Saturday, May 8, 2010

သေခြင်းတရား

လွတ်လပ်ရေး ရပြီးစအချိန်က ဖြစ်ပါသည်။ ထိုစဉ်က မော်လမြိုင်နှင့် ရန်ကုန် လေကြောင်းခရီးကို ရွှေချိုးဖြူ လူ ၁၁-ယောက်စီး လေယာဉ်ပျံငယ်များ ပျံသန်းလေ့ရှိပါသည်။ မီးရထားလမ်းကလည်း သောင်းကျန်းသူများ အန္တရာယ်ကြောင့် အသွားအလာ နည်းပြီး လေယာဉ်ခရီးကိုသာ ပြည်သူလူတုက အားထားကြရသည်။ သို့အတွက်လည်း မော်လမြိုင်နှင့် ရန်ကုန်ကို နေ့စဉ် သုံးလေးခေါက် ပျံသန်းပေးရသည်။

( လေယာဉ်ပျက်၍ သေခြင်း )
တနေ့သော် ကျွန်တော်၏ဖခင်သည် ရန်ကုန်မှ မော်လမြိုင်သို့ပြန်ရန် တနင်္ဂနွေနေ့ နံနက် ၁၁-နာရီ လေယာဉ်ခေါက်လက်မှတ်ကို ၀ယ်ယူထားသည်။ ကျွန်တော်၏ဖခင် မိတ်ဆွေရင်းတဦး ဦးပါဆိုသူ တယောက်ကလည်း ထိုနေ့၌ပင် နေ့တနာရီ လေယာဉ်ခေါက်လက်မှတ်ကို ရထားသည်။ စနေနေ့ ညဦးပိုင်းတွင်မူ အဆိုပါ ဦးပါဆိုသူက ကျွန်တော်၏ဖခင် ဦးပါထံသို့ လာရောက်ပြီး-

ကိုပါရေ၊ ကျွန်တော့်ကလေး မမာဘူးလို့ ကြေးနန်းရတယ်။ ဒါကြောင့် ခင်ဗျားလက်မှတ် ကျွန်တော့်ကို ပေးပါ-ဟု တောင်းလဲလိုက်သည်။ ပြီးလျှင် ညဈေးတန်း၌ အစားအသောက် အတူဝယ်စားပြီး အပြန်တွင် ၄င်းဦးပါခမျာ အိမ်ပေါ်ပြန်အတက်၌ လှေကားထစ်ချော်ကျပြီး အတော်လေး ခါးနာသွားသည်။ သို့အတွက် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ပေးရသေးသည်။ နောက်နေ့၌ ခါးနာလျက်နဲ့ ဆေးရုံမှဆင်းပြီး မော်လမြိုင်သို့ မရမက ကျွန်တော်၏ ဖခင်လက်မှတ်ဖြင့် လိုက်ပါသွားရာ လမ်းတွင် လေယာဉ်ပျက်ပြီး ယနေ့အထိ သတင်းအစအန ရှာမတွေ့ခဲ့ပါ။ သေခြင်းတရားဟူသည် အချိန်ရောက်ပါက မလွှဲရှောင်နိုင်ပါတကား။

(ကားညပ်၍ သေခြင်း)
ကျွန်တော်၏ အခြားအတွေ့အကြုံများက ရှိပါသေးသည်။ ပခုက္ကူ၊ ဂန့်ဂေါ ကားလမ်း မပေါ်ခင်က ဖြစ်ပါသည်။ အဆိုပါလမ်းမှာ အကွေ့အကောက်၊ တောင်ဆင်းတောင်တက် အတော်ကလေးများ၍ လမ်းတဖက်တချက်၌ မြင့်မားသော ချောက်ကြီးများ ရှိနေတတ်သဖြင့် မော်တော်ကား စီးနေရသူများအဖို့ အတော်ကလေး အသည်းယားစရာ ဖြစ်နေပါတော့သည်။ တခါသော် ကုန်တင်ကားကြီးတစင်း၌ မော်တော်ကားလက်ကိုင်အတံ ကျိုးသွားရာ မော်တော်ကားမောင်းသူက အနိုင်နိုင်ထိန်းသိမ်းနိုင်သဖြင့် ခရီးသည်အပေါင်း ကံကောင်း ထောက်မ၍ အသက်ချမ်းသာသွားကြသည်။ မော်တော်ကားမှာ ကျဉ်းမြောင်လှသော လမ်းကလေး၌ ကန့်လန့်ကြီး ဖြစ်နေသဖြင့် ကားမောင်းသမားက ကား-နေသားတကျဖြစ်အောင် နောက်ပြန်ဆုတ်လိုက်သည်။ ထိုစဉ် မော်တော်ကား မှောက်လုမတတ်ဖြစ်သွားသည်ကို လာကြည့်သော ရွာသားတယောက်ခမျာ တဖက်က ကျောက်တောင်၊ တဖက်က ကုန်တင်ကား နောက်မြီးဖြင့် ညပ်မိကာ မြင်မကောင်းလောက်အောင် မျက်လုံးကြီးပြူး၊ လျှာကထွက်လျက် ပွဲချင်းပြီး သေဆုံးခဲ့ရဖူးပါသည်။ သေရမည့်သူများက မသေ။ သေနေ့စေ့သူသာလျှင် သေရပါပေတကား။

( သွေးသွန်၍ သေခြင်း )
မော်လမြိင်မြို့၌ အတွေ့အကြုံကလေးတခု ရှိသေးသည်။ ကျွန်တော်၏ ဆရာလုပ်သူ လုပ်သက် ၄၀-ကျော်ရှိ ဆရာဝန်ကြီးထံသို့ အမျိုးသမီး ကိုယ်ဝန်ဆောင်တယောက် ကိုယ်ဝန်နုစဉ်မှစ၍ လာရောက်အပ်နှံခဲ့သည်။ နောက်ပိုင်းတွင် ဆရာဝန်ချိန်းသမျှရက်များ၌ မှန်မှန်လာပြ၍ ကျွေးသမျှဆေးကိုလည်း မှန်မှန်စားပေးသည်။ အဆိုပါ အမျိုးသမီး၏ အသက်မှာ ၂၀-ကျော်သာ ရှိသေး၍ ယခင်က သားဦးလည်း မွေးဖူးပြီး ဖြစ်သဖြင့် ပြဿနာဟူ၍ မည်သူမျှ မမြင်ပါ။ သို့သော် ယင်းအမျိုးသမီး သားဖွားချိန်၌မူ ကလေးမှာ လွယ်လင့်တကူ ဆင်းသွားပြီး နာရီဝက်ခန့်တွင် သွေးသွန်လာ၏။ မီးဖွားပြီး သွေးသွန်လာသည်ဆိုသဖြင့် ကျွန်တော်တို့ကလည်း ချက်ချင်း ဂလူးကို့စ် ဆေးပုလင်းကို သွေးကြောတွင်းသို့ သွင်းပေးသည်။ ဂျပန်မှလာသော သွေးမှုန့်များအပြင် ၄င်းနှင့်သင့်တော်သည့် သွေးကိုလည်း မရမက သွင်းပေးသည်။ ဤသို့ လိုအပ်သမျှ ပြုစုစောင့်ရှောက်ပေးသည့် ကြားက ယင်းအမျိုးသမီးမှာ ကွယ်လွန်သွားခဲ့သည်။

ကျွန်တော်တခါက တွေ့ရသော အမျိုးသမီးတယောက် သွေးသွန်သည်မှာလည်း ယင်းအဖြစ်နှင့် ဆင်ဆင်ပင် ဖြစ်ပါသည်။ သို့သော် ယောနယ်၌မူ မော်လမြိုင်ကဲ့သို့ မဟုတ်။ လူနာတယောက် ဆေးရုံရောက်ရန် တရက် တရက်ခွဲမျှ လှည်းဖြင့် တဖြည်းဖြည်းလာကြရသည်။ သို့နှင့် ထိုအမျိုးသမီး ဆေးရုံရောက်လာသောအခါ တကိုယ်လုံးမှာ ဖြူဖွေးလျက် သတိလည်းမရှိတော့ပါပြီ။ ကျွန်တော့်စိတ်ထဲ၌ နောက်နာရီဝက်မှ ခံပါဦးတော့မလား-ဟု တွေးမိပါသည်။

ကျွန်တော့်မှာ ထိုစဉ်က ထွက်သွားသမျှသောသွေးကို အစားထိုးရန် သွေးမှုန့်ကလည်း မရှိ။ မှန်ဘီလူးလည် မရှိ၍ အခြားသူများထံမှ သွေးဖောက်ယူပြီး သွင်းထည့်မပေးဝံ့။ ချောင်ကြိုချောင်ကြားထဲမှ ဖုံတလူးလူးနှင့် ပစ်ပယ်ထားသော အခဲဖတ်တစုရှိသည့် ဂလူးကို့စ်ဆေးတပုလင်းသာ ရှိသည်။ သာမန်လူနာဆိုလျှင် ဤဆေးမျိုးကို ကျွန်တော့်အနေနဲ့ မသုံးဝံ့။ သို့သော် ဤတကြိမ်တွင်မူ သေလုမျောပါးလူနာဖြစ်နေသဖြင့် ဖြစ်လေရာဖြစ်စေတာ့ဟုဆိုပြီး သွင်းပေးကြည့်ရာ မမျှော်လင့်ဘဲ ထိုအမျိုးသမီး ပြန်ရှင်ခဲ့ဖူးပါသည်။ (ဤအတိုင်းပင် သီရိလင်္ကာ၌ ၀မ်းရောဂါဖြစ်စဉ်က ဂလူးကို့စ်နှင့် ဆားရည်ပုလင်းများ မရှိသဖြင့် အုန်းသီးနုနုတို့ကို ဖောက်ပြီး အုန်းရည်ကိုသာ လူနာ၏သွေးကြောအတွင်း၌ ထည့်သွင်းပေးရာမှ အသက်ရှင်လာသူ အမြောက်အမြား ရှိဖူးသည်ဟု ဆေးဂျာနယ်တစောင်တွင် ဖတ်ရှုရဖူးပါသည်။)

( မသေသင့်ဘဲ သေရခြင်း)
ရန်ကုန်ဆေးရုံကြီးမှ အဖြစ်အပျက်တခုကလည်း ရှိသေးသည်။ တနေ့တွင် ၀မ်းဗိုက်၌ သေနတ်ဒဏ်ရာ ခြောက်ချက်မျှ ရလာခဲ့သော လူနာတယောက် ရောက်လာပါသည်။ ကျည်ဆံခြောက်ချက်ကြောင့် အူ၌ ဆန်ကာကဲ့သို့ အပေါက် ၂၀-ကျော် ရသွားပါသည်။ အူများမှလည်း အစာရည်များမှာ ၀မ်းဗိုက်အတွင်းသို့ ယိုဖိတ်စဉ်ပြီးကျနေသဖြင့် ထိုလူနာကို အသက်ကယ်နိုင်ရန် မလွယ်လှပါ။ သို့သော် တာဝန်ကျ ဆရာဝန်ကိုယ်တိုင် လေးနာရီကျော်မျှ အပင်ပန်းခံပြီး ပြန်၍ ဖာထေးပေးသည်။ ၀မ်းဗိုက်တွင်းသို့ ပျံ့နှံ့ပြီးဖြစ်သည့် အစာရည်များကလည်း ဒုက္ခမပေးနိုင်ရန် တတ်အားသမျှ ပင်နီစီလင် ထိုးဆေးနှင့် စားဆေးများကို ဖောက်ပြီး ၀မ်းဗိုက်တွင်းသို့ ထည့်ပေးကြသည်။ သို့နှင့် ကံအားလျော်စွာ သေမည်ဟု လူတိုင်းက ထင်ရသော လူမမာမှာ အသက်ချမ်းသာခဲ့သည်။ ထိုလူမမာအဖို့ အူများပေါက်နေသဖြင့် အစာကို ပါးစပ်မှမကျွေးရဘဲ နေ့စဉ် လက်မောင်းသွေးကြောမှသာ သွင်းပေးရသည်။ အရက် ၁၀-မြောက်တွင်မူ အူမှ အနာများ ကျက်လောက်သဖြင့် ပါးစပ်မှ အနည်းငယ်စားစေပြီး လက်မောင်မှ နေ့စဉ် ဂလူးကို့စ် တပုလင်းမျှသာ သွင်းပေးရသော အခြေသို့ရောက်ခဲ့ပါသည်။ သို့နှင့် နောက်ထပ် ၃-ရက်၌မူ မည်သို့မည်ပုံ ဖြစ်သွားသည်မသိ။ ဂလူးကို့စ် သွင်းနေစဉ် လူမမာမှာ ခေတ္တမျှ ချမ်းလာပြီး မကြာမီ အနိစ္စ ရောက်သွားသည်။ ခွဲစိတ်ရသော ဆရာဝန်ကြီးအဖို့ စိတ်ထဲတွင် လုံးဝမကျေနပ်။ လူမမာမှာ စိတ်ချရသောအခြေသို့ သေသေချာချာ ရောက်ပြီးမှ မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရသည် မဟုတ်လော။ သို့ကြောင့် လူမမာရှင်များထံမှ ခွင့်တောင်းပြီး ကွယ်လွန်သူအား ရင်ခွဲကြည့်ကြသည်။ ရင်ခွဲရုံမှာလည်း လူမမာ၏အူများမှာ အကောင်းပကတိ ဆက်ထားပြီး တွေ့ရသဖြင့် ဂလူးကို့စ်သွင်းရာ၌ အပ်နှင့်ပြွန်ကို ကောင်းစွာမပြုတ်မိသဖြင့် ခန္ဓာကိုယ်၏ သွေးနှင့်ဆေး မသင့်မသင့်ဖြစ်ပြီး ဝေဒနာဖြစ်ခြင်းကြောင့် ကွယ်လွန်ရသည်ဟုသာ မှတ်ချက်ချရပါသည်။ သေရန် အချိန်မရောက်သေးပါက သေနတ်ဒဏ်ရာ ၆-ချက်ထိ၍ပင် မသေ။ သေချိန်ရောက်တော့လည်း ဘာမဟုတ်သည့် ဆေးထိုးအပ် မသန့်ရှင်းရုံနှင့် သေလွယ်လှပါတကား။

လူနာတယောက် အသက်ရှင်နေစေလိုသေးလျှင် သဘာဝက ကြံဖန်ကယ်လိုက်ပြီး ထိုညတွင်ပင် ဆယ်ရက်မျှသာ ခံစားနေရသေးသော အခြားလူမမာတယောက်မှာ ဆေးရုံ၌ပင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ပါသည်။ သို့ပါ၍ လူတယောက် သေချိန်ရောက်လျှင် မည်သူမျှ မတားနိုင်ပါတကား။ နေချင်သေးလျှင် မည်သို့ပင်အခြေဆိုးနေစေကာမူ ကြံဖန်၍ အသက်ရှည်လာနိုင်သည်ဟု တင်ပြအပ်ပါသတည်း။

ဆရာဝန်တင်ရွှေ
( မြတ်မင်္ဂလာ ၂၀၀၇-သြဂုတ်လ)

No comments: