Monday, May 31, 2010

ရိုးဂုဏ်

နယ်မှာ နှစ်ပေါင်း ၃၀-လောက်နေခဲ့ပြီး နောက်မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ မြို့ပြ၏ အဆင်အပြင်များ ပြောင်းလဲနေပြီဖြစ်သည်။ အထူးသဖြင့် ယာဉ်စီးရေ တိုးချဲ့သည့်ကြားမှ မြို့နေလူဦးရေကလည်း အဆမတန် တိုးပွားလာသည်။ ရန်ကုန်ရောက်ကတည်းက ကားဆရာများနှင့် ကျွန်မအကြား ဆက်ဆံရေးသည် မည်သည့်အခါမျှ အဆင်ပြေချောမွေ့ခဲ့သည် မရှိပါ။

မိုးနှောင်းရက် တရက်တွင် လှည်းတန်းရှိ မိတ်ဆွေတဦး၏အိမ်သို့ သွားရန်ကိစ္စ ပေါ်လာသဖြင့် နံပါတ် ၅၁-ဟီးနိုးလိုင်း ပုလဲမြို့သစ်ကားကို စီးပါသည်။ ကားခပေးပြီး ပိုက်ဆံအိတ်ကို ပုခုံးရှိ လွယ်အိတ်ထဲသို့ ထိုးထည့်၍ ကားပေါ်မှ သုတ်သုတ်ဆင်းကာ ထီးဖွင့်ဆောင်းလိုက်သည်။ အချို့ကားများကို စီးရာတွင် မှတ်တိုင်ရောက်တိုင်း မြန်မြန်ဆင်း၊ မြန်မြန်ဆင်း-ဟု အော်ခံနေရသဖြင့် ယခုလည်ူ ကိုယ့်ဖက်က ကြိုကြိုပိုပို ပြင်ဆင်ထားသည်။

သို့ရာတွင် ယခု ကားဆရာလေးထံမှ ဖြည်းဖြည်းဆင်း၊ ဖြည်းဖြည်းဆင်း-ဟုသောအသံ ကြားလိုက်ရသောအခါ သြ-ဒီလိုကားဆရာမျိုး ရှိသေးသကိုး-ဟု တွေးမိလိုက်ပါသည်။
မိတ်ဆွေအိမ်ကအပြန် ကားမှတ်တိုင်ရောက်၍ ပိုက်ဆံအိတ်ရှာသောအခါ မရှိတော့ပေ။ အိတ်ထဲတွင် ကိုယ်ပိုင်ပိုက်ဆံများများစားစား မပါသော်လည်း အဘိဓမ္မာစာအုပ်ဖိုး ၉၀၀၀-ပါသွားသည်။ ပြီးတော့ ငွေစုစာအုပ်။ မှတ်ပုံတင်ကဒ်ပြား။ ၀န်ထမ်းကဒ်ပြား။ အလိုလေး မနည်းပါလား။ အရေးကြီးဆုံးက မှတ်ပုံတင်ကဒ်ပြား ဖြစ်သည်။

ဘုရင့်နောင်လမ်းဆုံရှိ ကမာရွတ်ရဲစခန်းသို့သွား၍ အဖြစ်အပျက်ကို တင်ပြသည်။ အမှုဖွင့်သည် မဟုတ်သော်လည်း မှတ်ပုံတင်ပျောက်ဆုံးကြောင်း ထောက်ခံစာယူသည်။
စာအုပ်ဖိုးတွေ ကျွန်မ စိုက်လျော်ရပေတော့မည်။ မှတ်ပုံတင်လည်း အသစ် ပြန်လည်ပြုလုပ်ရဦးမည်။
လောလောဆယ်သုံးဖို့ရာ ငွေထုတ်မည်ဆိုလျှင်လည်း ငွေစုစာအုပ်ကလည်း ပါသွားခဲ့လေပြီ။ စိတ်ညစ်ညစ်နှင့် ငိုင်နေမိသည်။

နောက်တနေ့နံနက် ရုံးရောက်သောအခါ အစိုးရရုံးတရုံးမှ အရာရှိကြီးဖြစ်နေသော သူငယ်ချင်းတယောက်က ဖုန်းဆက်ပါသည်။
မိမာ နင့်ပိုက်ဆံအိတ် ပျောက်သလား-ဟု မေးပါသည်။
အေး ပျောက်တယ်။ မနေ့က ၅၁-လိုင်းကားပေါ်မှာ ခါးပိုက်နှိုက်သွားတယ် ထင်တာပဲ-ဟု ပြန်ပြောမိသည်။
နေဦး ငါပြောတာ နားထောင်ဦး၊ နင့်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ မဟုတ်ဘူး။ နင့်ဘာသာ ထွက်ကျကျန်ခဲ့တာ။ ကောက်ရတဲ့လူက ငါ့ဆီ ဖုန်းဆက်တယ်။ ငါ လိပ်စာပေးမယ်။ နင် သွားယူလိုက်-ဟုပြောပါသည်။

ကျွန်မရုံးမှ တာဝန်ရှိသူများကို အကျိုးအကြောင်းပြောပြ၍ သူငယ်ချင်းဆီမှ ငွေးသုံးထောင် တောင်းယူခဲ့ပါသည်။ ကျွန်မသွားရမည့် နေရာမှာ ပုလဲမြို့သစ်ရှိ နံပါတ် ၅၁-ဟီးနိုးလိုင်း ဂိတ်ဆုံးနေရာဖြစ်သည်။ ကိုအောင်နိုင်ဝင်း+မစုစုအောင်တို့၏ လက်ဖက်ရည်ဆိုင်ဖြစ်သည်။
ကျွန်မရောက်ရှိသွားသောအခါ ကိုအောင်နိုင်ဝင်းနှင့် ကားဂိတ်မှလူကြီး ၂-ဦး၊ ၃-ဦး စောင့်နေသည်။ ပိုက်ဆံအိတ် ကောက်ရခဲ့သည့် ကားစပယ်ယာလေး မောင်သက်ခိုင်လင်းနှင့် မိတ်ဆက်ပေးသည်။ ပိုက်ဆံအိတ်ကို ထုတ်ပေးပြီး ပစ္စည်းစုံ-မစုံ ပြန်စစ်ခိုင်းသည်။

အို-ဒေါ်ဒေါ်က ငွေစုစာအုပ်နဲ့ မှတ်ပုံတင်ကဒ်ပြား။ ပြန်ရရင်ပဲ တော်လှပြီ အောက်မေ့နေတာ။ ငွေကလည်း စာအုပ်ဖိုးတွေမို့ ငါ့တူသာ ပြန်မပေးရင် ဒေါ်ဒေါ် လျော်ရတော့မှာပါ-ဟု ကျွန်မက အရိုးခံအတိုင်း ပြောမိသည်။
ဒီနေ့ ဒေါ်ဒေါ်ကို စောင့်နေရတဲ့အတွက် မောင်သက်ခိုင်လင်း ကား-မထွက်ရတော့ဘူး။ ၀င်ငွေလည်း မရတော့ဘူးပေါ့-ဟု စာနာမိ၍ စိတ်မကောင်းစွာ ပြောမိသည်။

ဟုတ်တယ်၊ ဒီပိုက်ဆံအိတ်ထဲမှာ ဖုန်းနံပါတ်တွေ ရေးထားတဲ့စာအုပ်ကလေးတအုပ် တွေ့တယ်။ အဲဒီဖုန်းတွေကို ခေါ်ပြီး ဒေါ်ဒေါ်ကို တဆင့်ပြောခိုင်းရတာပါ-ဟု ဂိတ်မှူးက ရှင်းပြသည်။
မောင်သက်ခိုင်လင်းမှာ စာပေးစာယူ တတိယနှစ်ကျောင်းသား ဖြစ်သည်။ မိဘများကို လုပ်ကျွေးနေသူဖြစ်သည်။
သြော်-ဒီလို ကားစပယ်ယာမျိုး တကယ်ရှိပါလား-ဟု ၀မ်းသာစွာ တွေးမိသည်။
ကဲ ငါ့တူ၊ ဒီပိုက်ဆံက ငါ့တူကို သန့်သန့်စင်စင် ဆုချတာပါ။ နည်းတော့နည်းတယ်။ နည်းမှန်းလဲ ဒေါ်ဒေါ်သိပါတယ်။ ဒါပေမယ့် ဒေါ်ဒေါ်တတ်နိုင်သလောက် ဆုချတာ လက်ခံပါ-ဟု ကျွန်မယူလာသော ငွေသုံးထောင်ကို ထုတ်ပေးပါသည်။

မောင်သက်ခိုင်လင်းက ငြင်းပယ်ရှာသည်။ သို့သော်လည်း ကျွန်မစိတ်က တကယ်ကျေးဇူးတင်၊ တကယ်လေးစားစိတ်ဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြော၍ အတင်းပေးရသည်။
ကျွန်မစိတ်တွင် မောင်သက်ခိုင်လင်းလို ရိုးသားလိမ္မာသည့် လူငယ်လေးများ၊ လူတန်းစားအလွှာ အသီးသီးတွင် ရှိနေစေချင်သည့် စေတနာလည်း ဖြစ်ပေါ်လာပါသည်။ မောင်သက်ခိုင်လင်း၏ ရိုးသားမှုကို ဂုဏ်ပြုချီးမြှင့်ခွင့် ရသဖြင့် ကျွန်မ များစွာ ၀မ်းသာကြည်နူးမိသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ခင်မာရှိန် (ပထ၀ီဝင်)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဒီဇင်္ဘာလ)

No comments: