Friday, May 7, 2010

မိဘကျေးဇူးဆပ်သူ၏ အကျိုးပေး

မိဘကျေးဇူးသည် အလွန်ကြီးမားလှသည်။ ကျေလည်အောင် ပေးဆပ်ရန် မလွယ်ပေ။ သို့ရာတွင် သားလိမ္မာ၊ သမီးလိမ္မာများသည် တတ်စွမ်းသမျှ ကျေးဇူးဆပ်နေကြသည်။ ထိုသို့ ကျေးဇူးဆပ်သဖြင့်လည်း သူတို့မှာ ကောင်းကျိုးချမ်းသာများ ရရှိကြသည်ကို မကြာခဏ ကြုံတွေ့ရသည်။



ယခု စာရေးသူ တင်ပြလိုသော သမီးလိမ္မာကလေးမှာ မိဘကျေးဇူးကို အစွမ်းကုန်ပေးဆပ်ပြီး ထိုကျေးဇူးဆပ်မှု ကုသိုလ်ကံအတွက် ကောင်းသောအကျိုးကို ခံစားရသူ ဖြစ်သည်။ ထိုသမီးလိမ္မာကလေးမှာ မနှင်းဝတ်ရည် (ခေါ်) မတူး ဖြစ်သည်။
မတူးသည် ဦးမျိုးဝင်း+ဒေါ်ညို တို့၏ ဒုတိယမြောက် သမီးကလေးဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း-က ရပ်ကွပ်တွင် နေထိုင်သည်။ မတူး၏ အမမှာ မေထားဇင်ဖြစ်၍ သူကလေးကလည်း သမီးလိမ္မာကလေးပင်။

ဦးမျိုးဝင်း+ဒေါ်ညိုတို့အတွက် ထိုသမီးလိမ္မာကလေး ၂-ယောက်သည် အဖိုးတန် ရတနာလေးများ ဖြစ်ကြသည်။ ဦးမျိုးဝင်းသည် ကုန်သည်ဖြစ်၍ ဒေါ်ညိုက စက်ချုပ်သည်။ သမီးကလေး ၂-ယောက်ကို ကြိုးစား၍ ပညာသင်ပေးကြသည်။ သူတို့မိသားစုမှာ ရိုးသား၍ ကြိုးစားသူများလည်း ဖြစ်ကြသည်။ စိတ်ကောင်း စေတနာကောင်းလည်း ရှိကြသည်။ ထို့ကြောင့် မိသားစုသည် ချမ်းမြေ့ကြသည်။

သို့ရာတွင် သူတို့မိသားစုကို ကြမ္မာမုန်တိုင်းက ၂-ကြိမ်တိုင် မွှေနှောက်တိုက်ခတ်သွားခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၉-ခုနှစ်ခန့်က ဖြစ်သည်။ မတူးလေး စက်မှုကောလိပ် (G.T.C) တွင် တက်ခါစအချိန်က ဖြစ်သည်။ အမ မေထားဇင် ဘွဲ့ရခါနီးအချိန်လည်း ဖြစ်သည်။ မိခင်ဒေါ်ညိုသည် လမ်းသွားရင်း ချော်လဲကာ ခြေမျက်စိ အထက်နားမှစ၍ အရိုးကျိုးသွားသည်။ ထိပ်တန်း ဆေးခန်းတွင် ဆေးကုသရသည်။

ဖခင် ဦးမျိုးဝင်းသည် စားဝတ်နေရေးစရိတ်၊ ဇနီးဆေးကုသစရိတ်နှင့် သမီးကလေး ၂-ဦး၏ ပညာသင်စရိတ်တို့အတွက် တဦးတည်း ဒိုင်ခံကြိုးစား လှုပ်ရှားရုန်းကန်ရရှာသည်။ မိသားစုအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သည်။
ထိုစဉ် ဒုတိယအကြိမ် မုန်တိုင်းကျရောက်လာပြန်သည်။ ဦးမျိုးဝင်းသည် နှလုံးရောဂါ ရရှိပြီး ယခင်ကလောက် အလုပ်မလုပ်နိုင်တော့ပေ။ ဒေါ်ညိုမှာလည်း ခြေထောက်ကျိုးပြီးကတည်းက ရောဂါတမျိုးပြီးတမျိုး ရရှာပြန်သည်။ ယခု နောက်ဆုံး သည်းခြေအိတ်ကျောက်တည်သော ရောဂါ ခံစားရသဖြင့် သျှင်ပါရဂူဆေးခန်းတွင် တက်ရောက်ကုသရပြန်သည်။

ဤတွင် ညီအမနှစ်ယောက်သည် ကြိုးစား၍ ငွေကြေးရှာဖွေရသည်။ ကံအားလျော်စွာပင် မေထားဇင်သည် ဘွဲ့ရပြီး သာသနာရေး ဦးစီးဌာနတွင် အလုပ်ရရှိသည်။ စက်မှုကောလိပ်တွင် တက်နေသော မတူးကလေးသည် ကျောင်းတက်ရင်း ကလေးများအား ကျူရှင်ပြသော အလုပ်ကို လုပ်ရသည်။ ည ၁၀-နာရီကျော်သည်အထိ ကလေးများကို တအိမ်ပြီးတအိမ် လှည့်လည်ကျူရှင်ပြသည်။

ထိုအချိန်တွင် မတူးကလေးမှာ B.E (Electronic) နောက်ဆုံးနှစ် ကျောင်းသူဖြစ်သည်။ သူ့ခမျာ ကျောင်းစာကို အာရုံမစိုက်နိုင်။ ၀င်ငွေလည်းရှာ၊ ရောဂါဝေဒနာရှင် အမေ့ကိုလည်း ပြုစု၊ အဖေ့ကိုလည်း စောင့်ရှောက်နှင့် သူတို့ညီအမ နှစ်ယောက်သည် အလုပ်ခွင်နှင့် ဆေးခန်း ကူးချည်သန်းချည် ပြုရင်း အဖေ၊ အမေ့ ဆေးဖိုးအတွက် ကြိုးစားရှာဖွေရသည်။

နောက်ဆုံးတွင် မတူးလေးသည် နောက်ဆုံးနှစ် စာမေးပွဲကို မဖြေရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဖြေလျှင်လည်း ကျူရှင်ပြသော အချို့နေရာများကို ပိတ်ပစ်ပြီး စာကျက်ချိန် ယူရမည်ဖြစ်သည်။
ထိုအခါ မိသားစုမှာ ရင်နာမဆုံး ရှိကြသည်။ မတူးလေးမှာ ဉာဏ်ထက်မြက်သူဖြစ်သဖြင့် မဖြစ်မနေ စာမေးပွဲဖြေရန် တိုက်တွန်းကြသည်။ သို့ဖြင့် မတူးသည် စာကျက်ချိန်ကောင်းစွာမရဘဲ စာမေးပွဲကို ၀င်ဖြေလိုက်သည်။ မိဘကျေးဇူးဆပ်ခြင်း၏ အကျိုးပေးပင် ဖြစ်သည်။ မတူးသည် စာမေးပွဲအောင်မြင်ရုံမျှမက Master တန်း တက်ခွင့်ပင် ရသွားသည်။

သို့ရာတွင် မတူးသည် Master တန်း တက်ရန် စိတ်မကူးနိုင်။ အမေ ဆေးရုံတက်စဉ်က တင်ရှိနေသော ကြွေးများကိုဆပ်ရန် ကျူရှင်များကို အားသစ်မာန်သစ်ဖြင့် ကြိုးစားပြရပြန်သည်။ ထိုစဉ် မမျှော်လင့်ဘဲ မိဘကျေးဇူးဆပ်ခြင်း၏ ကောင်းကျိုးကို ခံစားလိုက်ရသည်။
မတူးသည် ကံစမ်းသည့်အနေဖြင့် ထီထိုးခဲ့ရာ ၂၁၇-ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီပေါက်ခဲ့သည်။ မတူးထိုးခဲ့သည့် မင်္ဂလာစုံတွဲ ထီ ၃-စောင်အတွက် ကျပ်သိန်း ၃၀-ထီပေါက်ခဲ့သည်။

မတူးလေး ကျောင်းဆက်တက်နိုင်ပေတော့မည်။ ဉာဏ်ကောင်း၍ စာအသင်အပြ ကောင်းသဖြင့် မတူးလေးထံမှ ကျူရှင်သင်ယူလိုသူများလည်း တိုးတက်များပြားလာသည်။
မတူးလေးတို့ မိသားစုအပေါ် ကျရောက်ခဲ့သော ကြမ္မာမုန်တိုင်းသည် ရပ်စဲသွားလေပြီ။ နွေးထွေးသော နေရောင်ခြည်အောက်တွင် လေပြည်လေညင်းကလေးများ ပြောင်းလဲတိုက်ခတ်နေပေပြီ။

မတူးလေးညီအမ ၂-ဦး၏ မိဘကျေးဇူးသိတတ်ပုံနှင့် မိဘကျေးဇူးသိတတ်သဖြင့် အကျိုးကျေးဇူး ခံစားရပုံတို့ကို ကြားရသူတိုင်း ၀မ်းသာမဆုံး ရှိနေကြပေသည်။

ကြည်နွဲ့ရည် (ခရမ်း)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: