Sunday, May 16, 2010

ကုသိုလ်တရား သစ္စာစွမ်းအားဖြင့် ဟာရီကိန်းမုန်တိုင်းမှ လွတ်မြောက်ခြင်း

ကျွန်တော်သည် သင်္ဘောသားဘ၀ဖြင့် ကျင်လည်ခဲ့သည်မှာ ၂၅-နှစ်ကျော်ခဲ့ပေပြီ။ အင်ဂျင်နီယာချုပ်ရာထူးဖြင့်ပင် ၁၅-နှစ်ခန့် ရှိခဲ့ချေ၏။ မိမိတာဝန် ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံခြားသင်္ဘောတိုင်း၌ အနည်းနှင့်အများဆိုသလို ထူးဆန်းသော မမေ့နိုင်စရာ အဖြစ်အပျက်များ တွေ့ကြုံခဲ့ပါ၏။ သို့သော် ယခုတင်ပြမည့် အဖြစ်အပျက်သည် မယုံကြည်နိုင်စရာမို့ ထူးထွေသည့် အံ့ရာသော်ဟုပင် ဆိုချင်ပါတော့သည်။

ထိုသင်္ဘောတစီးလုံးမှ သင်္ဘောသားအားလုံး စည်းလုံးညီညာစွာ ဒါနပြု သီလဆောက်တည်ကာ မေတ္တာနှင့်သစ္စာ ယှဉ်တွဲ၍ တောင်းဆုပတ္ထနာ ပြုခဲ့ခြင်းအကျိုးကြောင့် ဖြစ်သည်ဟု ပြောစရာမလို၊ မြေကြီးလက်ခတ်မလွဲ အမှန်သာပဲဟု ဆိုချင်ပါတော့သည်။

၁၉၉၂-ခု ဇွန်လအတွင်း အမေရိကန်နိုင်ငံ နယူးဟဲဗင်းမြို့ကလေးတွင် ကြုံခဲ့ရသော အဖြစ်အပျက်ပါ။ ကျွန်တော်တို့သင်္ဘောသည် ညနေ ၂-နာရီခန့်တွင် ၄င်းမြို့ဆိပ်ကမ်း ဆိုက်ရောက်ခဲ့သည်။
ကျွန်တော်သည် စက်ခန်းမှတက်လာပြီးနောက် ဆိပ်ကမ်းမြို့လေး၏ အလှကို ခံစားရင်း ပြင်ပမှ လေကောင်းလေသန့်များကို တ၀ကြီး ရှူရှိုက်ပစ်လိုက်ပါတော့သည်။ လှပသော ဆိပ်ကမ်းမြို့ကလေး ဖြစ်သည်နှင့်အညီ အဆောက်အဦးများသည် တောင်ကုန်းတောင်စောင်းများပေါ်၌ တည်ရှိသည်။ သစ်ပင်ပန်းမာလ်များကိုလည်း အကွက်ကျကျ အချိုးကျကျ တည်ဆောက်ထားသည်။ လွန်စွာ ကြည့်ကောင်းလှပေ၏။

သို့သော် ထူးဆန်းသည့် အခြေအနေကို တွေ့ရပေ၏။ တမြို့လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အချို့သော ကားကြီး ကားငယ်တို့ အိမ်သုံးပစ္စည်းများ အပြည့်တင်ကာ တောင်ကုန်းပေါ်သို့ ဦးတည်သွားနေ၏။ ဆိပ်ကမ်းမှ သင်္ဘောကိုယ်စားလှယ်တဦးနှင့် ဆိပ်ကမ်းတာဝန်ရှိပုဂ္ဂိုလ်များ ရောက်လာသောအခါမှ ထူးဆန်းသော ပြဿနာအဖြေကို သိရပါတော့သည်။

နက်ဖြန်နေ့လည် ၂-နာရီခန့်တွင် MIKE ဆိုသော ဟာရီကိန်းမုန်တိုင်းသည် ဤမြို့ကလေးသို့ တည့်တည့်ဖြတ်သွားမည်။ မုန်တိုင်းတွင်း လေတိုက်ခတ်နှုန်းသည် တနာရီလျှင် မိုင် ၈၀-မှ ၁၂၀-ခန့် ရှိမည်။ ၄င်းမုန်တိုင်းကြီး နှစ်ပေါင်း ၂၀-ကြာမှ တခါလာတတ်သည်ဆို၏။
ယခင်ဖြစ်စဉ်များအရ မုန်တိုင်းမ၀င်မီ နာရီပိုင်းအလိုတွင် လေဖိအားကြောင့် ပင်လယ်ရေသည် ပေ ၂၀-ခန့် မြင့်တက်လာကာ ဆိပ်ကမ်းဝန်းကျင်ရှိ အဆောက်အဦများ ရေလွှမ်းတတ်၏။ ဆိုက်ကပ်ထားသော သင်္ဘောများ လည်း ဆိပ်ကမ်းများပေါ်သို့ ရောက်သွားပြီး လေပြင်းတိုက်ခတ်မှုကြောင့် လဲပြိုပျက်စီးကာ ကြီးမားသော ဆုံးရှုံးမှုအန္တရာယ် ရှိနိုင်ပေ၏။

ထို့ကြောင့် မြို့သူမြို့သားသည် မိမိတို့၏ တန်ဖိုးကြီး အသုံးလိုပစ္စည်းများကို ရသလောက် ကားများနှင့် တင်ဆောင်ကြသည်။ ပင်လယ်နှင့် တဖက်ခြားပြီး အစိုးရက ကြိုတင်စီမံဆောက်လုပ်ထားသော ဂူထဲသို့ အဆောက်အဦများရှိရာ တောင်ကုန်းတဖက်ခြမ်းသို့ သယ်ဆောင်ရွှေ့ပြောင်းကြသည်။
မကြာမီအတွင်း ဆိပ်ကမ်းအာဏာပိုင်များနှင့် ဆိပ်ကမ်းစောင့်ရှောက်ရေး အဖွဲ့တို့ ရောက်လာကြသည်။ မုန်တိုင်းအခြေအနေကို ရှင်းပြသည်။ ယခု တူးမြောင်းအတွင်း ရပ်ထားသော ကျွန်တော်တို့သင်္ဘောသည် မုန်တိုင်းဖြတ်သန်းနေစဉ်အတွင်း လက်ရှိနေရာမှာပင် နေလိုကနေပါ။ သို့မဟုတ် ပင်လယ်ဝသို့ ထွက်ခွာပြီး ကျောက်ချကာ မုန်တိုင်းခံရင်း နေလိုပါက နေနိုင်ပါကြောင်း ပြောကြားလာသည်။

ကျွန်တော်တို့သင်္ဘောမှာ ၂၂-နှစ်သက်တမ်းရှိပြီ။ ခေတ်မီရေကြောင်းပြ ကိရိယာအချို့ မတပ်ဆင်ရသေး၍ သတင်းအချို့မှလွဲပြီး တိကျသောမုန်တိုင်းသတင်း မရခဲ့ပါ။
ထို့ကြောင့် ကပ္ပတိန်ဦးဘဉာဏ်နှင့် မိမိတို့ တိုင်ပင်ကာ လက်ရှိအခြေအနေအတိုင်းနေပြီး အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ရန် သင်္ဘောသားအားလုံးကို အရေးပေါ် အစည်အဝေးခေါ်ရပေသည်။ အကယ်၍ မုန်တိုင်းဝင်လာပြီဆိုလျှင် မနီးမဝေးရှိ သံပေါင်ကြီးများဖြင့် တည်ဆောက်ထားသော ဂိုထောင်များဆီတွင် စုဝေးပြီး ခိုလှုံရန်၊ အသက်ကယ်အင်္ကျီများ၊ ဘောများနှင့် အန္တရာယ်ကင်းစေရန် လိုအပ်သော အထောက်အကူပြု ပစ္စည်းများ ယူဆောင်သွားရန် ပြောဆိုပြီး ကြိုတင်စုဆောင်းထားကြပါသည်။ ကျွန်တော်က နောက်ဆုံး မီးစက်ကိုပိတ်ပြီး သင်္ဘောမှခွါရန် သဘောတူထားကြပါသည်။

ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုပြီးသည်နှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ မြှင့်တင်မှုအတွက် အားလုံးသဘောတူ ဆောင်ရွက်ကြပါသည်။ ထိုနေ့ညမှစ၍ ငါးပါးသီလ၊ သို့မဟုတ်-ရှစ်ပါးသီလကို မြတ်စွာဘုရားထံ ခံယူပြီး ရတနာသုံးပါး ဂုဏ်တော်များ ပွားများကြရန်၊ အနန္တောအနန္တငါးပါးကို ရှိခိုးပူဇော်ကြရန်၊ သတ္တ၀ါအားလုံးကို မေတ္တာပို့ရန် ဖြစ်သည်။ ထို့ပြင် အထူးသဖြင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးနှင့် ၂၄-ပစ္စည်း ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ကာ လာလတ္တံ့သော ဟာရီကိန်းမုန်တိုင်းကြီးကို ဝေးရာသို့ ရှောင်ရှားစေပြီး အန္တရာယ်မှ လွတ်ကင်းအောင် ဆုတောင်းကြဖို့ ဖြစ်သည်။ အခြား ဘာသာဝင်တဦးကိုလည်း မိမိတို့ဘာသာအရ ဆုတောင်းပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

ကျွန်တော်နဲ့ ကပ္ပတိန် ဦးဘဉာဏ်တို့ကိုယ်တိုင်လည်း ရှစ်ပါးသီလ ခံယူသည်။ မုန်တိုင်းလမ်းကြောင်းပြသည့် Facimile စာရွက်များပေါ်မှ မုန်တိုင်းကို အာရုံပြုပြီး အထက်ပါအတိုင်း ဆုတောင်းမေတ္တာပို့ခြင်း သစ္စာပြုခြင်းများ ပြုခဲ့ကြပါသည်။
ထို့ပြင် ကျွန်တော်ကိုယ်တိုင်က မိဘမေတ္တာခံယူရန်အတွက် ရန်ကုန်အိမ်တွင် အတူနေပြီး တရားဘာဝနာ အမြဲအားထုတ်နေသော ဖခင်ကြီးထံ တယ်လီဖုန်းဖြင့် အကြောင်းကြားသည်။ ဖခင်ကြီးထံမှ မေတ္တာခံယူပြီး မုန်တိုင်းမှ လွတ်ကင်းရန် အကြောက်တရားတို့ကို အနန္တောအနန္တငါးပါးဂုဏ်ဖြင့် လျော့ပါးစေခဲ့သည်။

သင်္ဘောနှင့် မနီးမဝေးရှိ Seaman Mission တွင် ယနေ့ညနေက သင်္ဘောသားအားလုံး ပစ္စည်းများ ၀ိုင်းဝန်းသယ်ပေးခဲ့၍ ကျေးဇူးတင်စကားပြောကြားခဲ့သော၊ မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေကြောင်း ဆုတောင်းပေးခဲ့သော အမေရိကန်အဘိုးနှင့် အဘွားတို့ မေတ္တာအင်အားသည်လည်း မုန်တိုင်းရင်ဆိုင်ရဲသည့် သတ္တိတွေ၊ အင်အားတွေ ပြည့်လာကြောင်း သင်္ဘောသားအားလုံးမျက်နှာတွင် အထင်းသားပေါ်လွင်နေပေသည်။

မုန်တိုင်းဝင်လာတော့မည့်နေ့ နံနက် ၆-နာရီခန့်ကစပြီး ကပ္ပတိန်နှင့် ကုန်းပတ်ဆိုင်ရာ သင်္ဘောသားများ၊ ကျွန်တော်နှင့် အင်ဂျင်ခန်းဆိုင်ရာ သင်္ဘောသားများ စစ်ဆေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများကို တည်ငြိမ်စွာ လုပ်ဆောင်နေကြပါပြီ။ အထူးသတိပြုမိသည်မှာ ယနေ့ညမှစ၍ သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာဘာဝနာ စီးဖြန်းထားသည့် ကောင်းမှုကြောင့် သင်္ဘောသားအားလုံး ထိတ်လန့်တုန်လှုပ်မှုလက္ခဏာ မရှိကြသည်ကို သတိထားမိပါသည်။ ထိုစဉ် လေပြည်ကလေးတိုက်ခတ်နေရာမှ စတင်၍ လေသည် တသုန်သုန် ခပ်ပြင်းပြင်း တိုက်လာသည်။ နယူးဟဲဗင်း တမြို့လုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်လျက် ကားများ အသွားအလာပင် မရှိသလောက် ဖြစ်နေပါတော့သည်။

တခါတရံ ဆိပ်ကမ်းတလျှောက် ကောင်းကင်မှ စစ်ဆေးနေသည့် ကမ်းခြေစောင့်ရှောက်ရေးအဖွဲ့၏ ဟယ်လီကော်ပတာ လေယာဉ်တစီးတလေ ၀ဲပျံသွားသည်သာ တွေ့ရပါသည်။ မုန်တိုင်းဖြတ်တိုက်တော့မည့် ၂-နာရီအချိန်သည် တဖြည်းဖြည်း နီးကပ်လာချေပြီ။ နံနက် ၁၀-နာရီခန့်တွင် လေတိုက်ခတ်နှုန်း အတော်လေး ပြင်းထန်ကာ တနာရီ မိုင် ၃၀-နှုန်းခန့် ရှိလာ၏။

သို့သော် ၁၂-နာရီခန့်တွင် လေတိုက်အားလျော့လာပြီး နေ့လယ် ၂-နာရီခန့်တွင် ပုံမှန်လေပြည်လေးသာ ပြန်လည်တိုက်ခတ်လာပါတော့သည်။ မကြာမီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များ ရောက်လာပြီး မုန်တိုင်းသည် မိမိတို့ရှိရာ မြို့ကလေးနှင့် မိုင်တရာကျော်ဝေးသည့် ဖလော်ရီဒါကမ်းခြေမြို့များသို့ ဦးတည်ဖြတ်သွားပြီ။ ၄င်းဒေသတ၀ိုက်တွင် လူအသေအပျောက်နှင့် အိုးအိမ်အပျက်အစီး များပြားကြောင်း ကြားသိရကြောင်း ပြောပြပါသည်။ အဆိုပါဒေသမှာ သဘာဝဘေးဒဏ်ဆိုးကြောင့် သတ္တ၀ါများ ဒုက္ခရောက်၊ ပျက်စီးခဲ့ရှာသည်။ စိတ်မကောင်းစရာပါတကား။

ကျွန်တော်တို့၏ သင်္ဘောကြီးနှင့် သင်္ဘောသားအားလုံး၏ ကံကြမ္မာကား အံ့သြဖွယ်ကောင်းလှစွာ မုန်တိုင်းကြီးဘေးမှ ကင်းလွတ်ခဲ့ချေပြီ။ သင်္ဘောသားအားလုံး၏ ဘာသာရေးဆိုင်ရာ ကောင်းမှုကုသိုလ်ဖြစ်သည့် ဒါနအကျိုး၊ သီလတန်ခိုး၊ ရတနာသုံးပါး၊ အနန္တောအနန္တငါးပါးတို့ကို ရှိခိုးပူဇော်ရသော ကုသိုလ်၊ သမ္ဗုဒ္ဓေဂါထာတော်၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ရသောအကျိုး၊ မေတ္တာပို့ အမျှဝေခဲ့သည့် ဘာဝနာအကျိုးတို့ကြောင့် ဤအန္တရာယ်ဆိုးမှ လွတ်ခဲ့ခြင်းကို သင်္ဘောသားအားလုံး ယုံကြည်မိပါတော့သည်။ ကံနှင့် ကံ၏အကျိုးတရားပေတည်း။

ဤသို့ ယုံကြည်မှုကြောင့် ကျွန်တော်သည် ထိုသင်္ဘောမှစပြီး မြန်မာသင်္ဘောသား လုပ်ဖော်ကိုင်ဖက်များကို စည်းရုံးလှုံ့ဆော်ကာ အလှူငွေကောက်ခံပြီး စုပေါင်းဒါနအဖြစ် ဘာသာရေးဆိုင်ရာဌာနများ၊ လူမှုရေးဆိုင်ရာ ဌာနများသို့ လှူဒါန်းခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါတော့သည်။

မောင်မောင်အုန်း
(မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

No comments: