Friday, May 7, 2010

ဥတေနမင်းနှင့် ၀ါသုလဒတ္တာ မင်းသမီး

ကောသမ္ဗီပြည့်ရှင် ဥတေနမင်းသည် သာမာဝတီကို မိဖုရားမြှောက်လျက် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိသည်။ ထိုအချိန်၌ စဏ္ဍပဇ္ဗောတမင်းသည် ဥဇ္ဇေနီပြည်ကို စိုးစံလျက်ရှိသည်။ ဥတေနမင်းသည် စဏ္ဍပဇ္ဇောတမင်းထက် ချမ်းသာစည်းစိမ် သာလွန်သည်။

ဤတွင် စဏ္ဍပဇ္ဗောတမင်းသည် မရှုစိမ့်ဖြစ်ကာ ဥတေနမင်းကို ဖမ်းယူရန် ကြံစည်သည်။ ဥတေနမင်းတွင် ဆင်ကိုနိုင်သော ဆင်ချစ်စေသော စောင်းလည်းရှိသည်။ မန္တန်လည်း တတ်မြောက်သည်။ ထို့ကြောင့် သစ်သားဆင်ရုပ်ကို ပြုလုပ်စေသည်။

စဏ္ဍပဇ္ဗောတမင်း၏ စီမံချက်အရ သူ၏မင်းချင်းတို့သည် သစ်သားဆင်ရုပ်ကို ပကတိဆင်နှင့်တူအောင် စီမံပြင်ဆင်ကြသည်။ ဆင်ရုပ်ကို ရွေ့လျားနိုင်အောင် စက်ယန္တရားများလည်း တပ်ဆင်ထားသည်။ ဆင်ရုပ်၏အတွင်း၌လည်း စစ်သည်များ ၀င်ရောက်နေစေသည်။

ထို့နောက် ထိုဆင်ရုပ်ကို ဥတေနမင်း၏ နိုင်ငံနယ်နိမိတ်အတွင်းရှိ ရေအိုင်နားမှာ လွှတ်ထားသည်။ ဆင်ချေးတုံးများကိုလည်း ယူဆောင်၍ အနီးအနားတွင် ချထားသည်။
တောသွားမုဆိုးသည် ထိုဆင်ရုပ်ကို မြင်သောအခါ တကယ့်ဆင်အစစ် ထင်မှတ်သွားသည်။ ဥတေနမင်းထံ အလွန်တင့်တယ်သော ဆင်ကောင်းဆင်မွန်တစီးကို တွေ့ကြောင်း သတင်းပို့သည်။ ဥတေနမင်းလည်း ထိုဆင်ကို ဖမ်းမည်ပြုသည်။ ဟတ္ထိကန္တစောင်းနှင့် ဟတ္ထိကန္တမန္တန်တို့ အားကိုးဖြင့် ဆင်စီးလျက် ထွက်လာခဲ့သည်။ သူ့နောက်မှ စစ်သည်ဗိုလ်ပါများလည်း အတူလိုက်ပါလာသည်။

ထိုအခါ စဏ္ဍပဇ္ဇောတ၏ စစ်သည်တို့သည် ဆင်ရုပ်၏ နံဘေးနှစ်ဖက်က စစ်ကြောင်းဖြန့်၍ နေနှင့်ကြသည်။ ဥတေနမင်း ချဉ်းကပ်လာသောအခါ ဆင်ရုပ်အတွင်းမှ လူများသည် ဆင်ရုပ်ကို အလျင်အမြန် မောင်းနှင်ပြေးကြသည်။ ဥတေနမင်းသည် ဆင်ကို သြဇာသက်ရောက်စေသော စောင်းကိုလည်းတီးသည်။ မန္တာန်ကိုလည်း ရွတ်ဆိုသည်။ သို့ရာတွင် ပကတိဆင်မဟုတ်သဖြင့် သြဇာမသက်ရောက်။ ဆင်ရုပ်ကို မမီနိုင်။ ဆင်ပေါ်မှဆင်းကာ မြင်းစီး၍ လိုက်သည်။ ထိုအခါ မိမိ၏ စစ်သည်ဗိုလ်ပါများနှင့် ကွဲကွာသွားသည်။ ဤတွင် ၀ိုင်းရံထားသော စဏ္ဍပဇ္ဇောတမင်း၏ စစ်သည်များက သူ့ကို အလွယ်တကူပင် လက်ရဖမ်းဆီးလိုက်ကြ လေသည်။

စဏ္ဍပဇ္ဇောတမင်းသည် ဥတေနမင်းကို လက်ရဖမ်းနိုင်သဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ သုံးရက်တိုင်အောင်ပင် အောင်သေသောက်ပွဲ ကျင်းပသည်။ ထို့နောက် ဥတေနမင်းနှင့် တွေ့ဆုံ၍ မိမိ၏ လိုအင်ဆန္ဒကို ပြောပြသည်။
အဆွေ-ငါ့အား ဆင်တို့ချစ်မြတ်နိုးသော မန္တန်ကို သင်ပေးပါ။ မန္တန်ကို ငါတတ်မြောက်ပါက သင့်ကိုလွှတ်ပေးမည်။

အဆွေ-ငါ့အား သင်ရှိခိုးလျှင် မန္တန်ကို သင်ပေးမည်။
စဏ္ဍပဇ္ဇောတမင်းသည် ဥတေနမင်းကို ရှိမခိုးလို။
မန္တန်ကို သင်မပေးပါက သတ်မည်ဟု ခြိမ်းခြောက်သည်။ ဥတေမင်းက မမှု။
သင်သတ်လိုလျှင် သတ်ပါ။ ငါ့ကို ရှိမခိုးသူအား မန္တန် သင်မပေးနိုင်-ဟု ဆို၏။

ထိုအခါ စဏ္ဍပဇ္ဇောတမင်းက ကောင်းပြီ၊ ငါ့နန်းတော်၌ ဉာဏ်ထက်မြက်သော ခါးကုန်းမတယောက်ရှိ၏။ ထိုခါးကုန်းမကို ကန့်လန့်ကာအတွင်းမှာ နေစေမည်။ သင်က ကန့်လန့်ကာအပြင်က သင်ပေးလော့-ဟုဆို၏။
ဥတေနမင်းက ငါ့အား ရှိခိုးလျှင် မည်သူ့ကိုမဆို သင်ပေးမည်-ဟုဆို၏။
စင်စစ် ခါးကုန်းမဆိုသည်မှာ တကယ့်ခါးကုန်းမ မဟုတ်။ စဏ္ဍပဇ္ဇောတမင်း၏ လှပချောမောတင့်တယ်သော သမီးတော် ၀ါသုလဒတ္တာသာ ဖြစ်သည်။ သမီးတော်အား မန္တန်သင်ယူစေပြီး တတ်မြောက်သောအခါ သမီးတော်မှတဖန် မိမိသင်ယူမည်ဟု စဏ္ဍပဇ္ဇောတမင်း စီစဉ်ခြင်းသာ ဖြစ်သည်။ ထိုအစီအစဉ်ကို ဥတေနမင်း မသိ။ သမီးတော်ကိုလည်း ဥတေနမင်း သင်ပေးမည်ဟု ဖွင့်မပြော။ ခရုသင်းဖြူစွဲနေသော နူနာသည်တဦးက မန္တန်သင်ပေးမည်ဟုသာ လိမ်လည်ပြောထားပေသည်။

ဤအစီအစဉ်ဖြင့် ဥတေနမင်းသည် မန္တန်ကို ပို့ချလာခဲ့သည်။ အကြိမ်ကြိမ် ပို့ချပါသော်လည်း အတွင်းက သင်ယူသူ မင်းသမီးသည် မန္တန်ကို ပီပီသသ လိုက်၍မဆိုနိုင်။ ဤတွင် ဥတေနမင်း အမျက်ထွက်ကာ-
ဟယ် ခါးကုန်းမ၊ သင့်နှုတ်းခမ်းသည် ထူလှချေတကား-ဟု ကြိမ်းမောင်းပြောဆို၏။
မင်းသမီးက ဟယ်-ခရုသင်းဖြူစွဲနေသော နူနာသည် ၊ ငါကဲ့သို့သော မင်းသမီးကို ခါးကုန်းမ ခေါ်ဝံ့သလော-ဟူ၍ ဆိုကာ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်၏။

ဤတွင်မှ သူတို့နှစ်ဦးသည် အဖြစ်မှန်ကို သိသွားကြသည်။ တဦးနှင့်တဦး မေတ္တာသက်ဝင်သွားကြသည်။ သူတို့သည် မန္တန်ကို ဆက်၍ မသင်တော့။ ချစ်တင်းနှီးနှော၍သာ နေကြသည်။
ထို့နောက် ဥတေနမင်းက ချစ်နှမ၊ မောင်တော်၏ အသက်ကို ကယ်ပါ။ ငါ့ကို လွတ်မြောက်အောင် ကူညီပါ။ လွတ်မြောက်ပါက ချစ်နှမကို မိန်းမအရန် ငါးရာပေး၍ မိဖုရားကြီးအရာ၌ ထားပါမည်-ဆို၏။

သမီးတော်လည်း ကူညီမည်ဟူ၍ ကတိပြု၏။ ဤတွင် ဥတေန စီစဉ်အကြံပေးသည့်အတိုင်း ခမည်းတော်ထံ ၀င်ရောက်သည်။ ခမည်းတော်၊ ညအချိန် နက္ခတ်ယှဉ်ခိုက်တွင် မန္တန်အတွက် အထောက်အကူ ဖြစ်စေရန် ဆေးမြစ်တူးထွက်စရာ ရှိပါသည်။ ထို့ကြောင့် ၀င်ထွက်နိုင်သော တံခါးပေါက်ကို ခွင့်ပြုတော်မူပါ။ ၀င်ထွက်နိုင်ရန်လည်း ဆင်တစီးပေးတော်မူပါ-ဟု လျှောက်ထား၏။ မင်းလည်း ခွင့်ပြုလိုက်သည်။

တနေ့သ၌ စဏ္ဍပဇ္ဇောတမင်းသည် ဥယျာဉ်ကစားရန် နန်းတော်မှထွက်၏။ အခွင့်ကောင်း စောင့်နေသော ဥတေနမင်းလည်း ဆင်ပေါ်တွင် ရွှေအိတ်၊ ငွေအိတ်များကို တင်၏။ ထို့နောက် မင်းသမီးကို တင်ယူ၍ ဆင်ဖြင့် ထွက်ပြေးလေသည်။

စဏ္ဍပဇ္ဇောတမင်း၏ စစ်သည်ဗိုလ်ပါများ မြင်သောအခါ ဖမ်းရန် နောက်မှ အပြင်းလိုက်ကြသည်။ ထိုအခါ ဥတေနမင်းသည် ငွေအိတ်ကိုဖွင့်၍ ငွေများကို ကြဲချလိုက်သည်။ စစ်သည်ဗိုလ်ပါတို့သည် ငွေများကို သူ့ထက်ငါဦး ကောက်ယူကြသည်။ ပြီးမှ ဆက်လိုက်ကြသည်။ ဥတေနမင်းလည်း ရွှေအိတ်ကိုဖွင့်၍ ကြဲချပြန်သည်။ စစ်သည်ဗိုလ်ပါတို့လည်း ရွှေများကို အလုအယက် ကောက်ယူကြပြန်သည်။ ထိုစဉ် ဥတေနမင်းသည် မိမိပြည်နယ်နိမိတ်ကို ရောက်သွားသည်။ မိမိ၏ စစ်သည်ဗိုလ်ပါများနှင့် ပြန်ဆုံမိကြသည်။ ရန်သူ့လက်က လွတ်မြောက်သွားလေသည်။

ဥတေနမင်းလည်း ကတိအတိုင်း ၀ါသုလဒတ္တာ မင်းသမီးကို ချီူမြှောက်သည်။ မိဖုရားကြီးအရာပေး၍ လက်ရှိမိဖုရားကြီး သာမာဝတီနှင့်အတူ ထားလေသည်။
( အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: