Sunday, May 23, 2010

မာဂဏ္ဍီ နှင့် မြွေဆိုး

မာဂဏ္ဍီသည် နောက်တမျိုး မကောင်းကြံပြန်သည်။ ဥတေနမင်းကြီး သေရည်သောက်ခိုက်တွင် ဘထွေးတော် စူဠမာဂဏ္ဍီပုဏ္ဏားကြီးအား ကြက်သေရှစ်ကောင်နှင့် ကြက်ရှင်ရှစ်ကောင်ကို သွားရောက်ဆက်သစေသည်။ မာဂဏ္ဍီ၏ စေခိုင်းချက်အတိုင်းပင် ပုဏ္ဏားကြီးသည် မင်းကြီးရှေ့တော်ထိအောင် မ၀င်၊ မာဂဏ္ဍီ၏ အခိုင်းအစေ လုလင်ထံမှာသာ ပေးခဲ့သည်။

မာဂဏ္ဍီလည်း ပုဏ္ဏားကြီးက ကြက်များ ပို့ဆက်လာကြောင်း မင်းကြီးကိုလျှောက်တင်သည်။ မင်းကြီးက ငါ့အတွက် ဟင်းလျာကောင်းရပြီ၊ ကြက်တို့ကို မည်သူချက်မည်နည်း-ဟုမေး၏။
မာဂဏ္ဍီက သာမာဝတီမိဖုရား၏ အခြံအရံတို့ကို အချက်ခိုင်းသင့်ပါသည်-ဟု လျှောက်ထားသည်။ မင်းကြီးလည်း မာဂဏ္ဍီ၏ အကြံပေးချက်ကို လက်ခံသည်။ လုလင်အား သာမာဝတီမိဖုရား၏ အခြံအရံတို့ထံ ကြက်များ ယူဆောင်သွားကာ ချက်၍ ပို့လာကြစေ-ဟု စေခိုင်းသည်။

မာဂဏ္ဍီ၏ ညွှန်ကြားချက်အတိုင်းပင် လုလင်သည် ကြက်ရှင်ရှစ်ကောင်ကို သွားပို့သည်။ သာမာဝတီ၏ အခြံအရံတို့သည် သောတာပန်ပုဂ္ဂိုလ်များ ဖြစ်နေကြပြီ။ သူတပါး၏အသက်ကို မသတ်ကြကုန်။ ထို့ကြောင့် ကြက်ရှင်တို့ကို သတ်၍ မချက်နိုင်ကြောင်း ပြန်ကြားလိုက်သည်။

မာဂဏ္ဍီက မိမိဆင်ထားသောအကွက်သို့ ၀င်လေပြီဟူ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ မင်းကြီးအား-ထိုမိန်းမတို့ တကယ်ပင် သူ့အသက် သတ်-မသတ် သိရအောင် စမ်းသပ်တော်မူပါ။ ရဟန်းဂေါတမအတွက် ကြက်များကို ချက်၍ ပို့ရန် စေတော်မူပါ-ဟူ၍ လျှောက်၏။ မင်းကြီးလည်း မာဂဏ္ဍီ ဆိုတိုင်း စေလိုက်၏။

ဤတွင် မာဂဏ္ဍီသည် သာမာဝတီ၏ အခြံအရံတို့ထံ လုလင်အား ကြက်အရှင်တို့ကို မပို့ခိုင်း၊ ကြက်အသေတို့ကိုသာ ပို့ခိုက်လိုက်သည်။ သာမာဝတီ၏ အခြံအရံများလည်း ကြက်အသေများဖြစ်နေသဖြင့် ကောင်းစွာလက်ခံယူသည်။ ယင်းတို့ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ ဘုရားရှင်ထံ ပို့လှူကြသည်။

မာဂဏ္ဍီက- အရှင်မင်းကြီး သိသာလောက်ပါပြီ။ ထိုမိန်းမတို့သည် အရှင်မင်းကြီးကို ဂရုမစိုက်၊ ပြင်ပယောက်ျားကိုသာ ဂရုစိုက်ပါသည်။ ပြင်ပယောက်ျားကိုသာ လိုလားနေပါသည်-ဟူ၍ ကုန်းချော၏။
မည်သို့ပင်ဖြစ်စေ ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏ စကားကို မယုံကြည်သေးပေ။ နောက်ဆုံး၌ မာဂဏ္ဍီသည် ဥတေနမင်းကြီး၏ စောင်းတွင်း၌ မြွေကိုထည့်၍ ကြံစည်လေတော့သည်။

ဥတေနမင်းကြီးသည် မိဖုရား သာမာဝတီ၊ မိဖုရား ၀ါသုလဒတ္တာနှင့် မိဖုရား မာဂဏ္ဍီတို့ အဆောင်များ၌ ၇-ရက်စီ နေထိုင်လေ့ရှိသည်။ မာဂဏ္ဍီသည် မိမိအဆောင်မှ သာမာဝတီ၏အဆောင်သို့ မင်းကြီးမပြောင်းမီ ၃-ရက်အလိုတွင် မင်းကြီး အမြဲယူဆောင်သွားလေ့ရှိသည့် ဟတ္ထိကန္တ စောင်းပေါက်ထဲ၌ အဆိပ်ပြင်းသော မြွေတကောင်ကို ထည့်ထားသည်။ ပန်းကုံးဖြင့် လုံခြုံစွာ ဆို့ပိတ်ထားသည်။ ၇-ရက်စေ့၍ သာမာဝတီအဆောင်သို့ မင်းကြီးသွားမည်ပြုသောအခါ မာဂဏ္ဍီက တားမြစ်သည်။ အိပ်မက်မကောင်းသဖြင့် မသွားပါရန် ပရိယာယ်ဖြင့် လျှောက်တင်သည်။

မင်းကြီးသည် တားမြစ်ချက်ကို လက်မခံ၊ သွားသည်။ ထိုအခါ မာဂဏ္ဍီကလည်း အတူလိုက်ပါသွားသည်။ ဥတေနမင်းသည် အခါတိုင်းကဲ့သို့ စောင်းကိုယူသွားသည် သာမာဝတီ၏ အဆောင်သို့ ရောက်သောအခါ ပွဲတော်တည်သည်။ ထို့နောက် စောင်းကို ဦးခေါင်းရင်း၌ထားကာ အိပ်စက်၏။

ဤတွင် အကြံနှင့်လိုက်ပါသွားသော မာဂဏ္ဍီသည် စောင်းပေါက်မှာ ဆို့ပိတ်ထားသော ပန်းကုံးကို ဆွဲဖယ်လိုက်သည်။ ထိုအခါ မြွေသည် တရှူးရှူးမြည်လျက် ထွက်လာ၏။ အစာ သုံးရက် မစားရသဖြင့် မြွေသည် အလွန်ဒေါသကြီးနေသည်။

မာဂဏ္ဍီကလည်း မြွေ မြွေ-ဟူ၍ ဟန်ဆောင်အော်ဟစ်သတိပေးသည်။ မင်းချင်းတို့က မြွေကို ဖယ်ရှားလိုက် ရသည်။ မာဂဏ္ဍီလည်း မင်းကြီးအား သာမာဝတီ၏ လုပ်ကြံမှုဖြစ်ကြောင်း လီဆယ်လျှောက်ထားသည်။

ဤအကြိမ်တွင်ကား ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏စကားကို ယုံကြည်သွားပြီ။ သာမာဝတီအပေါ် အမျက်ပြင်းစွာ ထွက်လေတော့သည်။
( အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

No comments: