Thursday, May 20, 2010

ဗိသုကာ ဆရာဆိုင် (၁)

လွန်ခဲ့သော နှစ်ပေါင်း ၅၅-နှစ်ခန့်က မန္တလေးမြို့တွင် သာသနာ့ဗိမာန်တော်ကြီးတခု တည်ဆောက်သည်။ မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတ အသင်းကြီးက တည်ဆောက်ခြင်းဖြစ်သည်။ ထိုအသင်းကြီးသည် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သီတင်းသုံးနေတော်မူကြသော မူလစာချ၊ သီးခြားစာချဆရာတော်တိုနှင့် အသင်းစာပြန်ပွဲ စာချတန်းဝင် အရှင်သူမြတ်တို့အား ဆန်၊ ဆီ စသော ၀တ္ထုပစ္စည်းများကို လှူဒါန်းထောက်ပံ့သော အသင်းကြီးဖြစ်သည်။

အဆိုပါအသင်းကြီး၏ သာသနာ့ဗိမာန်တော်ကြီးကို ၁၃၁၄-မှ ၁၃၂၀ ပြည့်နှစ်အထိ ၅-နှစ်ကျော်ကြာမျှ တည်ဆောက်ရသည်။ ထိုခေတ်ကာလတန်ဖိုး ငွေ ၇-သိန်းခန့် ကုန်ကျသည်။ အဆောက်အအုံမှာ မြန်မာ့အနုပညာလက်ရာကို ဖော်ကျူးထားသည်။ အလွန်ကြီးမား ခမ်းနားလှပတင့်တယ်လှသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် သာသနာ့အဆောက်အအုံများတွင် တခုအပါအ၀င် ဖြစ်ပေသည်။

ထိုအဆောက်အအုံကြီးကို အသက် ၇၀-ကျော်အရွယ်ရှိ နာမည်ကျော် မြန်မာဗိသုကာ ဆရာကြီးက သားနှစ်ဦး၏ အကူအညီဖြင့် ကြီးကြပ်ဆောက်လုပ်သည်။ ထိုအတွက် ကြီးကြပ်ခငွေ ၃၉၀၀၀-ကျပ် (သုံးသောင်းကိုးထောင် ကျပ်) ရရှိသည်။
အံ့ချီးဖွယ်ကောင်းသည်ကား ၅-နှစ်ကျော်ကြာမျှ နေ့မအား ညမအား ကြိုးစားလုပ်ကိုင်ပြီးမှ ရရှိသည့် လုပ်အားခ ထိုငွေအားလုံးကို ဗိသုကာ ဆရာကြီးသည် တပြားတချပ်မျှ မယူ။ အသင်းကို ပြန်လည်လှူဒါန်းလိုက်ပေသည်။ ထိုအချိန်က အသင်းဥက္ကဋ္ဌမှာလည်း ထိုဗိသုကာဆရာကြီးပင် ဖြစ်ပေသည်။

ထိုဗိသုကာဆရာကြီးကား နာမည်ကျော် ဗိသုကာဆရာဆိုင်ပင် ဖြစ်ပေသည်။
ဆရာဆိုင်ဖြစ်လာမည့် မောင်ဆိုင်ကို ၁၂၄၃-ခု (ခရစ်နှစ် ၁၈၈၁-ခု) ကဆုန်လဆန်း ၆-ရက်၊ အင်္ဂါနေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ အဖ ဆရာခင်၊ အမိ ဒေါ်ကြင် ဖြစ်သည်။ ဆရာခင်သည် နာမည်ကျော် ဗိသုကာဆရာကြီး ဖြစ်သည်။ မြတောင်ကျောင်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

မောင်ဆိုင်သည် အရွယ်ရောက်သောအခါ မြောက်မှန်ကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယထံတွင် ပညာဆည်းပူးသည်။ မြောက်မှန်ကျောင်းကို သမီးတော်ကျောင်း-ဟူ၍လည်း ခေါ်သည်။ ရွှေဘိုမင်း၏ သမီးတော်ကောင်းမှု ဖြစ်သောကြောင့်ပင်။ ရွှေဘိုမင်း၏ ထိုသမီးတော်သည် နောင်အခါ မင်းတုန်းမင်း၏ မိဖုရားကြီး စကြာဒေ၀ီ ဖြစ်လာခဲ့သည်။ သမီးတော်ကျောင်းမှာ မြန်မာဗိသုကာပညာ၊ ပန်းပုအနုပညာ လက်ရာမြောက်စွာဖြင့် ဆောက်လုပ်ထားသော ကျောင်းဖြစ်သည်။ မောင်ဆိုင်အဖို့ ကလေးဘ၀မှာပင် မြန်မာဗိသုကာပညာနှင့် ပန်းပုအနုပညာတို့သည် ရင်ထဲ၌ စွဲနေပေတော့သည်။

ပညာသင်ကြားရာ၌ မောင်ဆိုင်သည် ဉာဏ်ကောင်းသူဖြစ်သည်။ ကျောင်းသားများထဲတွင် အတော်ဆုံး ဖြစ်လာသည်။ မကြာခဏပင် ဘုန်းတော်ကြီးကိုယ်စား အခြားကျောင်းသားများကို စာသင်ပေးရသည်။ ကျောင်းသားဖြစ်သော်လည်း ဆရာလေး-အခေါ်ခံရသည်။

၁၄-နှစ်အရွယ်တွင် မောင်ဆိုင်သည် တလခန့် ရှင်သာမဏေ၀တ်သည်။ ထို့နောက် လူထွက်လိုက်သည်။ ကျောင်းမှလည်း ထွက်လိုက်သည်။ အသက်မွေးဝမ်းကျောင်းပညာအတွက် ဖခင်ထံတွင် ပန်းပုပညာကို သင်ယူသည်။

ဆရာခင်သည် အလုပ်လည်းတော်သည်။ ကြိုးလည်းကြိုးစားသည်။ စည်းစနစ်လည်း ကြီးသည်။ ဖခင်၏ သွန်သင်ဆုံးမမှုကို မောင်ဆိုင်ကလည်း ရိုသေစွာလိုက်နာသည်။ ဖခင်နည်းတူပင် နံနက် ၃-နာရီထိုးလျှင် အိပ်ရာမှထသည်။ ဘုရားရှိခိုးသည်။ ပရိတ်ရွတ်သည်။ မေတ္တာပို့သည်။ ထို့နောက် အလုပ်လုပ်လေသည်။ (ဆရာဆိုင်သည် ထိုအလေ့အထကို အသက် ၈၈-နှစ်အထိ မှန်မှန် ပြုသွားပေသည်။

၂-နှစ်ခန့်ကြာသောအခါ မောင်ဆိုင်သည် ပန်းပုပညာကို ကောင်းစွာတတ်မြောက်သည်။ ထိုအချိန်က အသက် ၁၆-နှစ်သာရှိသေးသည်။ ပညာအတတ်မြန်သဖြင့် မိတ်ဆွေများက အံ့ချီးမဆုံးရှိကြသည်။
ထိုအချိန်တွင် မောင်ဆိုင့်ဘ၀၌ ထူးခြားသော ဖြစ်ရပ်တခုကို ကြုံတွေ့ရသည်။ ထိုစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် စေတနာရှင်များက တန်ဆောင်းများကို ဆောက်လုပ်လှူဒါန်းနေကြသည်။ တနေ့တွင် ရန်ကုန်မှ တန်ဆောင်းဒါယကာတဦးဖြစ်သော ဦးအောင်ကြီးသည် သူ၏တန်ဆောင်းတွင် တပ်ဆင်ရန် လင်းနို့တောင် ထုလုပ်ပေးဖို့ ဆရာခင်ကို လာရောက်အပ်နှံသည်။ လင်းနို့တောင်ဆိုသည်မှာ တန်းဆောင်းပြာသာဒ် စသည်တို့၏ တိုင်များတွင် တပ်ဆင်ရသော အခန်းဆီးသဖွယ် ပန်းတို့ဖြစ်သည်။

ဦးအောင်ကြီးက အပ်နှံရာတွင် ထုလုပ်ရာ၌ ရိုးရိုးမဟုတ်၊ ပန်းပုဆရာကြီး ဦးသံရောင်နှင့်အပြိုင် ထုလုပ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ ဦးသံရောင်မှာ ရန်ကုန်မှ နာမည်ကျော် ပန်းပုဆရာကြီးဖြစ်သည်။ ပခုက္ကူမြို့ ရွှေဂူဘုရား၏ တံကဲကြီးကို ထုလုပ်သူ ဦးကံကြီးကိုပင် သုံကြိမ်တိတိ အနိုင်ရခဲ့သူဖြစ်သည်။ မကြာသေးမီက ဦးဘိုးသာသည် သူ၏တန်ဆောင်းအတွက် လင်းနို့တောင်ကို ဦးသံရောင်အား ထုလုပ်စေခဲ့သည်။ ပြီးစီသဖြင့် တန်ဆောင်းတွင် တပ်ဆင်ထားပြီးဖြစ်သည်။ မြင်သူတိုင်း နှစ်သက်ချီးကျူးမဆုံး ရှိကြသည်။ ထိုဦးသံရောင် လက်ရာထက်သာအောင် ဆရာခင်က ထုလုပ်ရမည်ဖြစ်သည်။

ဆရာခင်က တည့်ငြိမ်စွာပင် လက်ခံလိုက်သည်။ ထို့နောက် အခြားတပည့်များကို မခေါ်။ စိတ်အချရဆုံး၊ အားအကိုးရဆုံးဖြစ်သော သားဖြစ်သူ မောင်ဆိုင်ကိုပင် ခေါ်သည်။ သားအဖနှစ်ယောက် အစွမ်းကုန် ထုလုပ်ကြသည်။ ထုလုပ်နေစဉ် ဦးအောင်ကြီးက ရန်ကုန်ရှိ ဦးသံရောင်၏ လက်ရာ လင်းနို့တောင်ကို လာရောက်ကြည့်ရန် ဆရာခင်အား ဖိတ်ခေါ်သေးသည်။ ဆရာခင်က သွားမကြည့်။

လူထုတဲ့ပန်းကိုဖြင့် လာမကြည့်လိုပါ-ဟူ၍ ပြန်ကြားလိုက်သည်။ ထိုစကားသည် ရန်ကုန်တွင် ပျံ့နှံ့သွားသည်။ ဦးသံရောင်နှင့် ဆရာခင်တို့ ပြိုင်ပွဲမှာ လူအများ စိတ်ဝင်စားစရာ ဖြစ်နေလေသည်။
ဦးသံရောင်မှာ အလွန်နာမည်ကြီးသူ ဖြစ်သောကြောင့် မောင်ဆိုင်မှာ စိုးရိမ်စိတ် ဖြစ်ပေါ်မိသည်။ နိုင်ပါ့မလား အဖေ-ဟူ၍ ဖခင်ကို မေးမိသည်။ နိုင်ပါတယ်ကွာ၊ မင်း ဘာမှ မပူပါနဲ့-ဟူ၍ ဆရာခင်က အားပေးစကား ပြောရသည်။

သားအဖနှစ်ဦး ကြိုးစားအားထုတ်ကြရာ တန်ဆောင်မုန်းလလောက်တွင် ပြီးသွားသည်။ စိတ်တိုင်းကျ အချောကိုင်ပြီးနောက် လင်းနို့တောင် အစိတ်အပိုင်းများကို ထင်းရှူးသေတ္တာများတွင် ထည့်၍ ရန်ကုန်သို့ မီးရထားဖြင့် သယ်ဆောင်သွားကြသည်။
ရန်ကုန်သို့ရောက်၍ လင်းနို့်တောင်များကို တန်းဆောင်းတွင် သားအဖနှစ်ယောက် တပ်ဆင်ချိန်မှာပင် လူအများ လာရောက်ကြည့်ရှုကြသည်။ အားလုံးတပ်ဆင်ပြီးသောအခါ ပရိသတ်ရှေ့တွင်လူကြီးများက လက်ရာနှစ်ခုကို နှိုင်းယှဉ်အကဲဖြတ်ကြသည်။ ဦးသံရောင်၏လက်ရာက ကောင်းမွန်သော်လည်း ဆရာခင်၏လက်ရာက ပိုမိုကောင်းမွန်နေသည်။ သို့ဖြင့် လူကြီးများက ဆရာခင်တို့သားအဖကို အနိုင်ပေးလိုက်သည်။ ပရိသတ်များကလည်း ထောက်ခံသြဘာပေးကြသည်။ ကာယကံရှင် ဦးသံရောင်ကိုယ်တိုင်ကလည်း ဆရာခင့် လက်ရာက မိမိလက်ရာထက် သာလွန်ကောင်းမွန်ပါသည်-ဟူ၍ သဘောထားကြီးစွာဖြင့် ၀န်ခံပြောဆို လေသည်။

မောင်ဆိုင်သည် အနိုင်ရသဖြင့် ပျော်ရွှင်နေရာမှ ဦးသံရောင်၏ သဘောထားကြီးမှုကို ခံစားသိရှိရသောအခါ မျက်ရည်ကျမိသည်။ ရှုံးသူအတွက် ကိုယ်ချင်းစာမိသည်။ များစွာ စိတ်မကောင်းဖြစ်သွားသည်။ သို့ဖြင့် ရွှေတိဂုံဘုရားကို ရှိခိုးပူဇော်ကာ တပည့်တော်သည် ဤသို့သောပြိုင်ပွဲမျိုးကို နောင်တွင် မတွေ့ကြုံရပါလို။ မတတ်သာ၍ ကြုံရလျှင်မူကား နိုင်သူသာဖြစ်ရပါလို၏ အရှင်ဘုရား-ဟူ၍ ဆုတောင်းလေသည်။

မောင်ဆိုင်သည် အလုပ်တတ်မြောက်သော်လည်း သီးခြားခွဲ၍ အလုပ်မထောင်။ ၁၃-နှစ်တိုင်တိုင် ဖခင်နှင့်မခွဲဘဲ အလုပ်လုပ်ခဲ့ပေသည်။
မောင်ဆိုင်သည် ပန်းပုပညာကို ဖခင်ဆရာခင်ထံမှာ သင်ယူခဲ့ရာ ဆရာခင်သာလျှင် သူ၏ဆရာရင်း ဖြစ်ပေသည်။ သို့ရာတွင် သူသည် ပညာသင်ယူရာတွင် အဆုံးသို့ရောက်ပြီဟု မယူဆ။ မန္တလေးနှင့် အနီးတ၀ိုက်ရှိ ပန်းပုလက်ရာကောင်းမှန်သမျှကို အခွင့်သင့်တိုင်း သွားရောက်ကြည့်ရှုသည်။ လေ့လာမှတ်သားသည်။ ထို့ပြင် ဆရာခင်နှင့် တချိန်တည်း ပေါ်ကြသော ဆရာကြီးတို့ထံသို့လည်း မကြာခဏသွား၍ ဆည်းကပ်နည်းယူသည်။ ထိုဆရာကြီးတို့ထံမှ ပြန်ခါနီးတွင် ဆရာကြီးတို့ကို ရှိခိုးပြီးမှ ပြန်လေ့ရှိသည်။ သူ့ကို ဆရားကြီးတို့ကလည်း အထူးခင်မင်ကြလေသည်။

မောင်ဆိုင် အသက် ၂၃-နှစ်အရွယ် ရောက်သောအခါ ဆရာခင်သည် သားကို အမျိုးကောင်းသမီးကလေး တဦးနှင့် နေရာချထားပေးသည်။ အမျိုးသမီးကလေးမှာ မန္တလေးစာတိုက်တန်းသူ မအေးကြွယ် ဖြစ်ပေသည်။
မောင်ဆိုင်သည် အိမ်ထောင်ကျပြီးနောက် ဇနီးနေထိုင်ရာ စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သည်။ အလုပ်မှာမူ မခွဲသေး။ ဖခင်ထံမှာပင် ဆက်လက်လုပ်ကိုင်သည်။ အလုပ်ခွဲလျှင် ဖြစ်နိုင်သော်လည်း ဖခင်ထံမှ ပန်းပုပညာ၊ ဗိသုကာပညာတို့ကို ရသမျှ ဆည်းပူးလိုသောကြောင့်လည်း ဖြစ်သည်။ ဖခင်ကို ကျေးဇူးဆပ်လိုသော ကြောင့်လည်း ဖြစ်သည်။

မောင်ဆိုင်သည် အိမ်ထောင်ပြုပြီး စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သောအခါ စာတိုက်တန်း အလုပ်ဖြစ်သော မှန်စီရွှေချလုပ်ငန်းကိုပါ ဆည်းပူးလုပ်ကိုင်လေသည်။
ထို့နောက် ၁၂၇၀-ပြည့်နှစ် အသက် ၂၇-နှစ် အရွယ်တွင် အလုပ်ခွဲရန် အချိန်တန်ပြီဟု ယူဆကာ ဖခင်ကိုတင်ပြသည်။ ဖခင်က ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုသည်။ သို့ဖြင့် စာတိုက်တန်းမှာပင် အခြေတကျ နေထိုင်ကာ ပန်းပုလုပ်ငန်းနှင့် မှန်စီရွှေချလုပ်ငန်းတို့ကို ပူးတွဲလုပ်ကိုင်သည်။ တပည့်များထားကာ တွင်ကျယ်စွာ လုပ်ကိုင်သည်။ အောင်မြင်သည်။ မောင်ဆိုင်ဘ၀မှ ဆရာဆိုင်ဘ၀သို့ ရောက်လာခဲ့သည်။ ၃-နှစ်ခန့်အတွင်းမှာပင် ငွေအတော်စုမိလာခဲ့သည်။ အလှူကြီးပေးသည်။ ထိုစဉ်က အလှူကြီးကျယ်ကြောင်း မန္တလေးတမြို့လုံး သတင်းပျံ့နှံ့ခဲ့သည်။

ဆရာဆိုင်သည် ငယ်စဉ်က လင်းနို့်တောင်ဒကာ ဦးအောင်ကြီးအိမ်သို့ ရောက်ဖူးသည်။ ဦးအောင်ကြီးသည် အလွန်ကြွယ်ဝချမ်းသာသူ ဖြစ်သည်။ အိမ်တွင် ငွေဒင်္ဂါးများကို ဂုန်အိတ်နှင့် ထည့်ထားသည်။ ဆရာဆိုင်မြင်တွေ့ရာ အားကျခဲ့သည်။
ငါ့အဖေဟာ ကုန်သည်မလုပ်လို့သာ ဦးအောင်ကြီးတို့လို မချမ်းသာတာဘဲ၊ ငါကြီးရင် ဦးအောင်ကြီးတို့လို သူဌေးဖြစ်အောင် ကုန်သည်လုပ်မယ်-ဟူ၍ လူငယ်ဘ၀ စိတ်ကူးခဲ့ဖူးသည်။

သို့ဖြင့် အသက် ၃၂-နှစ်ကျော်အရွယ်တွင် ကုန်သည် ၀င်လုပ်သည်။ ပန်းပုအလုပ်ကိုလုပ်ရင်း တဘက်က အာလူး၊ ချင်း၊ ဂျူး စသော ရှမ်းပြည်နယ် ထွက်ကုန်များကို အရောင်းအ၀ယ်လုပ်သည်။ အောင်မြင်သည်။ ဤတွင် တဆင့်တက်၍ ရှမ်းပြည်နယ်ဘက်၌ ပဲဖြူလေးကို စိုက်ပျိုးသည်။ ထိုစဉ်က ပဲဖြူလေးဈေး အလွန်ကောင်းသည်။ သို့ရာတွင် ရာသီဥတုဖျက်သဖြင့် ပဲခင်းများ ပျက်စီးကုန်သည်။ ဆရာဆိုင်မှာ အကြီးအကျယ် ရှုံးသွားသည်။ ငွေတသောင်းကျော် ကြွေးတင်ခံရသည်။ ကုန်သည်အလုပ်ကို ဆက်မလုပ်နိုင်တော့။
မူလပန်းပုအလုပ်ကိုပင် ဆက်လက်လုပ်ကိုင်ရတော့သည်။ ဆရာဆိုင် ကုန်သည်လုပ်ငန်း မအောင်မြင်သည်မှာ မြန်မာပန်းပုပညာ ဗိသုကာပညာလုပ်ငန်းအတွက် ကောင်းဖို့ဖန်လာပေတော့သည်။

ပန်းပုလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လာရာမှ ၁၂၈၁-ခု ဆရာဆိုင် အသက် ၃၈-နှစ်အရွယ်တွင် ဇနီးဒေါ်အေးကြွယ် ကွယ်လွန်သွားရှာသည်။ လူမမည် သားသမီး ၄-ယောက်နှင့်အတူ ကျန်ရစ်ခဲ့ရလေသည်။ သို့ဖြင့် ၁၂၈၂-ခုတွင် ဒေါ်မုံးနှင့် လက်ဆက်သည်။
တနေ့တွင် ဆရာဆိုင်အလုပ်လုပ်နေရာသို့ မျက်နှာဖြူ အရာရှိတဦး ရောက်လာသည်။ သူသည် အင်းစိန်လက်မှုပညာမင်းကြီး မစ္စတာရောဘတ် ဖြစ်သည်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ မြန်မာ့လက်မှုပညာများကို စုံစမ်းလေ့လာရာမှ ဆရာဆိုင့်ထံ ရောက်လာခြင်းဖြစ်သည်။

မင်းကြီးသည် ဆရာဆိုင်ထုလုပ်ထားသော ပန်းပုလက်ရာများကို ကြည့်ရှုလေ့လာပြီးနောက် ကောင်းမွန်ကြောင်း ချီးကျူးပြောဆိုသည်။ သို့ပြောရာမှ မြန်မာ့လက်မှုအနုပညာဟာ ကောင်းတော့ကောင်းပါရဲ့။ ဒါပမယ့် သဘာဝမကျဘူး။ စနစ်မရှိဘူး-ဟူ၍ ဝေဖန်ပြောဆိုသည်။
(ရှေ့လဆက်ရန်)

မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

No comments: