Monday, May 10, 2010

အချိန်မီ

အသက်ရှင်စဉ်မှ သေဆုံးသည်အထိ ကာလကို ဖြတ်ကျော်ရသည်မှာ တခါတရံ ရှည်လျားသည်ဟု ထင်ရသည်။ တခါတရံမှာ တိုတောင်းသည်ဟု ထင်ရသည်။ ရှည်သည် တိုသည် အဓိကမကျ။ လူ့ဘ၀ထဲမှာ နေထိုင်စဉ် ကာလတလျှောက် ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း၊ လွမ်းမောခြင်း၊ နာကျည်းခြင်း၊ အေးမြခြင်း၊ ပူလောင်ခြင်း၊ မျှတခြင်း၊ မမျှတခြင်း စသည့် အကောင်းအဆိုး ဒွန်တွဲမှုများနှင့် ကြုံတွေ့ရသည်။ ၀မ်းသာတလှည့် ၀မ်းနည်းတလှည့် ကြည်နူးတလှည့် ပူဆွေးတလှည့် လူ့ဘ၀ကို အမျိုးမျိုးအဖုံဖုံ ရင်ဆိုင်ကြရသည်။ ဘ၀နိဂုံးချုပ်သည့်တိုင် ရုန်းကန်လှုပ်ရှားကြရသည်။

ဘ၀တခုကို အကောင်းအဆိုးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ၊ ဘ၀တခုနိဂုံးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုအဆုံးသတ်မလဲ၊ မိမိ၏ဘ၀ကို ဘယ်လိုဖန်တီးမလဲ၊ မိမိရှေ့ကလူတွေ၏ ဘ၀တွေ ဘယ်လိုသွားနေကြ သလဲဆိုတာတွေကို စဉ်းစားတွေးရင်း အမှတ်မထင် လူတယောက်နှင့် ဆုံတွေ့ဖြစ်ခဲ့သည်။ သူသည် ရောင့်ရဲတင်းတိမ်နိုင်သောပုံစံ ဖြစ်နေသည်။ တည်ငြိမ်အေးချမ်းနေသည်။ ဘာကြောင့်များပါလိမ့် ဆိုသော စိတ်ဝင်စားမှုနှင့်အတူ သိချင်စိတ်များ ကျွန်မတွင် ပေါ်ပေါက်လာခဲ့သည်။ သိပ်မကြာသောအချိန်တခုမှာ သူသည် မိရိုးဖလာ အခြားဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လာသူ ဖြစ်သည်။ ဗုဒ္ဓ၏အဆုံးအမအတိုင်း တသဝေမတိမ်း လိုက်နာကျင့်သုံးပြုမူနေထိုင်ကာ ၀ိပဿနာတရားများ ပွားများမှတ်ရှုလျက်ရှိသူဖြစ်သည်။

ကျွန်မသည် သူနှင့်တွေ့ဆုံပြီး သိလိုသည့် အချက်များကို ပွင့်လင်းစွာ မေးမြန်းခဲ့သည်။
ဌာနမှူးကြီး ဦးအောင်ဇင်အနေနဲ့ ဗုဒ္ဓဘာသာကို ပြောင်းလဲကိုးကွယ်ခဲ့တာ ဘယ်လောက်ကြပါပြီလဲ။
၁၉၈၀-ပြည့်နှစ်ကစပြီး ဗုဒ္ဓဘာသာဝင်တယောက်လို ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ ၁၉၈၉-ခုနှစ်မှာ ထိထိရောက်ရောက် ပိုပြီး လုပ်ဖြစ်ခဲ့ပါတယ်။

မိသားစုဝင်ထဲမှာ ဗုဒ္ဓဘာသာဝင် ဖြစ်သွားခဲ့တာများ ရှိပါသလား။
မိဘနှစ်ပါးစလုံး အခြားဘာသာဝင်တွေပါ။ အကိုတယောက်သာ ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကိုးကွယ်ခဲ့ရခြင်း အဓိကအကြောင်းရင်း ရှိပါသလား။
ဗုဒ္ဓဘာသာမှာ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့အချက်ကို သဘောကျတယ်။ ငယ်ငယ်ကတည်းက သင်ထားခံရတာက လိုချင်တာကို ဘုရားသခင်ဆီမှာ တောင်းရင် ရတာရယ်၊ ဘုရားသခင်က အကုန်ဖန်ဆင်းတယ်ဆိုတာရယ်၊ ဒါပေမယ့် လူတွေကို ဘာကြောင့် မတူအောင် ဖန်ဆင်းထားသလဲ ဆိုတဲ့အချက်ကို သိပ်သဘောမကျခဲ့ဘူး။ မကျေနပ်ခဲ့ဘူး။

၁၉၇၇-ခုနှစ်မှာ တပ်ရင်းပညာပေးသင်တန်းမှာ လူနဲ့ ပတ်ဝန်းကျင်အကြောင်း သင်ရတယ်။ အဲဒီမှာ လူသားရဲ့ အခန်းကဏ္ဍပါတယ်။ လူဆိုတာ ကိုယ့်အား ကိုယ်ကိုးရတယ်၊ ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတဲ့ လူသားဝါဒကို တော်တော်သဘောကျခဲ့တယ်။ တပ်ပြန်ရောက်တော့ တပ်ခွဲမှူး ဗိုလ်မှူးက ဗုဒ္ဓဘာသာကို နက်နက်နဲနဲသိတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ သူနဲ့သွားလာရင်း သင်တန်းက လူသားဝါဒအကြောင်းပြောပြတော့ သူက အဲဒါ ဗုဒ္ဓရဲ့ ၀ါဒပဲ။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာကို သင်ပေးတာ။ သူများဆီကတောင်းလို့ အသနားခံလို့ ရတာ မဟုတ်ဘူးလို့ ပြောပြတယ်။ မှန်ကန်တဲ့ အယူအဆတခုပဲဆိုတာ ယူဆပြီး ဗုဒ္ဓဘာသာကို လေ့လာဖြစ်တာပါ။ လေ့လာရင်းနဲ့ သဘောကျတဲ့အချက်တချက် ရှိလာတယ်။ ကံနှင့် ကံ၏အကျိုးပေးပါပဲ။ အားလုံးဟာ လုပ်ချင်တာ လုပ်မယ်၊ ဖြစ်ချင်တာ ဖြစ်မယ်၊ ပြီးတော့ ဘာမှ မဖြစ်ဘူးဆိုတာ မဟုတ်ဘဲနဲ့ သူနဲ့လျော်ညီတဲ့ အကျိုးပေးဆိုတာကို သဘောကျတာပါ။

ဗုဒ္ဓဘာသာဝင်မဖြစ်ခင်က ဗုဒ္ဓဘာသာဝင် ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပါသလား။
မထင်ခဲ့ပါဘူး။

ဗုဒ္ဓဘာသာဝင်ဖြစ်လာဖို့ တိုက်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်အကြောင်းများ ရှိခဲ့ပါသလား။
အခြားဘာသာက ငယ်ငယ်ကတည်းက မိရိုးဖလာဘာသာပါ။ တပ်ထဲရောက်ပြီး အသက် ၂၇-နှစ်လောက်ကစပြီး ဗုဒ္ဓဘာသာကို လေ့လာခဲ့တာပါ။ ၁၉၈၉-ခုနှစ်မှာ တပ်ခွဲမှူး ဗိုလ်မှူးဘ၀နဲ့ တပ်မ (၄၄) လက်အောင်ခံ ခမရ-၃ ရောက်တော့ ရှေ့တန်းသွားတယ်။ အမြဲတမ်း ကြီးမားတဲ့တိုက်ပွဲတွေနဲ့ပဲ ရင်ဆိုင်ရတယ်။ ကိုယ့်ကိုယ်ကို ရှေ့နောက်ကာထားပေမယ့် မလုံခြုံဘူး။ စိတ်ဖိစီးမှုများတယ်။ သေမထူး၊ နေမထူး လုပ်ရတယ်။ ဖြစ်သလိုနေရ စားရပဲ။ ပတ်ဝန်းကျင်က ကြမ်းတမ်းပြီး စိုးရိမ်သောကတွေ အမြဲတမ်းရှိနေရတယ်။ အဲဒါတွေ ဖြေဖျောက်နိုင်ဖို့ အားလုံး တော်တော်များများ အရက်သောက်ကြတယ်။ ကိုယ်တိုင်ကျတော့ ငယ်ငယ်ကတည်းက မသောက်တတ်ဘူး။ အဲဒီမှာ ရွေးစရာနည်းလမ်းနှစ်ခု ပေါ်လာတယ်။ အရက်မသောက်ရင် ဘာလုပ်မလဲ ဆိုပြီးစဉ်းစားတော့ ဘာသာတရားပဲ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ရှေ့တန်းထွက်တော့ စာအုပ်သုံးအုပ် ပါလာတယ်။ ပဋ္ဌာန်းစာအုပ်၊ ပရိတ်ကြီးစာအုပ်၊ ဆရာနန္ဒာသိန်းဇံရေးတဲ့ စာအုပ်၊ အဲဒီထဲမှာ ကမ္မဋ္ဌာန်းနည်း ၄၀-ပါတယ်။ ပဋ္ဌာန်းနဲ့ ပရိတ်တွေ ရွတ်ပါများတော့ အလွတ်ရလာတယ်။ နည်း ၄၀-ထဲက ကိုယ်နဲ့ကိုက်ညီမဲ့ နည်းလမ်းရွေးတော့ စိတ္တာနုပဿနာကို စပြီးလုပ်ခဲ့တယ်။ ရတဲ့အချိန် နည်းတနည်းလေးမှာ စာအုပ်ကိုင်ပြီး ကျင့်ကြံအားထုတ်ရင်းနဲ့ တည်ငြိမ်အေးချမ်းမှု ရလာတယ်။ ကြုံရတဲ့ အခက်အခဲတွေအားလုံး ကျော်လွှားနိုင်တယ်။ သူများတွေ သောက်စားမူးယစ်ပြီး ကျော်လွှားနေရတဲ့ကိစ္စတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်။ တပ်ခွဲမှာ အကျအဆုံးနည်းလာပြီး အောင်မြင်လာတယ်။ အဲဒီအချိန်ကစပြီး မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်လို့ သတ်မှတ်လိုက်တာပါ။ အဓိက ပင်ပန်းဆင်းရဲမှု ကြုံတွေ့တဲ့အခါ အားကိုးစရာရှာတဲ့အခါ မှန်ကန်တဲ့ အားကိုးစရာ ရှာတွေ့ရင်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတာပါ။

ဗုဒ္ဓဘာသာဝင်ဖြစ်ပွားပြီး ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်ခဲ့ပါလဲ။ ဘယ်လို ဆုံးဖြတ်ခဲ့ပါသလဲ။
ပထမပိုင်းတုန်းက သာမန်ဘုရားစာအုပ်ဖတ်ရုံလောက်နဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ဆင်းရဲဒုက္ခနဲ့ ပက်ပင်းတွေ့တဲ့အခါကျမှ ၀ိပဿနာတရားအားထုတ်တာ စွဲစြွဲုမဲမြဲ ဖြစ်သွားခဲ့ရတာပါ။ အချိန်ရရင် ရသလို ၀ိပဿနာတရား ရှုမှတ်တော့ သိလာရတာတွေ အများကြီးပဲ။ ယုံကြည်မှုတွေ ရှိလာပြီး စိတ်တွေ သန့်စင်လာတယ်။ သွားလာတဲ့အခါ အန္တရာယ်မဖြစ်ဘူး။ ကင်းရှင်းတာ ဖြစ်လာတယ်။ ဘာပဲလုပ်လုပ် ရဲရဲတင်းတင်း လုပ်လာနိုင်တယ်။ ကိုယ့်ရဲ့ရဲဘော် အသက်တွေ အများကြီး ကယ်တင်နိုင်ခဲ့တယ်။

ဗုဒ္ဓဘာသာသည် နောင်တမလွန်ကျမှ ခံစားရတာမဟုတ်ဘဲ လက်ရှိလုပ်နေတဲ့ ကာလမှာလည်း အကျိုးများပါလားလို့ နားလည်ပြီး ဆက်လုပ်ခဲ့တာပါ။ ဗုဒ္ဓဘာသာကို တရွေ့ရွေ့နဲ့ ပြောင်းခဲ့ရတာ။ သီးခြားဘာမှ မလုပ်ဘူး။ ရိုးရိုးရှင်းရှင်း တခုပဲ ယုံကြည်တယ်။ အဲဒါ ဗုဒ္ဓပဲ။

ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ကြိုတင်လေ့လာမှုတွေ ရှိခဲ့ပါလား။
၁၉၇၇-နောက်ပိုင်းကစပြီး လေ့လာခဲ့တာပါ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး စာအုပ်တော်တော်များများ ဖတ်ခဲ့ပါတယ်။
ရဟန်းပြုခဲ့တာ ရှိပါသလား။
ဝိပဿနာတရားတွေ အားထုတ်ရင်းနဲ့ ဒုတိယတပ်ရင်းမှူးဘ၀မှာ ရဟန်းခံချင်စိတ် ပေါ်လာတယ်။ ရဟန်းဝတ်ဖြစ်ခဲ့တာ ၃-ကြိမ် ရှိပါပြီ။

ယနေ့အထိ နေ့တိုင်း ၀ိပဿနာတရား ပွားများရှုမှတ်ခဲ့တာ ဘယ်နည်းနဲ့ပါလဲ။
တရားစခန်းများ ၀င်ဖူးပါသလား။
နေ့တိုင်း တနေ့ ၃-ကြိမ် ၀ိပဿနာတရားများ ရှုမှတ်ပါတယ်။ မဟာစည်နည်းနဲ့ စနစ်တကျအားထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သေချာလေ့လာခဲ့တော့ မိုးကုတ်ဆရာတော်ဘုရားရဲ့ နည်းတွေကို စိတ်ဝင်စားပြီး စူးစိုက်အားထုတ်ခဲ့ပါတယ်။ ရွှေတောင်ကုန်းမှာ တရားစခန်း ၄-ကြိမ် ၀င်ဖူးပါတယ်။

ဗုဒ္ဓဘာသာဝင်တိုင်းကို အပြောချင်ဆုံးစကားများ သိပါရစေ။
ဗုဒ္ဓဘာသာနှင့် မိရိုးဖလာဗုဒ္ဓဘာသာ ခွဲခွဲခြားခြားသိဖို့ လိုပါတယ်။ တော်တော်များများက ဘုရားကို အပေးအယူ လုပ်နေကြတယ်။ ဒါတွေကပ်လှူပြီး ဒါတွေတောင်းနေကြတယ်။ အဲဒီလို လုပ်လို့မရဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တွေ သိစေချင်တယ်။ သာမန် ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတယောက် အဖြစ်နဲ့ပဲ ကျေနပ်မနေဘဲ ဗုဒ္ဓဘာသာရဲ့ အင်မတန် နက်နဲပြီး တန်ဖိုးရှိလှတဲ့ ၀ိပဿနာတရားကိုလည်း အားထုတ်ပြီး တရားရအောင် ကြိုးစားစေချင်ပါတယ်။

ဌာနမှူးကြီး ဦးအောင်ဇင် ပြောပြခဲ့သော ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ခဲ့ရသည့် အကြောင်းရင်းများစွာထဲမှ အနည်းငယ်သော အကြောင်းရင်းများကို အထက်ပါအတိုင်း အတိုချုပ်ဖော်ပြခဲ့ပြီးပါပြီ။
အခြား ဘာသာဝင်တယောက်က မိမိတို့ဗုဒ္ဓဘာသာကို အချိန်အနည်းငယ်နှင့် ၀င်ရောက်လာပြီး ဗုဒ္ဓဘာသာကို သေချာသဘောပေါက်နားလည်ကာ ဗုဒ္ဓ၏ ဆုံးမမှုအတိုင်း ကျင့်ကြံနေထိုင်နေပါသည်။ မိမိတို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓ၏စကားကို ဘယ်လောက်နားထောင်ပြီးပြီလဲ ဆိုသည်ကို ပြန်လည်ဆန်းစစ် ကြည့်စေလိုပါသည်။

စိတ်ညစ်တယ်၊ အဆင်မပြေဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊ ကံမကောင်းဘူး၊ ဘယ်လိုရင်ဆိုင်ရမလဲ၊ လူတွေက မကောင်းဘူး၊ လောကကြီးက မတရားဘူး-ဟု အမျိုးစုံ ညဉ်းတွားအော်ဟစ်လက်ညှိုးထိုး လွှဲချနေမည့်အစား မိမိကိုယ်ကို မိမိ ပြန်ကြည့်လိုက်ပါ။ ကျော်ဖြတ်နေရသည့် ဘ၀တလျှောက် ရင်ဆိုင်နေရသော ကိစ္စပြဿနာများကို ဘ၀နိဂုံးချုပ်သည်အထိ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းအနိုင်ယူဖို့ ဗုဒ္ဓဘာသာဝင် တယောက်အနေဖြင့် ဘာတွေလုပ်ပြီးပြီလဲ။ ပုံစံစာရွက်ပေါ်တွင် ကိုးကွယ်သည့် ဘာသာသည် ဗုဒ္ဓဘာသာဟု ရေးဖြည့်လိုက်ရုံ၊ ဆွမ်းကျွေးအလှူသွား၍ ဘုန်းတော်ကြီးက သီလပေးတုန်း၊ သြကာသရွတ်ခဲ့ရုံဖြင့် ပြည့်စုံပြီလား။ ဂုဏ်တော်ဂါထာများရွတ်၊ အဓိဋ္ဌာန်ပုတီးစိပ်ကာ အလှူဒါနပြုလုပ်ရုံမျှဖြင့် ဗုဒ္ဓဘာသာဝင်တယောက်အဖြစ် ပြီးပြည့်စုံသွားမည် မဟုတ်ပါ။

ယခုဖြတ်သန်းရာ ဘ၀တလျှောက်မှာ ဘ၀နိဂုံးချုပ်၍ နောင်သံသရာတွင်ပါ ထူးထူးခြားခြား အကျိုးရအောင် ၀ိပဿနာတရားများ ပွားများရှုမှတ်ကာ တရားရအောင် အားထုတ်၍ ဗုဒ္ဓဘာသာဝင်ကောင်းတယောက် ဖြစ်အောင် အချိန်မီ ကြိုးစားစေချင်ပါသည်။
စိတ်ကောင်းရှိပြီး၊ သီလမြဲကာ၊ ၀ိပဿနာ စွဲနိုင်ကြပါစေ။

ယုနန္ဒာအောင်
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

No comments: