့ ဝေဖန်တာဟာ အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်၊ အခြေပြုချက်ကို နားမလည်လို့ ဝေဖန်ခြင်းသာ ဖြစ်ပါတယ်။

သည်လို မြန်မာ့ပန်းပုပညာသဘောကို ရှင်းပြပြီးနောက် မင်းကြီး၏ မှတ်ချက်ကို ဆက်လက်ချေပရှင်းလင်းပြ ပြန်သည်။
သည်လို စိတ်ကူးဉာဏ်ကို စေစားပြီး ဆန်းကြယ်အောင် လုပ်ရတယ်ဆိုပေမယ့် စည်းမရှိ ကမ်းမရှိ မိမိထင်တိုင်း မလုပ်ရပါဘူး။ စည်းစနစ်ကို လိုက်နာပြီးသာ လုပ်ရပါတယ်။ ပန်းရွက်၊ ပန်းပွင့် စသည့် ရေးထုရာမှာ ရိုးတန်က ဘယ်လိုသွားရမည်၊ အရွက်က ဘယ့်နှယ်နေရမယ် စသည်ဖြင့် စည်းကမ်း နည်းလမ်းမှန်အောင် ရေးရ ထုရပါတယ်။

ဆရာဆိုင်က ပန်းပုံတခုရေးပြ၍ ဆက်ပြောပြန်သည်။
အခု ကျွန်တော်ရေးပြတဲ့ ပန်းပုံကိုကြည့်ပါ။ ဒီပုံကို တခြားတတ်ကျွမ်းတဲ့ ဆရာများကို သွားပြပါ။ မှန် မမှန်ကို သူတို့က ဆုံးဖြတ်ပါလိမ့်မယ်။
ထို့နောက် ဘီလူးရုပ်တရုပ်ကို ရေးပြပြန်သည်။
ဒီဘီလူးရုပ်ကိုလည်း ကြည့်ပါဦး။ စည်းစနစ်တကျ အချိုးအစားကိုက်ဖြစ်အောင် ရေးထားပါတယ်။ ဒီဘီလူးရုပ်ကို ယူသွားပြီး အခြားဆရာများကို ပြကြည့်ပါ။ တတ်ကျွမ်းတဲ့ဆရာဆိုရင် မှန်ကန်ကြောင်း ပြောပြပါလိမ့်မယ်။ ဒါမှမဟုတ် တခြား ဆရာများရေးတဲ့ပုံ၊ ထုတဲ့အရုပ်များကို ယူခဲ့ပါ။ စနစ်ကျ-မကျ၊ မှန် မမှန်ကို ကျွန်တော် ဆုံးဖြတ်ပြပါမယ်။ သည်လို တဦးရေးတာ၊ ထုတာကို တဦးက မှန်-မမှန် ဆုံးဖြတ်နိုင်ခြင်းဟာ ဘာကြောင့်ပါလဲ။ စနစ်ရှိလို့ပဲ မဟုတ်လား။ စနစ်မရှိဘူးဆိုရင် ဆုံးဖြတ်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ပါ။ ဒါကြောင့် မြန်မာလက်မှု အနုပညာမှာ စည်းစနစ်မရှိဘူးလို့ ဝေဖန်တာဟာလဲ နားမလည်လို့ ဝေဖန်တာသာ ဖြစ်ပါတယ်။

ဆရာဆိုင်က တခုပြီတခု အားပါးတရ ချေပပြောဆိုသည်။ စကားပြန်ကလည်း သေချစွာ ဘာသာပြန် ပြောပြသည်။ နောက်ဆုံးတွင် မင်းကြီးက လက်ဝါးကို မှောက်ထားရာမှ လှန်၍ပြလိုက်ကာ ကျွန်ုပ် မင်းနဲ့မတွေ့ခင်က ဒီလိုဖြစ်နေတာ၊ ယခု ဒီလိုဖြစ်သွားပြီ-ဟု ၀န်ခံပြောဆိုလေသည်။ ဆိုလိုသည်မှာ-
နဂိုက ငါထင်ထားချက်တွေ ပြောင်းပြန်ဖြစ်သွားပြီ။ မင်းပြောတဲ့အတိုင်း မင်းတို့ပညာဟာ စည်းစနစ် ရှိပါပေတယ်-ဟူ၍ ဖြစ်ပေသည်။

မင်းကြီး မစ္စတာရောဘတ်သည် ဆရာဆိုင်ကို အလွန်နှစ်သက် သဘောကျသွားလေသည်။
သည်လောက် ပညာတတ်ပါလျက် ဘာကြောင့် ယခု ကျင်းပနေတဲ့ ဂျူဗလီလက်မှုပညာ အံ့ပွဲကို မ၀င်ပါသလဲ။
ကျွန်တော် အသက်နည်းနည်းကြီးသွားတာကြောင့် မ၀င်ချင်လို့ မ၀င်တာပါ။
အို အသက်ကြီးတာနဲ့ မဆိုင်ပါဘူး။ ဆက်ဆက် အံ့ပွဲဝင်ပါ။
ဆရာဆိုင်သည် မစ္စတာရောဘတ်၏ တိုက်တွန်းချက်ကြောင့် ထိုနှစ်က အံ့ပွဲဝင်သည်။ သို့သော် ပန်းပုအတွက်မ၀င်။ မှန်စီရွှေချအတွက်သာ ၀င်သည်။ အံ့ပွဲဝင်သော ပစ္စည်းမှာ သားရိုးခြင်္သေ့များ တပ်ထားသော မှန်စီရွှေချသေတ္တာဖြစ်သည်။ ပထမရသည်။

၂-နှစ်ခန့်ကြာသောအခါ မင်းကြီးက ဆရာဆိုင်အား ပြိုင်ပွဲအကဲဖြတ်ကော်မတီ ၀င်လုပ်ရန် ပြောဆိုလာသည်။ ဆရာဆိုင်က ပြိုင်ပွဲဝင်ပုဂ္ဂိုလ်များမှာ များသောအားဖြင့် မိတ်ဆွေတွေ ဖြစ်နေသည်။ အားနာလှသည်၊ မလုပ်လိုဟု အကြောင်းပြန်လိုက်သည်။
ထိုအခါ မင်းကြီးက လျှို့ဝှက်အကဲဖြတ်အဖြစ် လုပ်ပါ။ ဆရာဆိုင် အကဲဖြတ်သည်ကို လူ မသိစေရပါ-ဟု ပြောသဖြင့် လက်ခံလိုက်သည်။ သို့ဖြင့် ဆရာဆိုင်သည် မင်းကြီးနှင့် နှစ်ယောက်တည်းသာ ပန်းပု၊ ငွေထည်၊ မိလ္လာ (ရွှေ-ငွေ-ကြေးစပ်) ထည်တို့ကို စိစစ်သည်။ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် မင်းကြီးအား အကဲဖြတ်ပေးသည်။ မင်းကြီးလည်း ဆရာဆိုင် ဆုံးဖြတ်ပေးသည့်အတိုင်း ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ကြေညာလေသည်။

ဆရာဆိုင်သည် ထူးချွန်သော အနုပညာရှင်ကြီး ဖြစ်သည်သာမက အလွန် ကတိတည်သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။
တခါသော် မန္တလေးမင်းကြီး စွန်းနဟိုးနှင့် ရန်ကုန်မင်းကြီး မစ္စတာဆင်းတို့ ဆရာဆိုင်၏ အိမ်သို့ရောက်လာကြသည်။ ဆရာဆိုင်၏လက်ရာများကို ကြည့်ရှုကြသည်။ ဆရာဆိုင်၏အိမ်တွင် လုပ်ပြီးစ ပလ္လင်နှင့် တံကဲတခုကို တွေ့မြင်ကြသည်။ မစ္စတာဆင်းက အလွန်နှစ်သက်သဘောကျသဖြင့် ၀ယ်ယူသည်။

ဒီပလ္လင်နဲ့ တံကဲ ကျုပ်ကိုရောင်းပါ။ ငွေ ၃၀၀၀-ပေးပါမယ်။
စက်ပိုင် ဦးစံမှူးအပ်လို့ လုပ်ထားတာပါ။ မရောင်နိုင်ပါဘူးခင်ဗျား။
ဈေးနှုန်းဘယ်လောက်နဲ့ အပ်ထားလဲ။
၁၅၀၀-နဲ့ပါ။
ကျုပ်ကို ၃၀၀၀-နဲ့ ရောင်းပါ။ ဦးစံမှူးကို အသစ်ထပ်လုပ်ပေးတာပေါ့။
ဦးစံမှူးကို ပစ္စည်းအပ်ရမယ့်ရက် နီးနေပြီ။ မဖြစ်နိုင်တော့ပါဘူး။ မင်းကြီးစောင့်နိုင်လျှင် နောက်တခု အသစ်လုပ်ပေးပါ့မယ်။
မစောင့်နိုင်တော့ဘူး။ ဒါပဲ လိုချင်တယ်။
ဒါတော့ မဖြစ်နိုင်ဘူး။ မရောင်းနိုင်ပါဘူး ခင်ဗျား။

ဤသို့ဖြင့် ဆရာဆိုင်သည် ဦးစံမှူးကို ကတိမဖျက်ခဲ့။ ငွေ ၁၅၀၀-အပိုရမည်ကို စွန့်လွှတ်လိုက်သည်။ ထိုအချိန်က ရွှေဒင်္ဂါးတပြားလျှင် ၁၀၊ ၂၀-ဈေးနှုန်းသာ ရှိသည်။ ငွေ ၁၅၀၀-ဆိုသည်မှာ အလွန်တန်ဖိုးကြီးလှပေသည်။
၁၉၂၄-ခုတွင် အင်္ဂလန်ပြည်၊ လန်ဒန်မြို့တော် ဆင်ခြေဖုံး ၀င်ဗလီအရပ်၌ ဗြိတိသျှအင်ပါယာ ပြပွဲကြီးတခုကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။ ထိုပြပွဲအတွက် မြန်မာပြည်ကလည်း ပြပွဲဝင်သည်။ မြန်မာပြခန်းအတွက် ပြာသာဒ်များ ဆောက်လုပ်သည်။ သက်ဆိုင်ရာတို့က ဆရာဆိုင်ကိုပင် ရွေးချယ်တာဝန်ပေးသည်။ ဆရာဆိုင်သည် ပြာသာဒ်လုပ်ရာတွင် အပြောက်ပန်းတို့ကို ထုလုပ်ပေးရသည်။ ပြာသာဒ်အဖြူထည်ကိုမူ ဘိလပ်မှာပင် ပုံကိုကြည့်၍ အင်္ဂလိပ်တို့က ဆောက်ကြသည်။ ဆရာဆိုင်က တပ်ဆင်ရန် ပန်းအပြောက်တို့ကို ထုလုပ်ပြီးနောက် ပြာသာဒ်၏ မည်သည့်နေရာတွင် တပ်ဆင်ရမည်ကို သိနိုင်ရန် ဂဏန်းများထိုး၍ ပေးလိုက်ရသည်။ ထိုအတွက် လက်ခငွေ သုံးသောင်းခန့် ရရှိပေသည်။

ဝင်ဗလီပြပွဲကြီးကို ထိုနှစ် (၁၉၂၄-ခု) ဧပြီလမှ အောက်တိုဘာလအထိ ဖွင့်လှစ်ပြသခဲ့သည် မြန်မာပြခန်းကို ကြည်ရှု့သူတိုင်း နှစ်သက်သဘောကျကြသည်။ မြန်မာ့လက်ရာကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်သွားကြသည်။ ဗြိတိသျှစာနယ်ဇင်းများက မြန်မာပြခန်းသည် ပြပွဲကြီး၏ မျက်ရှုရတနာ ဖြစ်သည်ဟူ၍ချီးကျူးဖော်ပြကြသည်။ မြန်မာပြခန်းသည် မြန်မာ့ဗိသုကာ ပညာစွမ်းကို ဖော်ထုတ်ထားခြင်း ဖြစ်သည်။ အခင်းအကျင်း အပြောက်အမွမ်း အဆင်အပြင် သွင်ပြင်နှင့်တကွ အဆောက်အအုံတခုလုံးမှာ တဆံခြည်မတိမ်း မြန်မာပီသလှသည်-စသည်ဖြင့် ချီးကျူးပြောဆိုကြပေသည်။

ပြပွဲကြီး ပြီးသောအခါ ဘုရင်ခံ ဆာဟာကုတ်ဗတ္တလာက ရန်ကုန်မြို့ ဘုရင်ခံ အိမ်တော်ဒါဘာပွဲတွင် ဆရာဆိုင်အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် တထောင်ကျပ်တန် ရွှေနာရီတလုံး ဆုပေးလေသည်။
( ရှေ့လဆက်ရန်)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

No comments: