Monday, May 17, 2010

မာဂဏ္ဍီ၏ အကြံဆိုး

တနေ့သ၌ နန်းတွင်းသူငါးရာတို့သည် ခုဇ္ဇုတ္တရာအား မြတ်စွာဘုရားကို ဖူးမြင်လိုပါသည်။ ဖူးမြော်ခွင့်ရအောင် ကြံဆောင်ပေးပါ-ဟူ၍ တောင်းပန်ကြ၏။
ခုဇ္ဇုတ္တရာသည် နန်းတွင်းသူများကို အပြင်အပသို့ ခေါ်ဆောင်သွားရန် မလွယ်။ ထို့ကြောင့် သူတို့၏ အိပ်ခန်းဆောင် နံရံများတွင် အပေါက်များ ဖောက်ပေးထား၏။ ကောသမ္ဗီမြို့တော်တွင်းသို့ ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းခံကြွ၍ ပြန်ကြွလာသောအခါ ထိုအပေါက်များမှနေ၍ နန်းတွင်းသူများအား ဘုရားကို ဖူးမြော်ကြည်ညိုစေသည်။

တခါသော် မိဖုရာမာဂဏ္ဍီသည် လမ်းလျှောက်ထွက်ရာတွင် သာမာဝတီတို့ အိပ်ခန်းနံရံများက အပေါက်များကို တွေ့မြင်သွားသည်။ အကျိုးအကြောင်း မေးမြန်းသည်။ နန်းတွင်းသူတို့သည် မာဂဏ္ဍီ၏ ရန်ငြိုးကို မသိကြ။ ဟုတ်တိုင်းမှန်ရာ ဖြေဆိုကြသည်။

သည်တွင် မာဂဏ္ဍီသည် ဘုရားရှင်နှင့်တကွ ဘုရားရှင်ကို ကြည်ညိုသူများကိုပါ ဒဏ်သင့်စေလိုသဖြင့် ဥတေနမင်းကြီးထံသို့ ၀င်ရောက်သည်။
အရှင်မင်းကြီး၊ သာမာဝတီ၏ အခြံအရံ မိန်းမတို့သည် ပြင်ပယောက်ျားတယောက်ယောက်ကို လိုလားတောင့်တနေကြပါသည်။ မကြာမီ အရှင်မင်းကြီး၏ အသက်ကို ရန်ရှာကြပါလိမ့်မည်-ဟု လျှောက်တင်၏။

မင်းကြီးက မယုံကြည်ပေး။ သုံးကြိမ်တိုင်တိုင် လျှောက်တင်သော်လည်း မယုံကြည်ပေ။ ထိုအခါ မာဂဏ္ဍီသည် ထိုအိမ်ခန်းများသို့ ဥတေနမင်းကြီးကို ပင့်ခေါ်၍ ပြသည်။ ဥတေနမင်းကြီးက မည်သို့မျှ အရေးမယူ။ လူတရပ်ထက် မြင့်ရာမှာသာ အပေါက်ဖောက်ကြရန် မိန့်ကြားလိုက်သည်။
မာဂဏ္ဍီသည် နန်းတွင်းသူများကို အပြစ်သင့်အောင် ပြုလုပ်၍ မရတော့သဖြင့် မြို့သူမြို့သားများကို လာဘ်ထိုးသည်။ မြို့တွင်းသို့ ရဟန်းဂေါတမ ဆွမ်းခံကြွလာလျှင် ရဟန်းဂေါတမကို လူအများ ဆဲရေးအောင်ပြုပါ။ ဤမြို့မှ ထွက်ပြေးရအောင် ခြိမ်းခြောက်စေပါလော့-ဟု စေခိုင်း၏။ ရတနာသုံးပါးကို မကြည်ညိုကြသူတို့သည် မာဂဏ္ဍီ၏ အလိုအတိုင်းပင် ဘုရားရှင် ဆွမ်းခံဝင်တော်မူသောအခါ အမျိုးမျိုး ဆဲရေးကြလေသည်။

ဤတွင် အရှင်အာနန္ဒာက မြတ်စွာဘုရားအား အရှင်ဘုရား- ဤမြို့သူမြို့သားများသည် ဆဲရေးကြ၏။ ခြိမ်းခြောက်ကြ၏။ ဤမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့သွှားသင့်ပါသည်-ဟု လျှောက်ထား၏။
ဘုရားရှင်က-အာနန္ဒာ ဤသို့ မပြုသင့်ပေ။ ဖြစ်ပေါ်လာသော အမှုအခင်းကို ဖြစ်ပေါ်ရာအရပ်၌သာ ငြိမ်းစေပြီးမှ အခြားနေရာသို့ သွားရာ၏။
အာနန္ဒာ မစိုးရိမ်လင့်၊ ထိုသူတို့သည် ခုနစ်ရက်တာမျှသာ ဆဲရေးနိုင်ကြကုန်လတံ့။ ရှစ်ရက်မြောက်သောအခါ နှုတ်ဆိတ်ကြကုန်လတံ့-ဟု မိန့်ကြားတော်မူသည်။ မိန့်ကြားတော်မူသည့်အတိုင်းပင် ရှစ်ရက်မြောက်သောအခါ ဆဲရေးခြိမ်းခြောက်သံများ တိတ်ဆိတ်သွားကြလေသည်။
( အပ္ပမာဒ၀ဂ် သာမာဝတီဝတ္ထု)

မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

No comments: