Saturday, May 29, 2010

ဗိသုကာ ဆရာဆိုင် ( ၃ )

( ပါရမီ အထူးမြောက်ပေသော)
ဆရာဆိုင်သည် ၀င်ဗလီလုပ်ငန်းတွင် အောင်မြင်မှုရပြီးနောက် မန္တလေး မဟာမုနိရုပ်ပွားတော်မြတ်ကြီး စံပယ်တော်မူသော ပလ္လင်တော်ကြီးကို မွမ်းမံခြယ်လှယ်သည့်လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ရသည်။ ထိုပလ္လင်တော်ကြီးမှာ အုတ်ဖြင့်လုပ်ထားသော ပလ္လင်ကြီးဖြစ်သည်။ ဘိုးတော်မင်းတရားကြီး လက်ထက်က ဆရာကြီးများ၏ လက်ရာပင်။ ၁၉၂၅-ခုတွင် ထိုအုတ်ပလ္လင်တော်ကြီးကို ဆရာဆိုင်က မှန်စီရွှေချပညာဖြင့် မွမ်းမံခြယ်လှယ်ပေးရသည်။

ဆရာဆိုင်သည် အထူးကြိုးစား မွမ်းမံခြယ်လှယ်ပေးသည်။ ပြီးစီးသောအခါ ပလ္လင်တော်ကြီးမှာ ရုပ်ပွားတော်ကြီးနှင့် အလွန်ပနံရလှသည်။ မြင်သူတိုင်း ချီးကျူးမဆုံး ရှိကြသည်။
ထိုအလှူဒါနအတွက် သက်ဆိုင်ရာလူကြီးများက ဦးဆောင်၍ ရေစက်ချပွဲ ကျင်းပသည်။ ထိုရေစက်ချပွဲတွင် ဖတ်ကြားရန် ဆုတောင်းစာကို သေချာကျနစွာ ရေးသားသည်။ မြန်မာပြည်ရှိ ဆရာကြီး ဦးဘေက ရေးသားသည်။ ရေးသားရာ၌ ဆရာဆိုင်၏ စွမ်းဆောင်မှုကို ချီးကျူးသောအနေဖြင့် ပါရဂူမြောက်သော ဆရာဆိုင်အား လုပ်ဆောင်စေရာ-ဟူ၍ ထည့်သွင်းရေးသားသည်။ ရေစက်ချပွဲမတိုင်မီ ထိုစာကို ဆရာဆိုင်ဖတ်ရသည်။ ထိုအခါ ပါရဂူမြောက်သော-ဟူသော စကားအသုံးအနှုန်းအတွက် မနှစ်သက်နိုင်။

ပါရဂူမြောက်-ဆိုတဲ့ စကားနဲ့ ကျွန်တော့်ကို ချီးမွမ်းတာ လွန်နေတယ် ထင်ပါတယ်။ ကျွန်တော် ဒီပညာကို အတော်ကလေးတတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပါရဂူမြောက်ဆိုတာတော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီဝိသေသကိုတော့ ပြင်ဖတ်ပေးပါဆရာကြီး-ဟူ၍ ဆုတောင်းစာဖတ်မည့် မြန်မာပညာရှိ ဆရာကြီး ဦးသန်းစင်ကို ပန်ကြားသည်။

ရေစက်ချပွဲနေ့တွင် ဆရာကြီးဦးသန့်စင်ကလည်း ပြင်ဖတ်ပေးသည်။ ပါရဂူမြောက်-အစား ပါရမီအထူးမြောက် ပေသော -ဟူ၍ ပြင်ဖတ်သည်။ ဆရာဆိုင် နှစ်သက်ဝမ်းမြောက်သွားလေသည်။ ယခုဘ၀ ကြိုးစားမှုနှင့် ရှေးဘ၀က ပါရမီကြောင့် ဤပညာရပ်ကို ထူးချွန်စွာ တတ်မြောက်သည် ဆိုသည်ကိုသာ ဆရာဆိုင်က ခံယူလိုသည်။ ဘုရားကလွဲလျှင် မည်သူမျှ မည်သည့်ပညာကိုမဆို ပါရဂူမြောက် မတတ်နိုင်ဟူ၍ ဆရာဆိုင်က ယူဆထားပေသည်။

( ဗိသုကာဆရာနှင့် ပန်းပုဆရာ)
ထို့ကြောင့်လည်း ဆရာဆိုင်သည် မိမိတတ်ကျွမ်းထားသော ပညာကို ပြီးပြည့်စုံပြီ သဘောမထား။ အသစ်အသစ် ထပ်မံဆည်းပူးလေ့လာသည်။ အစဉ်အလာအရ ပြာသာဒ်တဆူ ဆောက်လိုလျှင် ဗိသုကာဆရာက ပန်းပုဆရာ တို့ကို ငှါးရမ်းရသည်။ ဗိသုကာဆရာက ပြာသာဒ်အဖြူထည်ကို အချိုးအစားမှန်ကန်စွာ ပြုလုပ်ပေးရသည်။ ထုပိကာခေါ် ပြာသာဒ်အထွတ်ကိုလည်း ဗိသုကာဆရာကပင် တာဝန်ယူလုပ်ဆောင်ပေးရသည်။
ဗိသုကာဆရာပြုလုပ်ပြီး အဖြူထည်ကိုမှ ပန်းပုဆရာက အပြောက်ဆင်ရန် လိုအပ်သလို တိုင်းတာပြီး ပန်းများ၊ ရုပ်လုံးများ ထုလုပ်တပ်ဆင်ပေးရသည်။

ဆရာဆိုင်သည် မူလက ပြာသာဒ်အပြောက်ဆင်သော ပန်းပုဆရာအလုပ်ကိုသာ တတ်မြောက်သူဖြစ်သည်။ သို့ရာတွင် သူသည် ထိုပညာမျှဖြင့် ရပ်တန့်မနေ။ ဆက်လက်ကြိုးစားသင်ယူရာ ပြာသာဒ်အဖြူထည် ဆောက်လုပ်သော ဗိသုကာဆရာအတတ်ကိုပါ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့လေသည်။ လုပ်ငန်းနှစ်မျိုးလုံးကို တာဝန်ယူ လုပ်ဆောင်နိုင်ခဲ့ပေသည်။ ထို့ပြင် ပြာသာဒ်ကို ရှေးက သစ်သားဖြင့်သာ ဆောက်လုပ်ခဲ့ကြသည်။ ခေတ်က တိုးတက်လာသဖြင့် ပညာရှင်များသည် သစ်သားပြာသာဒ်သာမက သံပြာသာဒ်၊ အုတ်အင်္ဂတေ ပြာသာဒ်တို့ကိုပါ တီထွင်လုပ်ကိုင်လာကြသည်။ ဆရာဆိုင်သည် နောက်ပိုင်းတွင် သံပြာသာဒ်၊ အုတ်အင်္ဂတေပြာသာဒ် ဆောက်လုပ်နည်းအတတ်ပညာကိုပါ လေ့လာဆည်းပူးခဲ့သည်။ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ထို့ပြင် ဆရာဆိုင်သည် မှန်စီရွှေချပညာကိုလည်း အဦးပိုင်းကပင် သင်ယူတတ်မြောက် ခဲ့သည်။ ထိုမျှမက ဘုရားဆင်းတုထုသည့် အတတ်ပညာကိုလည်း မဖြစ်မနေ ကြိုးစားသင်ယူခဲ့သည်။ သို့ရာတွင် ဘုရားထုနည်းအတတ်ကို တတ်မြောက်ပြီး တနှစ်ခန့်သာ ဘုရားဆင်းတုထုသည်။ ထို့နောက် လုံးဝမလုပ် တော့ပေ။ မခံချင်သဖြင့် ဘုရားဆင်းတုထုနည်းအတတ်ကို သင်ခြင်းသာဖြစ်သည်။ မိမိ ဘုရားဆင်းတု ထုတတ်ကြောင်းပြပြီးနောက် ဆက်မလုပ်တော့ပေ။

( ၀က်မစွတ် ၀န်ထောက်မင်းနှင့် ဆရာဆိုင်)
ဆရာဆိုင်သည် ပညာသင်ယူရာတွင် မည်သည့်ဆရာထံတွင် မဆို ရိုသေကျိုးနွံစွာ ဆည်းပူးလေ့လာသည်။ သင်ယူသည်။ ဆရာ့ကျေးဇူးကိုလည်း အထူးသိသည်။ ဆရာများအနက် ၀က်မစွတ်ဝန်ထောင်မင်းထံမှ ဆရာဆိုင် ပညာဆည်းပူးရရှိခဲ့ပုံမှာ စိတ်ဝင်စားဖွယ်ပင်။

ဝက်မစွတ်ဝန်ထောက်မင်းကား စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး၏ အဘိုးဖြစ်သည်။ မြန်မာဘုရင်ထံတွင် အမှုထမ်းခဲ့သူဖြစ်သည်။ မင်းခမ်းမင်းနားဆိုင်ရာ၊ မြန်မာ့အနုပညာဆိုင်ရာ ဗဟုသုတများ အထူးကြွယ်ဝသည်။
တခါသော် မြေးဖြစ်သူ ခင်ခင်လေးကို နားသမင်္ဂလာ ဆင်ယင်ကျင်းပသည်။ ၀က်မစွတ်ဝန်ထောက်မင်းသည် ထိုခေတ်ဓလေ့ထုံးစံအတိုင်း နားသမင်္ဂလာပွဲတွင် ခေါင်းလောင်းပါထည့်၍ လှူသည်။ လှူရာတွင် ထိုခေါင်းလောင်းကို ထမ်းသော အရုပ်နှစ်ရုပ်ကိုပါ ထည့်လှူချင်သည်။ သို့ဖြင့် အရုပ်ထုလုပ်ပေးရန် ဆရာဆိုင်ကို သူ့အိမ်သို့ ခေါ်လေသည်။ ဆရာဆိုင်ရောက်လာသောအခါ ရုပ်လုံး ထုတတ်-မထုတတ် မေးသည်။ ဆရာဆိုင်က ထုတတ်ကြောင်း ပြောသောအခါ သူ့ရှေ့တွင် ဘီလူးရုပ်ရေးပြရန် ပြောဆိုသည်။

ဆရာဆိုင်က ပန်းပုထုလုပ်ရာ၌ ရေးဆွဲရသော ဘီလူးရုပ်ပုံကြမ်းကို ရေးပြသည်။ ၀န်ထောက်မင်းသည် ဘီလူးရုပ် အချိုးအစားမှန်-မမှန်၊ ပါသင့်ပါထိုက်သော အဆင်တန်ဆာတို့ ပါ-မပါ သေချာစွာကြည့်ရှုစစ်ဆေးသည်။ ကျေနပ်မှ အေး မင်းရေးတာမှန်တယ်-ဟု ၀မ်းမြောက်ဝမ်းသာ မိန့်သည်။ ထို့နောက် ပုရပိုက်တခုကို ထုတ်လာသည်။ ထိုပုရပိုက်ထဲမှ ပုံများကို ဖွင့်၍ပြသည်။ ဆရာဆိုင်အား ရာမဇာတ်၌ပါသော ဟနုမာန်နှင့် ဣန္ဒဇိတ်ရုပ်တို့ကို ထုလုပ်ရန် အပ်နှံစေသည်။

ဆရာဆိုင်က အကောင်းဆုံးထုလုပ်ပေးရာ ၀န်ထောက်မင်းက များစွာ ကျေနပ်အားရသွားသည်။ ထိုမှစ၍ ဆရာဆိုင်နှင့် ၀က်မစွတ်ဝန်ထောက်မင်းတို့ သိကျွမ်းခင်မင်သွားကြသည်။ ဆရာဆိုင်သည် ၀န်ထောက်မင်း ထံမှ မြန်မာ့အနုပညာ ဆိုင်ရာ ဗဟုသုတတို့ များစွာရရှိသည်။ ဘုရားမကိုဋ်တော် လုပ်နည်းကိုလည်း ၀န်ထောက်မင်း ထံမှပင် ဆရာဆိုင် ရရှိသည်။ ဆရာဆိုင်သည် ၀န်ထောက်မင်းနှင့်သာမက ၀န်ကတော်နှင့်လည်း သိကျွမ်းခင်မင်သည်။ ၀န်ကတော်မှာ ပိဋကတ်ဝန် ဦးရန်၏သမီး ဖြစ်သည်။ ပိဋကတ်စာပေကို အံ့ချီးဖွယ် တတ်မြောက်သည်။ ၀န်ထောက်မင်း ဇနီးမောင်နှံသည် ဆရာဆိုင်ကို သားရင်းတမျှ ချစ်ခင်ကြသည်။ သူတို့တတ်နိုင်သည့်ဘက်မှ အမြဲတမ်းစောင်မကြည့်ရှုသည်။ ဆရာဆိုင်သည် ကျေးဇူးရှင် ၀က်မစွတ် ၀န်ထောက်မင်းကို ညအိပ်ရာဝင်တိုင်း ရှိခိုးအိပ်လေသည်။

(ကျေးဇူးသိတတ်သူ)
ဆရာဆိုင်ကား မိဘကျေးဇူး၊ ဆရာ့ကျေးဇူးကိုသာမက အများကျေးဇူးကိုလည်း သိတတ်သူဖြစ်သည်။ သူ့ကျေးဇူးကို ရှာတတ်သူဖြစ်သည်။ အလုပ်အပ်သူရှိမှ မိမိ အလုပ်လုပ်ရမည်။ မိမိ အလုပ်လုပ်ရမှ မိမိနှင့်တကွ ဇနီး၊ သားသမီး၊ အလုပ်သမားတို့၏ စားဝတ်နေရေး ဖူလုံမည်။ ထို့ကြောင့် ကျေးဇူးရှိသည်ဆိုကာ သူ့ကျေးဇူးကို အောက်မေ့၍ အလုပ်ကို မခိုမကပ်ဘဲ ကြိုးစားလုပ်ပေးလေ့ရှိသည်။ အလုပ်အပ်သူ ကျေနပ်စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးလေ့ရှိသည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက်ပေးရာတွင် မည်သည့်အခါမျှ မရိုးမသားမပြု၊ ရိုးသားမှုကို တန်ဖိုးထားကာ ရိုးသားဖြောင့်မတ်စွာ ပြုခဲ့ပေသည်။ ထို့ပြင် အလုပ်ကို လက်ခံထားသည်ထက် ပို၍လည်း လုပ်ပေးသည်။ ထိုအတွက် အလုပ်အပ်သူတို့ ကျေနပ်ကာ လုပ်ခငွေအပြင် ဆုငွေ၊ ဆုတံဆိပ် စသည်များပါ ဆရာဆိုင်ကို ချီးမြှင့်တတ်ကြပေသည်။

ထို့ကြောင့်ပင် ဆရာဆိုင်၏ လုပ်ငန်းမှာ အထူးအောင်မြင်သည်။ လုပ်ငန်းပေါင်း အမြောက်အမြားလက်ခံ ဆောင်ရွက်ခဲ့ရသည်။ ဆရာဆိုင်၏ လက်ရာများတွင် အများအပြားမှာ ယနေ့တိုင် ခိုင်မြဲတည်ရှိနေသေးသည်။ အချို့မူ စစ်ကြီးအတွင်းက မီးလောင်ရာတွင် ပါသွားကုန်ကြပြီ။

ဆရာဆိုင်၏လက်ရာတို့တွင် ရွှေတိဂုံအနောက်စောင်းတန်း၊ မြို့တော်ခန်းမ၊၊ သွင်စီနီမာ၊ မန္တလေးမြို့ ချမ်းသာကြီးဘရားတောင်ဘက်ပြာသာဒ်၊ အရှေ့ပြင် ဘီဘီအိုအေကျောင်းမှ ပြာသာဒ်၊ စစ်ကိုင်းတောင် ရှင်ဖြူရှင်လှဘုရား၊ မလွန်ဈေး ဦးလန်ြး့ပာသာဒ်၊ မန္တလေးတောင် ကျောက်တော်ကြီးဘုရား မြောက်စောင်းတန်းဦးပြာသာဒ်၊ မျက်ပါးရပ် စစ်တပ်ဓမ္မာရုံမှ ပလ္လင်နှင့်တံကဲ၊ အိမ်တော်ရာမြောက် စောင်းတန်းဦးပြာသာဒ်၊ ရွှေဘိုမြို့ မြို့ထောင့်စေတီ ဦးအုန်းခိုင်ပြာသာဒ် ၂-ဆူ (သစ်သားပြာသာဒ် ၁၂၉၀၊ သံပြာသာဒ် ၁၂၉၄-ခု) မြင်းမူ ရွှေစောဘုရားအတွင်းရှိ ဦးဘိုးစိုး၊ ဒေါ်ညိမ်း ကောင်းမှုပြာသာဒ်၊ ပျဉ်းမနားအရှေ့ ဦးနီပြာသာဒ်၊ ပုသိမ် ကန်ကြီးထောင့်ပလ္လင်နှင့်တံကဲ၊ ရန်ကုန် တက္ကသိုလ် ဓမ္မာရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံရှိ တောင်ပိုင်းစော်ဘွားကြီး ပြာသာဒ်၊ မန္တလေး မဟာသကျသီဟဘုရား အနောက်ဘက်ပြာသာဒ်နှင့် စောင်းတန်း၊ ကုသိနာရုံ ဘုရားစောင်းတန်းနှင့် မုခ်ဦးပြာသာဒ်၊ မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားပြာသာဒ်နှင့် ဓမ္မာရုံ၊ ကျပ်ပြင်တောင်ပေါ်ကျောင်းပြာသာဒ်၊ ညောင်ဦး ရွှေစည်းခုံဘုရား အရှေ့စောင်းတန်း အလယ်ပြာသာဒ်၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားပြာသာဒ်၊ မန္တလေး မဟာမုနိဘုရားကြီး အရှေ့စောင်းတန်း ခါးပြတ်ပြာသာဒ် အရှေ့စောင်းတန်း ဂန္ဓကုဋီတိုက်အတွက် ပြာသာဒ်၊ မဟာသကျသီဟဘုရား ဗန္ဓုလဓမ္မာရုံကြီးနှင့် အုတ်ပြာသာဒ် စသည်တို့ ပါဝင်သည်။ ယင်းတို့မှာ ဒုတိယကမ္ဘာစစ်မတိုင်မီက ဆောက်လုပ်မှုများ ဖြစ်ပေသည်။
(ရှေ့လဆက်ရန်)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

No comments: