Sunday, May 2, 2010

နာနာဘာဝနှင့် ကြုံတွေ့သူ

မိမိတို့စိုက်ပျိုးထားသော သီးနှံပင်တို့၏ အောင်မြင်ဖြစ်ထွန်းမှုကိုကြည့်၍ ပီတိဖြစ်ရသည်မှာ တောင်သူဦးကြီးတို့၏ အရသာတမျိုးပင် ဖြစ်သည်။ ကျွန်တော်တို့ ကြက်သွန်စိုက်ပျိုးလာသည်မှာ နှစ်ပေါင်း ၆-နှစ် ၇-နှစ်ခန့်မျှ ရှိသွားပြီ။ ဟိုယခင်နှစ်များက ကြက်သွန်ကို အားသွန်ခွန်စိုက် မစိုက်ပျိုးကြပါ။ ပြီးခဲ့သော ၆-နှစ်အတွင်းမှစ၍ တရွာလုံးနီးပါးမျှ စိုက်ပျိုးကြသည်။ ကျွန်တော်တို့ရွာ၏ အနောက်ဘက်ရှိ ဧရာဝတီဖြစ်ကြီးသည် နတ်တော်၊ ပြာသိုလ်လများမှစ၍ ရေနည်းချိန်တွင် သဲသောင်များပြည့်နှက်လျက် မြစ်ကြိုးအင်းကြီးသဖွယ် ဖြစ်သည်။ ထို့ကြောင့် ကြက်သွန်စိုက်ပျိုးရန် အလွန်မှ သင့်တော်လှပါသည်။

ကြက်သွန်စိုက်ရာတွင် များသေားအားဖြင့် မြေဆီများကို ညနေခင်းများတွင် ပက်ဖျန်း၍ မနက်မိုးလင်းမှ ရေလောင်းကြသည်ချည်း ဖြစ်သည်။
ထိုနေ့က ကျွန်တော်သည် ကြက်သွန်ခင်းကို ဒုတိယအကြိမ် မြေဆီပက်ဖျန်း၍ မနက်မိုးလင်းမှ ရေလောင်းရန်ဖြစ်သည်။ ထို့ကြောင့် အိပ်ရာသို့ စောစောဝင်၍ နံနက်အချိန်ကို စောင့်မျှော်ရင်း အိပ်ပျော်သွားသည်။ နံနက် ၄-နာရီအချိန်တွင် နွားလှည်းသံများကြား၍ အိပ်ရာမှထပြီး စောစောရေလောင်းသွားရန် ပြင်ဆင်ပါတော့သည်။

ကျွန်တော်ရေလောင်းသွားစဉ် စောစောကအသံကြားရသော လှည်းများသည် ၁၀-တောင်ခန့်ရှိသော မြောင်းကူးထန်းသား တံတားလေးကို ကျော်ဖြတ်ရန် ရပ်နေသည်ကို တွေ့ရသည်။ ထိုစဉ် ရှေ့ဖျားဆုံးလှည်းသမားက ကျွန်တော့်ကိုမြင်၍ အံ့သြသွားသည်။

စောစောက လူတယောက် မြင်လိုက်တယ်ဗျာ။ ကျွန်တော်တို့က လမ်းမေးနေတာ၊ ဘာတခွန်းမှ ပြန်မပြောဘူး။
ဒါဆိုရင် ဟုတ်လောက်ပါတယ်ဗျာ။ လှည်းရှေ့ကလာပြီး ဖြတ်မလိုလိုနဲ့ ကို့ယိုကားယား လာလုပ်တယ်။
ထိုလှည်းသမားများအား စုံစမ်းကြည့်ရာ ဂန့်ဂေါကျေးရွာမှ လှည်းများဖြစ်ကြောင်း သိရပါသည်။ ကျွန်တော်သည် လှည်းသမားများကို လမ်းပြ၍ မိမိကြက်သွန်ခင်းရှိရာသို့ ဦးတည်၍ သွားပါတော့သည်။ နံနက် ၄-နာရီ ထိုးပြီးစ ၀ိုးတ၀ါးအချိန်တွင် ကြက်သွန်ပင်များကိုကြည့်၍ တဖျောဖျောနှင့် ရေလောင်း၍နေပါတော့သည်။

ထိုစဉ် မိမိ၏တောင်ဘက်စိုက်ခင်း ၃-၄ ကွက်အကျော်မှ ဖျော-ဖျော-ဖျောဖြင့် ရေလောင်းသံကြားနေရပါသည်။ ကျွန်တော်ကဲ့သို့ ရေလောင်းဟူသု ထင်မိသည်။ အသံကြားရာဆီသို့ ထပ်၍နားစွင့်ထောင်သည်။ ဖျော-ဖျော-ဖျော-ဟု ထပ်၍ ကြားရသည်။
မနေနိုင်ပါ။ အသံကြားရာဆီသို့ သွား၍ကြည့်ရာ ရေလောင်းနေသူ မဟုတ်ပါ။ ဆံပင်ဖားလျားဖြင့် အမျိုးသမီးတဦး ဖြစ်နေသည်။
စောစောစီးစီး ဒီအမျိုးသမီး ဘယ်သွားမှာလဲဟု စိတ်ထဲက ထင်မိသည်။
ကျွန်တော်နှင့် ၁၅-တောင်ခန့် ကွာမည်ဖြစ်သည်။ ကျွန်တော်ကြည့်နေစဉ် ကျွန်တော့အလစ်တွင် ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ကျွန်တော်သည် ကြက်သီးမွေးညင်းများ ထသွားသည်။ ထိုအမျိုးသမီးမှာ ရုတ်တရက် ဘွားခနဲပေါ်လာခြင်းမဟုတ်။ ပြူးပြဲ၍ ပြခြင်းမဟုတ်။ ထို့ကြောင့် ကြောက်စိတ်များကို ဖြေသိမ့်ကာ ကိုယ့်လမ်းကိုယ်သွား၊ သူများကို မနှောင့်ယှက်နဲ့-ဟု ရေရွတ်ကာ ရေလောင်းရန် မိမိအခင်းဆီသို့ ပြန်၍သွားပါသည်။

ကျွန်တော်သည် ဤကဲ့သို့ လူပုံသဏ္ဍာန် နာနာဘာဝများကို ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မျှ မြင်ဖူးသည်။ ညအချိန်များတွင် ဖြစ်ပါသည်။ ထိုအခါကျမှ ဒီပတ်ဝန်းကျင် တစ္ဆေခြောက်သည်ဟု ပြောကြသည်ကို ယုံကြည်မိပါသည်။

ဤကဲ့သို့ ကြုံတွေ့ပြီး ၁၄-ရက် ၁၅-ရက်ခန့်အကြာ တပေါင်းလဆန်း ၃-၄ ရက်ခန့်တွင် ရေ-လေ-မီး အစိုးမရဟု ဆိုသည်နှင့်အညီ ဧရာဝတီမြစ်ရေသည် တက်၍လာကာ ကျွန်တော်တို့စိုက်ပျိုးထားသော ကြက်သွန်ခင်းများကို ၀ါးမျို၍သွားပါတော့သည်။

လောကစည်းစိမ် ပစ္စည်းဥစ္စာများသည် ဘုံဆိုင်ပစ္စည်းဖြစ်သောကြောင့် ရေက ပိုင်ဆိုင်သွားလေပြီ။ တလခွဲကျော် နှစ်လနီးပါး ကြာသွားသည်။ ကြက်သွန်တို့ကို နုတ်၍မရပါ။ နုလွန်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သောကဖြင့် လက်ပိုက်ကြည့်ရှုနေရုံမှတပါး ဘာမျှ မတတ်နိုင်ပါ။ ထိုစဉ် မိမိတို့ရွာမှ မစန်းဌေးဆိုသူကို နာနာဘာဝက ၀င်ရောက်ပူးကပ်ပါတော့သည်။ မစန်းဌေးသည် ပြူးတူးပြဲတဲဖြင့် အရူးမကြီးသဖွယ် ဖြစ်နေပါတော့သည်။

ရွာမှလူများက ကြက်သွန်ခင်းရေမြှုပ်၍ ရူးပြီဟု ထင်ကြသည်။ မဟုတ်ပါ-
မစန်းဌေးနှင့် အိမ်နီးနားချင်းဖြစ်သူ ဦးစိန်ဝင်း+ဒေါ်မြရီတို့သည် ဘုရားတရား ကိုင်းရှိုင်းသူများ ဖြစ်ကြသည်။ ဘုရားဂုဏ်တော်များ၊ သမ္ဗုဒ္ဓေဂါထာတော်တို့ကို ရွတ်ဆို၍ သိမ်ဝင်ပုတီးဖြင့် မစန်းဌေးအား ပွတ်သပ်းပေးရာ ခဏမျှ သက်သာရာ ရသွားပါသည်။ ချက်ချင်းပင် မိမိတို့ရွာသား လည်ချင်းရွာနေ ကျောင်းထိုင်ဆရာတော် ဦးသောဘိတကို ပင့်၍ ပြသသည်။ မေးမြန်းစစ်ဆေးကြည့်သည်။ ဦးစိန်ဝင်း+ဒေါ်မြရီတို့ကလည်း မကြောက်မ၀ံ့ မေးမြန်းကြသည်။

ထိုအခါ နာနာဘာဝ ပူးကပ်နေသော မစန်းဌေးသည် ပြန်လည်ဖြေကြားသည်။
သူ၏အမည်မှာ မမြင့်မြင့်ရီ ဖြစ်ကြောင်း၊ ဘုရားဖူးသွားရင်း သင်္ဘောနစ်၍ သေဆုံးရကြောင်း၊ အမေနှင့်အတူ သင်္ဘောနစ်ရာ သူ့အမေ ဘယ်ရောက်မှန်းမသိကြောင်း၊ နေစရာမရှိ၍ ကြက်သွန်ခင်းများ ရှိသောနေရာတွင် နေရကြောင်း၊ မိမိရေနစ်စဉ် လက်ဝတ်ရတနာများ ပါသော်လည်း သူများ ချွတ်၍ယူသွားကြောင်း၊ သူ့ကို သိမ်ဝင်ပုတီးဖြင့် ပွတ်သပ်သည်ကို ကြောက်လှ၍ ဘေးကိုဖယ်နေရကြောင်း၊ လှည်းသမားများ ငါးဖမ်းလာသော ကလေးသူငယ်များနှင့် လူအချို့ကို ခြောက်လှန့်ဖူးကြောင်း၊ ဤရွာကလေးသည် သာယာလှသောကြောင့် ဤရွာတွင် နေလိုကြောင်း၊ သူမသည် ငယ်ရွယ်သူဖြစ်၍ ဆံပင်ဖားလျားချ၍ နေချင်ကြောင်း၊ သူမအား နေရာထိုင်ခင်းများ ပေးပါမည့်အကြောင်း အကြောင်းစုံ ပြောပြပါသည်။

ထိုအခါ ဆရာတော်ကြီးက တပေါင်းလပြည့်ကျော်မှာ ဘုရားပွဲရှိတယ်။ အဲဒီအခါ အမျှပေးဝေမယ်။ အခု ရွာက ပေါ်တော်မူဘုရားအနီးအနားတွင် သွားရောက်နေထိုင်ပါ-ဟု မိန့်တော်မူ၍ လွှတ်လိုက်ပါတော့သည်။
ထိုအခါ နာနာဘာဝသည် ခွါသွားပါသည်။ မစန်းဌေးသည်လည်း မူလအတိုင်း ပြန်ဖြစ်ကာ လန်းဆန်း၍ လာပါတော့သည်။
ထို့ကြောင့် နာနာဘာဝ-ခေါ် တစ္ဆေကို တွေ့ရှိပါက ကြောက်စရာမလို၊ မေတ္တာပို့ အမျှဝေလျှင် သူတို့ ဧကန်ဝမ်းသာကြမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

သံဒိုး (ပုဂံ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: