Monday, May 24, 2010

ဘာသာရေး ပြဿနာ ( ၁၅ )

( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည် )

(မေး) (လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်မူ)
အရှင်ဘုရား၊ ယခုခေတ်တွင် လူဝတ်ကြောင်ဖြင့် ရဟန္တာဟု၎င်း၊ တချို့က လူဝတ်ဖြင့် ရဟန္တာအဖြစ် အတော်ကြာကြာ နေပြီးမှ ရဟန်းဘ၀သို့ ပြောင်းလာခဲ့သည်ဟု၎င်း ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ လူဝတ်ကြောင်ဖြင့် ရဟန္တာအဖြစ် ရောက်ရှိခဲ့သော် ၁-ရက် (သို့) ၇-ရက် (သို့) မည်မျှကြာအောင် နေနိုင်သည်ကို၎င်း၊ လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်သူများကို၎င်း သာဓကအနေဖြင့် ထုတ်ပြဖြေဆို ပေးတော်မူပါဘုရား။
(ကိုခင်မောင်သက်-မကွေး)

(ဖြေ)
လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်လျှင် လူဝတ်အစားဖြင့် တရက်သာနေနိုင်ပြီး ပရိနိဗ္ဗာန်စံရပါသည်။
ရှင်ရဟန်းပြုလျှင်ကား သက်တမ်းရှိသမျှ နေနိုင်ပါသည်။
ထိုအကြောင်းကို အံ-ဋ္ဌ ၁-၂၆၆ ခေမာထေရီဝတ္ထုနှင့် ဇာတ်တော် အမှတ် ၂၆၄၊ မဟာပနာဒဇာတ် အဋ္ဌကထာတို့တွင် အထင်အရှား ပြဆိုပါသည်။

ပညာဧတဒဂ်ရ ခေမာထေရီသည် ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီတပါး ဖြစ်သည်။ အလှမာန်ကြီးလှသဖြင့် ရုပ်ဆင်းအင်္ဂါတို့၌ စက်ဆုပ်ဖွယ်အဖြစ် ဟောကြားသော ဘုရားရှင်ကို မဆည်းကပ်ခဲ့ပေ။ တရက်တွင် ဗိမ္ဗိသာရမင်း၏ အစီအမံဖြင့် တနေ့ ဝေဠုဝန်ဥယျာဉ်သို့ ရောက်သွားပြီး တရားနာရာ ဘုရားရှင်သည် နတ်သမီးတမျှ လှပသော အမျိုးသမီးငယ်လေး ယပ်ခတ်ပေးနေဟန်အဆင့်ဆင့် သေသည်အထိ ဖန်ဆင်းပြ၍ ဟောကြားရာ ခေမာမိဖုရားသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအမျိုးသမီး ချက်ချင်းဖြစ်လေ၏။

ထိုသို့ လူဝတ်အစားဖြင့် ရဟန္တာအသွင်သို့ရောက်ရှိသောသူသည် တံဒိဝသမေ၀-ထိုနေ့ချင်းပင်၊ ပနိဗ္ဗာယိတဗ္ဗံ ၀ါ- ပရိနိဗ္ဗာန်သော်လည်း ပြုအပ်၏။ ပဗ္ဗဇိတတဗ္ဗံ ၀ါ-ရှင်ရဟန်းသော်လည်း ပြုအပ်၏-ဟု ဆို၏။
ခေမာမိဖုရားသည် နန်းတော်သို့ပြန်၍ ရဟန်းပြုခွင့်တောင်းရာ ဗိမ္ဗိသာရမင်းက ရွှေထမ်းစင်ဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့စေ၍ ရဟန်းအမျိုးသမီး ပြုစေ၏။

မဟာပနာဒဇာတ်တွင်လည်း ဘဒ္ဒိယသူဌေး၏ သားသည် ဘုရားရှင်၏တရားကိုနာရ၍ လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဖြစ်လေ၏။ ထိုအခါ ဘုရားရှင်က သူဌေးကိုခေါ်၍ သင့်သားသည် ရဟန္တာအဖြစ်သို့ရောက်ပြီး အဇ္ဇေ၀-ယနေ့ပင်လျှင်၊ ပဗ္ဗဇိတုံ ၀ါ-ရဟန်းပြုခြင်းငှါ၎င်း၊ ၀ဋ္ဋတိ-သင့်၏-ဟု မိန့်ကြားရာ သူဌေးကြီးက တပည့်တော်၏သား ပရိနိဗ္ဗာန်မပြုစေလို၊ ရဟန်းပြုပေးပါ။ မနက်ဖြန် တပည့်တော်၏သားကို ခေါ်၍ တပည့်တော်တို့ အိမ်သို့ ကြွပါ-ဟု လျှောက်၍ ရဟန်းပြုပေးရ၏။
ရဟန်းပြုခွင့်မရသော သန္တတိအမတ်ကြီး၊ သုဒ္ဓေါဒနမင်းကြီး၊ ဗာဟိယဒါရုစိရိယ စသည်တို့ကား ရဟန္တာဖြစ်သောနေ့မှာပင် ပရိနိဗ္ဗာန် စံရကုန်၏။
********************************************************************************

(မေး) (အရဟံဂုဏ်တော် သုံးမျိုး)
အရှင်ဘုရား၊ ဂါထာတခုတွင် အရ+ဟံ၊ အ+ရဟံ၊ အရဟံ ဟု တွေ့ရပါသဖြင့် ရွတ်ပုံမရှင်းလင်း၍ ဖြေကြားပေးတော်မူပါဘုရား။
(ဇင်မာဦး-စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)

(ဖြေ)
သုံးမျိုးစလုံး ရွတ်ရမည်။ သူ့အဓိပ္ပါယ်နှင့်သူ ပုတီးစိပ်ကြ၊ ဘုရားရှိခိုးကြသည်ကို အသုံးများကြသဖြင့် ပုတီးစိပ်၊ ဘုရားရှိခိုးနိုင်ရန် ထည့်သွင်းပေးလိုက်ပါသည်။

(အရဟံဂုဏ်တော် ၃-မျိုး ပုတီးစိပ်နည်း)
(၁) အရဟံ-ဟူသောပုဒ်သည် သူ့အတိုင်းထားလျှင် ကိလေသာတို့မှ ဝေးသည်-ဟူသော အနက်၊ အပူဇော်ခံထိုက်သည် ဟူသောအနက် တို့ကို ပြ၏။
(၂) အရ+ဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ကိလေသာရန်သူတို့ကို သတ်သည်ဟူသော အနက်ကို ပြ၏။
(၃) အ+ရဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ဆိတ်ကွယ်ရာ၌သော်ပင် မကောင်းမှုကို ပြုလေ့မရှိ ဟူသောအနက်ကို ပြ၏။

၂။ အရ=ရန်သူ (ကိလေသာရန်သူ) ကို၊ ဟံ=သတ်ဖြတ်တတ်၏။
၃။ ရဟ=ဆိတ်ကွယ်ရာ။ အ=မရှိ။

( မူလလက်ရိုး ဘုရားရှိခိုး)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အရဟတော-တထောင့်ငါးရာ၊ ကိလေသာတို့မှ ၀ါသနာနှင့်အတူ ဝေးတော်မူ၍၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ၀ပ်စင်းတူပျော် အလှူတော်မှန် အပူဇော်ကို ခံထိုက်သောကြောင့် အရဟံ-ဆိုတဲ့ဂုဏ်တော်။
ကိလေသာမာရ်၊ ကိုယ်တွင်းရန်ကို၊ လေးတန်ဉာဏ်မဂ်၊ စိန်သန်လျက်ဖြင့်၊ တွဲလျက်ဝါသနာ၊ သတ်ပစ်ပါ၍၊ သံသရာဘီး၊ အ၀ိုင်းကြီးကို၊ ဖျက်ဆီးခုတ်ထွင်၊ သုတ်သင်ပြီး ဖြစ်သောကြောင့် အရ+ဟံ ဆိုတဲ့ဂုဏ်တော်။
လူသူရှေ့နား၊ မဆိုထားနှင့်၊ တပါးတည်းသာ၊ ဆိတ်ကွယ်ရာ၌ပင်၊ ဘယ်ခါဘယ်ကြောင်း၊ မငဲ့စောင်းဘဲ၊ မကောင်းအမှု၊ အပေါင်းစုကို၊ မပြုဝေးစေ၊ ရှောင်ကြဉ်၍နေသောကြောင့် အ+ရဟံ ဆိုတဲ့ဂုဏ်တော်။
ဤသို့ဖော်ကျူး၊ ဂုဏ်တော်ထူးနှင့် ပကတူးစေ့ငုံ အထူးပြည့်စုံတော်မူသော။

သမ္မာသမ္ဗုဒ္ဓဿ-မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ငါးတန်ဉေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် သိမြင်တော်မူထသော။
တဿ ဘဂ၀တော-ဣဿရိယ၊ ဓမ္မ+ယသ၊ သိရီ+ကာမ၊ ပယတ္တဂုဏ်တော် ဘုန်းခြောက်စုံတို့နှင့် ကုံလုံတော်မူသား ထိုမြတ်စွာဘုရားအား။
နမော-ရိုသေမြတ်နိုး မာန်ညွတ်ကျိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့လိုက်ရခြင်းသည် (အတ္ထု-ချမ်းသာအမျိုးမျိုး ကောင်းကျိုးအဖြာဖြာ မင်္ဂလာအခန်းခန်း စန်းလက်အထွေထွေ ကျက်သရေအခင်းခင်း ပြည့်စုံတင်းဖို့ မယွင်းမသွေ တကယ်တမ်း ဖြစ်ပါစေသတည်း။
********************************************************************************

(မေး) (ကိလေသာ ဆယ်ပါး)
အရှင်ဘုရား ကိလေသာ ၁၀-ပါးကို နှစ်မျိုးတွေ့ရပါသဖြင့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
တွေ့ရပုံမှာ
(က) လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ=၁၀ ပါး။
(ခ) အနာဂါမ်ပယ်သတ်သည့် ကိလေသာ=ကာမ၊ ရာဂ၊ ဗျာပါဒ၊ ၃-ပါး။
ရဟန္တာပယ်သတ်သည့် ကိလေသာ=ကြွင်းသော လောဘ၊ မောဟ၊ မာန၊ ထိန၊ မိဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ=၇ပါး အမျိုးမျိုးတွေ့နေရ၍ နားမရှင်းပါဘုရား။
(မအေး-ရန်ကုန်)

(ဖြေ) ကိလေသာ ၁၀-ပါးအမှန်မှာ
(က) စာရင်းအတိုင်း တမျိုးသာရှိပါသည်။ ဒကာမလေး မအေးမှာ အဘိဓမ္မာကို အနည်းအကျဉ်းမျှ သင်ကြားလေ့လာဖူးခြင်း မရှိသည့်အတွက် နားမရှင်းခြင်းဖြစ်ပါသည်။
(ခ) စာရင်းမှာ ဒကာမလေး မအေး ယူဆသလို ကိလေသာ ၁၀-ပါး မပြည့်ပါ။ ကာမနှင့် ရာဂကို တခုစီ မယူရ။ တခုတည်းသာ ဖြစ်၏။ ကာမအာရုံကို နှစ်သက်သည့် (လောဘ) ကိုသာ ကောက်ယူရသည်။
ဗျာပါဒမှာ ဒေါသ၏ မူရင်းအမည်သာ ဖြစ်သည်။ ပရိယာယ်တမျိုးဖြင့် ဟောပြောခြင်းဖြစ်ပါသည်။ ကိလေသာစာရင်း ထိန မပါဝင်ပါ။

(ခ) စာရင်း ကိလေသာပယ်စဉ်အရ မှတ်မည်ဆိုလျှင်-
(၁) သောတာပန်၊ သကဒါဂါမ်သည် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ကိလေသာ ၂-ပါးကို ပယ်၏။
(၂) အနာဂါမ်သည်-ကာမဘုံက (လောဘ) နှင့် ဒေါသကိလေသာ ၂-ပါးကို အပြီးပယ်သည်။
(၃) ရဟန္တာသည် ရူပ-အရူပဘုံက (လောဘ)နှင့် မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ကိလေသာ ၇-ပါး။ စုစုပေါင်း လောဘနှစ်မျိုးကို တမျိုးသာယူ၍ ၁၀-ပါးဖြစ်၏။

အဘိဓမ္မာ သဘာဝတွေကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် ကမ္ဘာအေး သာသနာရေးဦးစီးဌာန သင်တန်းများနှင့် မင်္ဂလာဗျူဟာစသည့် နီးစပ်ရာ အဘိဓမ္မာသင်တန်းများသို့ အားလပ်လျှင် သင်ကြားနာယူရန် တိုက်တွန်းပါသည်။
*********************************************************************************

(မေး) (မဂ် သုံးပါး)
အရှင်ဘုရား၊ တပည့်တော် ပထမကြီးတန်း သင်စဉ်က ဓမ္မာစရိယတန်း ဦးပဉ္စင်းတပါးနှင့် စာဆွေးနွေးဖူးပါသည်။ မဂ္ဂေန မဂ္ဂံ ပဝေသေတိ အာပတ္တိပါရာဇိကဿ-ဟု ဆိုသဖြင့် မဂ်က မုခ (ခံတွင်း) မဂ်။ ပဿာဝ (ကျင်ငယ်ပေါက်) မဂ်။ ၀စ္စ (ကျင်ကြီးပေါက်) မဂ်။ ဟု မဂ် သုံးမျိုးရှိရာ မဂ္ဂေန-မဂ်တခုဖြင့်၊ မဂ္ဂံ-မဂ်တခုကို၊ ပဝေသေတိ-မှီဝဲ၏။ သွင်း၏။ အာပတ္တိပါရာဇိကဿ-ပါရာဇိကအာပတ် အပြစ်သင့်၏ဟု ဆိုသဖြင့် မုခမဂ် ခံတွင်းအချင်းချင်း မှီဝဲလျှင် ပါရာဇိကကျသည်ဟု ထင်ပါသည်။ ဓမ္မာစရိယ ဦးပဉ္ဖင်းက မကျဟု ဖြေပါသည်။ နားမရှင်း၍ ကျမ်းဂန်အထောက်အထားနှင့် ရှင်းပြပေးတော်မူပါဘုရား။
(အနန္ဒ-စကားဝါမြေ)

(ဖြေ)
ပါရာဇိကပါဠိ နှာ၄၁၊ ၀ိ-ဋ္ဌ ၁-၂၃၃ ၌ အမျိုးသမီး၏ မဂ်သုံးခုလုံးနှင့် အမျိုးသား၏ ၀စ္စမဂ်၊ မုခမဂ်၊ ၂-ခုတို့၌ ရဟန်း၏အင်္ဂါဇာတ်ကို ထည့်ြုခင်း သွင်းခြင်းသည် ပါရာဇိကကျ၏။
ရဟန်း၏ အင်္ဂါဇာတ်ဟု အတိအကျဆိုပါသည်။
မုခမဂ်-အချင်းချင်းမှာ သံဃာဒိသိသ် အာပတ်မျှသာ သင့်ပါသည်။
တဖန် ပဿာဝမဂ်ဖြင့် ၀စ္စမဂ်၊ ၀စ္စမဂ်ဖြင့် ပဿာဝမဂ် အချင်းချင်း မှီဝဲသော် ပါရာဇိက ကျသည်ပင်။
မုခမဂ်ဖြင့် ပဿာဝမဂ်ကို မှီဝဲသော် ထုလ္လစ္စည်းအာပတ် သင့်ပါသည်။
********************************************************************************

(မေး) (လူထွက်၍ ခေါင်းတုံးရိတ်မှု)
အရှင်ဘုရား၊ ယခုအခါ ရှင်သာမဏေ၊ ရဟန်း ဦးပဉ္ဖင်းအဖြစ်ဝတ်ပြီး လူဝတ်ကြောင်ဘ၀သို့ ပြောင်းသောအခါ ရဟန်း၊ သာမဏေဘ၀ဖြင့် ရှိခဲ့သော ဆံပင်ကို လူ့ဘ၀သို့ မပါကောင်း၊ ခေါင်းတုံးပါလျှင် ငရဲကြီးသည်ဟု ဆိုပါသည်။ ထို့ကြောင့် လူထွက်လျှင် ခေါင်းတုံးပြန်ရိတ်ကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ အကျိုး ရှိ-မရှိ၊ မပြုလုပ်လျှင် ငရဲ ကြီး-မကြီး အထောက်အထားနှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။
( ဟိန်းထက်ဝင်း-အင်းစိန်)

(ဖြေ)
အကျိုးလည်း အထူး မရှိ၊ ငရဲလည်း မကြီးပါ။ အလုပ်အပိုသာ ဖြစ်ပါသည်။
********************************************************************************

(မေး) (ကုသိုလ် ရ-မရ)
အရှင်ဘုရား၊ သံဃာဒိသိသ်သင့်သော ရဟန်းသည် မကုစားဘဲ သာသနာ့ဘောင်၌ စာပေသင်ကြားပို့ချခြင်း၊ ဘုရားရှိခိုးခြင်း အစရှိသော ကုသိုလ်အမျိုးမျိုး ကြိုးစားလုပ်သော်လည်း ထိုက်တန်သော ကုသိုလ် ရ-မရနှင့် သံသရာ၌လည်း ၄င်းကုသိုလ်ကျိုးတရားတို့ကို ရရှိခံစားနိုင်-မခံစားနိုင်ကို ဖြေကြားပေးတော်မူပါဘုရား။
(အရှင်ဉာဏ၀ံသ-မိတ္ထီလာ)

(ဖြေ)
ရရှိနိုင်ပါသည်။ ခံစားနိုင်ပါသည်။ သို့သော် သံဃာဒိသိသ်အာပတ်များသည် ဂရုကအာပတ်များဖြစ်၍ အခွင့်ရလျှင် ရသလို ကုစားမည်ဟူသောစိတ်ကို အမြဲရှိစေ၍ ကုစားဖို့ ကြိုးစားရန် ဖြစ်ပါသည်။

(မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

No comments: