Monday, May 17, 2010

တံလျှပ်ရေထင်

မိဘမျက်ရည်တစက် သားသမီး ဆင်းရဲတသက်တဲ့-မသင်းခိုင် ကြားဖူးသော စာသားတခု။ မိဘတွေကတော့ သူတို့အပေါ် ပြစ်မှားစော်ကားတဲ့ သားသမီး၊ စိတ်ဆင်းရဲစေခဲ့တဲ့ သားသမီးဖြစ်လည်း မေတ္တာပျက်မှာ မဟုတ်ပါ။ မိုက်မဲသူလေးရယ်လို့သာ သနားကရုဏာသက်မိကြမှာပါ။ အသက်ပေး မွေးခဲ့တဲ့ အမေနဲ့ ဘ၀ပေးပြီး ကျွေးခဲ့တဲ့ အဖေကို စော်ကားပြစ်မှားခဲ့တဲ့ သားသမီးများမှာသာ ကိုယ်ပြုသမျှကံ ကိုယ်သာခံရတာနေမှာပါ-ဟု မသင်းခိုင် တွေးမိလိုက်သည်။ မိဘဆိုတာ သားသမီးများအပေါ် မေတ္တာပင်လယ် မဟုတ်ပါလား။ ဒီအသိတွေက နောက်ကျခဲ့ပါပြီ။ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာချိန်မှာ အဖေ အမေ ကွယ်လွန်ခဲ့ပါပြီ။

မသင်းခိုင်တို့မြို့မှာ မသိသူမရှိသလောက်ပါ။ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦး ဖြစ်သလို ဘုရားဂေါပကအဖွဲ့ဝင် လူကြီးတဦးပါ။ သာရေးနာရေးပွဲတိုင်း အဖပါမှ ပြီးခဲ့တာပါ။ ရိုးသား အေးချမ်းသော ဆရာကြီး ဦးဘထွန်းနဲ့ သူ့ဇနီး ဒေါ်စုစုကို လေးစားသူ များပါတယ်။ ချစ်ခင်သူ ပေါပါတယ်။ သမီးနှစ်ယောက် ရှိသည့်အနက် သမီးအကြီး မသင်းကြိုင် အနေအေးသလောက် သမီးငယ် မသင်းခိုင်မှာ အမြဲ မိဘအပေါ် အလိုမကျ ဖြစ်နေသူပါ။ ချမ်းသာချင်သော၊ လှပစွာ မော်ကြွားချင်သော မသင်းခိုင်၊ မိဘအပေါ် အမြဲငြိုငြင်တတ်ပါသည်။ ဆယ်တန်းနှစ်မှာ ပိုဆိုးလာပါသည်။

အဖေကလေ ကျောင်းအုပ်ဆရာကြီးတယောက် လုပ်ခဲ့ပြီး ဆင်းရဲရလား၊ ကျူရှင်သင်ပါလား။ အမေကရော အရွယ်ရှိတုန်းများ စီးပွားတွေရှာခဲ့ပါလား။ သမီးတို့ ရှေ့ရေးသာတွေးပြီး ပိုက်ဆံရှာခဲ့ရင် သမီးတို့ ဒီလိုနေရမှာလား။

သမီးလေးနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့သည်ကို ကျေးဇူးမတင်သည့်အပြင် မိခင်ကြီးကို ငွေမရှာခဲ့၍ အပြစ်ပြောခဲ့သည်။
တကယ်တော့ မိမိတို့မိသားစု မချမ်းသာသော်လည်း မဆင်းရဲပါ။ အမေကတော့ အပြစ်မမြင်ခဲ့။ လူတကာလေးစားသော ဖခင်ကြီးကိုလည်း မသင်းခိုင် မချေမငံ ဆက်ဆံခဲ့၊ မလေးမစား ပြောဆိုပြုမူခဲ့သည်။
စီးပွားဆိုတာ လုပ်တိုင်းမဖြစ်ပါဘူး သမီးရယ်။ ငွေတွေချမ်းသာပြီး မေတ္တာစိတ်ကလး မထားတတ်ရင် ဆင်းရဲတာပါပဲ။ သမီးလည်း မစားမသောက် ပညာမသင်ရတာမှ မဟုတ်တာ။ စာကိုသာ ကြိုးစားပါသမီးရယ်။

အဖေ့စကားသည် မသင်းခိုင်ကို မပြုပြင်နိုင်ခဲ့ပါ။ ဆယ်တန်းဖြေခါနီး အဖေ အမေ မနှစ်သက်ဆုံးအလုပ်ကို မသင်းခိုင် လုပ်လိုက်သည်။
သမီးတို့ အရွယ်ရောက်လို့ အိမ်ထောင်ပြုရင် ခိုးရာမလိုက်ပါနဲ့။ အဖေနဲ့အမေကို ဖွင့်ပြောပါ-ဟု အတန်အတန် ဆုံးမသည့်ကြားက ရပ်ကွက်ထဲက သူဌေးသားတဦးနှင့် လိုက်ပြေးခဲ့ပါတော့သည်။ စိတ်တိုင်းမကျသော မိဘနှစ်ပါးကို စိတ်ဆင်းရဲအောင်ပြု၍ ကျေနပ်နေခဲ့သည်။ သူဌေးချွေးမအဖြစ် ပျော်ပါးမော်ကြွားနေခဲ့မိပါ၏။ မသင်းခိုင် ဖခင်ကြီးမှာ သမီးစိတ်နှင့် ရှက်လည်းရှက်၊ စိတ်လည်းထိခိုက်ကာ အိပ်ရာထဲ လဲပါတော့သည်။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ မိဘမျက်ရည်နှင့် တည်ဆောက်ခဲ့သော မသင်းခိုင်အိမ်ထောင်ရေး သည်လည်း ထင်သလို မသာယာခဲ့။ အလုပ်မလုပ်သော ယောက်ျား၊ မလိမ္မာသော သားသမီး၊ မကြည်ဖြူတော့သည့် ယောက္ခမများ၊ မသင်းခိုင်ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန်ရပါတော့သည်။

ကျေးဇူးကန်းသော သမီးမိုက်မို့ ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်။ စီးပွားရေးဆိုတာ လုပ်တိုင်း မဖြစ်ပါ-ဟူသော ဖခင်ကြီးစကားကို ပြန်လည်ကြားယောက်မိပါသည်။
မူးလာတိုင်း ရန်ရှာတတ်သော ယောက်ျားကြောင့် သားများကို အားကိုးလိုသည်။ သို့သော် သာအကြီးက ဆယ်တန်းအောင်အောင် မဖြေ၊ ဖအေကဲ့သို့ အရက်သောက်၊ သုံးဖြုန်း၊ သမီးလတ်က ရည်စားထည်လဲတွဲ၊ သားအငယ်ဆုံးလေးက စာကောင်းကောင်း မသင်။ လိမ္မာကြဖို့ဆုံးမတော့ သားကြီးက-

အမေကရော လိမ္မာခဲ့လို့လား၊ ဖေဖေတောင် ဒီလိုနေတာပဲ။ ဗိုက်ဆာရင် အဘွားအိမ်သွားမှာပေါ့။ အမေသာ ကိုယ့်ဘာသာ ရှာစားစမ်းပါဗျာ။
သမီးကို ဆုံးမပြန်တော့လည်း အမေ့တုန်းကရောတဲ့။
မသင်းခိုင် ဘာမှမပြောနိုင်။ ဒီသမီးကြောင့် လူငယ်အချင်းချင်း ချိန်းရိုက်ကြသည်က ရှိသေး။ မသင်းခိုင် ၀ဋ်လည်ခြင်းပင်။ ဆုံးမစကားများ အရာမထင်တော့ပါ။ သူငယ်ချင်း၏ ကုန်စုံဆိုင်မှာ အကူဝင်လုပ်ရသည်။ ခါးသီးသောဘ၀။ ကိုယ်မှန်းထားတာ ဒီလိုအိမ်ထောင်ရေးလား။ အမြင့်မှန်းလို့ အကျနာခြင်းပင်။ အေးမြသော မိဘမေတ္တာကို ရေပူထင်၊ တံလျပ်ရေထင် ရွှေသမင်အလိုက်မှားခဲ့သော မသင်းခိုင်၊ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရပါပြီ။

ရိုးသားအေးဆေး မိဘသဘောတူသူနှင့် အိမ်ထောင်ပြုခဲ့သော မသင်းကြိုင်ဘ၀က အေးချမ်းသည်။ သားသုံးယောက်က လိမ္မာ၊ ခင်ပွန်းသည်က သစ္စာရှိမို့ ချမ်းမြေ့လှသည်။ ကျောင်းပိတ်ရက်ဆို မသင်းကြိုင် အိမ်အလုပ်များပင် မလုပ်စေရ။ သားကြီးနှစ်ယောက်က တာဝန်ယူသည်။ ခင်ပွန်းသည်ကလည်း မသင်းကြိုင်ကို အရိပ်တကြည့်ကြည့်။ အမိအဖနှစ်ပါး၏ စကားကို မြေ၀ယ်မကျနားထောင်ကာ ထာဝရဦးထိပ်ပန်ဆင်ခဲ့သော မသင်းကြိုင်မှာ မသင်းခိုင်ဘ၀နှင့်တော့ မိုးနဲ့မြေပါ။ စီးပွားရေးလုပ်လိုက်လျှင်လည်း အောင်မြင်သည်သာ။

အခုတော့ ကျေးဇူးရှင် ဖခင်ကြီးလည်း မိမိစိတ်ကြောင့် ကွယ်လွန်ခဲ့ပြီ။ မသင်းကြိုင်တို့ မိသားစုလည်း မိခင်ကြီးကိုခေါ်၍ ခင်ပွန်းသည်တာဝန်ကျရာမြို့သို့ ပြောင်းရွှေ့သွားခဲ့ပြီ။
မည်သူမပြု မိမိမှု ဆိုသည့်အတိုင်း မသင်းခိုင် ကိုယ့်အပြစ်နှင့်ကိုယ် ၀ဋ်ကြွေးများကို လည်စင်းဆပ်နေရပါပြီ။ လောကတွင် အနှိုင်းမဲ့သော မြတ်လှစွာသော ဘုရားရှင်ကိုယ်တော်တိုင် မြတ်ဘုရားနှင့် တဂိုဏ်းတည်းထားတော် မူခဲ့သည့် တုနှိုင်းမရှိ။ မေတ္တာရှင်မိခင်ဖခင်တို့အား အထင်သေးနှိမ်ချပြောဆိုဆက်ဆံခဲ့သော မသင်းခိုင်၊ လင်ဆိုးမယား တဖားဖား သားဆိုးအမေ တပေပေဖြင့်ပင် လောကဓံအထုအထောင်းတွင် စုန်ဆန်မျောပါ နေတော့သည်။

ခင်ပွန်းသည်က မခင်တွယ်၊ သာသမီးက မကြင်နာ၊ သူများအိမ်တွင် ကူဖော်လောင်ဖက်ဘ၀နှင့် ပေးတာယူ၊ ကျွေးတာစား၊ မသင်းခိုင်ဘ၀က လောကငရဲမှာ ဘယ်အထိ ပေးဆပ်ရမည် မသိတော့ပါ။

အေးအေး (စက်ဆန်း)
( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

No comments: