Friday, May 21, 2010

မိခင်မေတ္တာ

ဆောင်းရာသီ၏ တခုသော သောကြာနေ့ ကျွန်တော်နှင့် မေမေ ၀ံပုလွေနှင့် တွေ့ဆုံရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မေတ္တာအားပြိုင်ပွဲ၏ နောက်ပိုင်းတွင် မိခင်အပေါ်ထားရှိသော ကျွန်တော့်အမြင်အားလုံးကို ပြောင်းလဲပစ်လိုက်တော့သည်။

ထိုနှစ် ကျွန်တော့်အသက် ၉-နှစ် မေမေနှင့် ချွန်နန်နယ်၏ လက်ဖက်တောင်ခြေတွင် နေထိုင်ကြသည်။ မေမေ့တွင် မြင့်မားကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်နှင့် ယောက်ျားသားများကဲ့သို့ အသားမာတက်နေသော လက်တစုံရှိသည်။ ကျွန်တော့်ကို ညအိပ်ရာဝင် ချော့သိပ်သည့်အခါမှလွဲလျှင် မေမေသည် မိန်းမစင်စစ် တယောက်မှ ဟုတ်ပါလေစဟု တွေးထင်နေမိသည်။



ထိုသောကြာနေ့ညနေ ကျောင်းဆင်းပြီးနောက် ကျွန်တော်သည် ဆော့ကစားမှုကို မက်မောမိ၍ အချိန်နာရီကို မေ့လျော့နေလေသည်။ မေမေ ကျောင်းသို့လိုက်လာပြီး ကျွန်တော်နှင့် ကစားဖော်များကို မြက်ရုံတွေကြားထဲက ခေါ်ယူလာမှသာလျှင် မိုးမှောင်နေပြီကို သိရလေသည်။
လရောင်ကို အဖော်ပြုလျက် အိမ်ပြန်လမ်းရှိ အူထိုတောင်ကို ဖြတ်ကျော်စဉ် ကျွန်တော်တို့သည် ၀ံပုလွေနှင့် တည့်တည့်တိုးမိလေပြီ။ မိခင်ဝံပုလွေတကောင်နှင့် သားငယ် ၀ံပုလွေတကောင်တို့ ဖြစ်ကြသည်။

မေမေသည် ဓားကိုဆုပ်ကိုင်လျက် မြှောက်ပင့်ထားသည်။ ၀ံပုလွေနှစ်ကောင်သည် မေမေ့ကို စတင်တိုက်ခိုက်လေသည်။ မိခင်ဝံပုလွေသည် မေမေ့ဓားကို ရှောင်နိုင်ခဲ့သော်လည်း သားငယ်ဝံပုလွေ၏ခေါင်းပိုင်းမှာမူ မေမေ၏လက်တွင် မြဲမြံစွာ ဖမ်းဆုပ်ထားခံရ၍ မလှုပ်နိုင်တော့ပေ။ မေမေသည် ဓားကိုမြှောက်ပြီး သားငယ်ဝံပုလွေ၏ လည်တိုင်ကို လှီဖြတ်ရန် ပြင်ဆင်လိုက်သည့် ခဏတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ရပ်တရပ် ဖြစ်ပွားလေပြီ။

မိခင်ဝံပုလွေသည် ကျွန်တော်အပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။ ကျွန်တော်သည် ကြောက်အားလန့်အားနှင့် ကုန်းအော်ပြီး မြေကြီးပေါ် လဲကျသွားလေသည်။ မျက်လုံးအစုံကို မှိတ်ထားမိသည်။ ဦးနှောက်အတွင်း လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားသည်။ မိခင်ဝံပုလွေသည် သူ၏ အားကောင်းလှသော ရှေ့ခြေသည်းများနှင့် ကျွန်တော့ရင်ဝနှင့် ပခုံးပေါ်တွင် ဖိထားပြီး သူ၏ပါးစပ်တွင်းမှ ထုတ်လွှင့်နေသော ပူနွေးသော ညှီနံ့ကို ကျွန်တော် ခံစားနေရသည်။

ရုတ်တရက် ထူးခြားသော ဖြစ်ရပ်တရပ်ဖြစ်ပေါ်လေပြီ။ မိခင်ဝံပုလွေ၏ပါးစပ်သည် ဗြုန်းဆို ကျွန်တော့်လည်မျိုမှ ခွာသွားလေပြီ။ တဖြည်းဖြည်းချင်းမျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သောအခါ မီးစိမ်းရောင် ပန်းထွက်နေသော မျက်လုံးအစုံဖြင့် မိခင်ဝံပုလွေသည် မေမေနှင့် သားငယ်ဝံပုလွေကို စိုက်ကြည့်နေသည်။ မေမေ၏လက်တွင်းမှ ဓားသည် သားငယ်ဝံပုလွေ၏ လည်ဂုတ်ကို ဖိကပ်ထားသည်။ ပေါ်နေသောဓားအပိုင်းတွင် ဖြည်းဖြည်းချင်း စီးဆင်းနေသည်။ ထိုအရာသည် သားငယ်ဝံပုလွေ၏ သွေးပင်တည်း။

ဤသည် တိရစ္ဆာန်နှင့် လူသားမိခင်တို့၏ မေတ္တာ ထိပ်တိုက်ရင်ဆိုင် ရန်ဆောင်ပွဲတည်း။ မည်သူကဦးဆောင်၍ စပြီးလှုပ်ရှားလိုက်သည် ဖြစ်စေ သားငယ်ကို ဆုံးရှုံးရမည့် ကြေကွဲဖွယ် ရလဒ်ကိုသာ ရရှိလာမည်ဖြစ်သည်။
ထိပ်တိုက် ရန်ဆောင်နေသည်မှာ ငါးမိနစ်တင်းတင်း ကြာသွားသည်။ နောက်ဆုံးတွင် မိခင်ဝံပုလွေသည် ကျွန်တော့်ကို လွှတ်လိုက်သည်။ မူလက မြင့်မားစွာ ထောင်ထနေသော မွေးမှင်များ ပြားဝပ်သွားလေသည်။ သူသည် မောဟိုက်စွာ အသက်ကို ပြင်းပြင်းရှူနေရင်း မေမေ့ကို ထူးခြားသောအကြည့်ဖြင့် ကြည့်နေသည်။

မေမေသည် တဖြည်းဖြည်းနှင့် ဓားကိုင်သောလက်ကို အောက်ချလိုက်ပြီး သားငယ်ဝံပုလွေကို ခပ်လှမ်းလှမ်းသို့ တွန်းပစ်လိုက်သည်နှင့်တပြိုင်နက် ကျွန်တော့်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက်ထားလိုက်သည်။ မိခင်ဝံပုလွေသည် နောက်ထပ်တိုက်ခိုက်မှု မပြုတော့ပေ။ ရှည်လျားစွာ အူမြည်ပြီး သားငယ်ဝံပုလွေကို ခေါ်ဆောင်ကာ သစ်တောထဲ ပျောက်ကွယ်သွားလေသည်။

မေမေသည် ကျွန်တော့်ကို ကျောပိုးလျက် လေအဟုန်ပမာ အိမ်သို့လျင်မြန်စွာ သုတ်ခြေတင်လေသည်။ အိမ်ထဲသို့ဝင်သည်နှင့်တပြိုင်နက် မေမေသည် ခွေယိုင်ကာ မြေပေါ်ပုံကျ၍ သတိလစ်သွားလေသည်။ အသားမာများတက်နေသော အမေ့လက်ကြမ်းကြမ်းတစုံသည်ကား ကျွန်တော့်ကို ကျောပေါ်မှ မြဲမြံစွာ ပွေ့ထားတုန်းပင်။

တောရဲတိရစ္ဆာန်များသည်ပင် လူသားများကဲ့သို့ အရေးကြုံလာလျှင် မိမိ၏သားသမီးကို စောင့်ရှောက်ကာကွယ်ဖို့ ဦးစွာ ပထမဆုံး တွေးမိစမြဲပင်။ ဤရှုပ်ထွေးပွေလီသော လောကကြီးဝယ် ဤကဲ့သို့ မိမိ၏အသက်ကိုပင် စွန့်ပြီး မည်သည့်ပေးဆပ်မှုကိုမျှ မမျှော်ကိုး၊ မတောင့်တသော မိခင်မေတ္တာမျိုးကို မည်သည့်မေတ္တာမျိုးသည် ယှဉ်တုနိုင်ပါမည်နည်း။

ပါမောက္ခ-ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

No comments: