Tuesday, May 25, 2010

ကျမ်းစူးသူ

ကျေးရွာတွင် အလွန်ကြွယ်ဝချမ်းသာသော ဦးခင်မောင်၊ ဒေါ်ငွေစိန်တို့ ဇနီးမောင်နှံနှစ်ဦး ရှိလေသည်။ သူတို့ဇနီးမောင်နှံသည် ငွေတိုးပေးခြင်း၊ ပစ္စည်းအပေါင်ခံခြင်း စသော အလုပ်များကို လုပ်ကိုင်သည်။ ငွေတိုးပေးရာတွင်လည်း အတိုးကို အဆမတန် တောင်းလေ့ရှိသည်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော်လည်း ပေးကမ်းလှူဒါန်းခြင်း အလျဉ်းမရှိပါ။

တနေ့တွင် ငွေကြေးမပြေလည်သူတဦးက ရွှေထည်ပစ္စည်းတခုကို သူတို့ထံ လာရောက်ပေါင်နှံလေ၏။ ထိုရွှေထည်ပစ္စည်းမှာ အရည်အသွေးကောင်းသောကြောင့် ဒေါ်ငွေစိန်တယောက် လောဘရမ္မက် တက်လေသည်။ ပေါင်နှံသူက မိမိတို့ငွေကြေး ပြေလည်ပါက ပြန်၍ လာရွေးယူမည်ဖြစ်ကြောင်း ဒေါ်ငွေစိန်ကို ပြော၏။

တပတ်ခန့်ကြာသောအခါ ပေါင်နှံသူက ငွေကြေးအဆင်ပြေ၍ ရွေးယူသောအခါ ရှင်တို့ပစ္စည်းကို ဘယ်တုန်းက လာပေါင်တာတုန်း၊ အို ရှုပ်ရှုပ်ယှက်ယှက် ရှင်တို့ပစ္စည်းကို မြင်တောင်မမြင်ဖူးဘူး-ဟု ခါးခါးသီးသီး ငြင်းဆိုလေသည်။
နောက်ဆုံးတွင် ပေါင်နှံသူက ဒါဆိုရင် ရှင်ကျမ်းကျိန်မလား-ဟု ပြော၏။ ဒေါ်ငွေစိန်က ကျိန်မယ်-ဟု ပြော၏။ သူတပါးပစ္စည်းကို မတရားယူလိုသော ဒေါ်ငွေစိန်တယောက် လောဘရမ္မက်ဖြင့် မမှန်မကန် ကျမ်းကျိန်သစ္စာ ဆိုလေသည်။

ကျမ်းကျိန်သစ္စာဆိုပြီး တလခန့်အကြာ ညဥ့်နက်ပိုင်းအချိန်တွင် ဒေါ်ငွေစိန်တို့အိမ်ကို မီးလောင်လေသည်။ သူတပါးဆီမှ မတရားအတိုးယူထားသော ပိုက်ဆံများ၊ ကျမ်းကျိန်သစ္စာဆိုပြီး ယူထားသော ရွှေထည်ပစ္စည်းများ၊ ရှိသမျှပစ္စည်းအကုန်လုံး မီးလောင်သည့်အထဲသို့ ပါသွားလေသည်။

သူတပါးပစ္စည်းကို မတရားလိုချင်သော ၀ိသမလောဘရမ္မက်သည် ဒေါ်ငွေစိန်တယောက်ကို ကောင်းကောင်းကြီး အကျိုးပေးလေ၏။ မတော်လောဘနှင့် မုသားစကားသည် အလွန်ကြေက်မယ်ဖွယ် ကောင်းလေသည်။

ကြည်ကြည်အေး
( မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

No comments: