Friday, May 7, 2010

ရင်ကျပ်ရောဂါဆေး ခက်လား-မခက်လား

ကျွန်တော် ခဏ ခဏ အမေးခံရတာရှိသည်။ ခင်ဗျား တောဆေးအစုံတွေ လေ့လာရေးပြီး ရင်ကျပ်ဆေးတော့ မတွေ့မိသေးပါလား-ဟု ခဏ ခဏ အမေးခံရတတ်နေပါသည်။ ဒါကို အချင်းချင်းတွေ ခဏ ခဏ ရှင်းရသလိုကို ဖြစ်သည်။ ရင်ကျပ်ဆေးက အင်မတန်ကို များပါသည်။ ကျွန်တော်သိသည့်ဆေးအတွက်က နည်းနည်းပြောခက်လို့ ဖြစ်ပါသည်။ အမှားမခံသည့်ဆေး။

ပြီး ရင်ကျပ်ဆေးတွေကလည်းများ မျိုးစုံကို သိရ၊ ကြားရခြင်းဖြစ်သည်။ ရင်ကျပ်ကလည်း အပေါ့စား၊ အပြင်းစားလို့ ကွဲသားဖြစ်သည်။ အပြင်းစားက ရောဂါထလာလျှင် အောက်ဆီဂျင်ရှူနိုင်မှ သက်သာတာမျိုး ဖြစ်သည်။ ကျွန်တော် ရင်ကျပ်ကိစ္စ လျှောက်ကြည့်သားအရကား ဘ၀ဆန်းပြားတာများ မြင်တွေ့သိရှိရဖူးသည်။

ညအချိန်မတော်ကျမှ ရောဂါထတော့ ရှူးရေးကိစ္စ ဒုက္ခများသည်ပေါ့။ နယ်မှာတွေ့ပါသည်။ ဒီလိုဖြစ်တာ ဘာလုပ်မှတ်သလဲ။ ပြင်းထန်တဲ့ရောဂါသမားတွေ ညအချိန်မှာ ဆေးရုံခိုတာ လုပ်တာပဲဖြစ်သည်။ ဒုက္ခကြီးရရှာသည့် ရောဂါအမှန်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေတဦးကတော့ ပိုထူးသွားပြီး အပြင်ကိုထွက်ခဲ့ပြီး အမြဲလဲ ဘူးတပ်၍ ရှူနေသူဘ၀ ကျရောက်နေရှာတာ ဖြစ်သည်။ သိပ်မကြာခင်က အိမ်နားခဏလာနေသူတဦး အမြဲဘူးတပ်၍ နေရတာကို မြင်ဖူးလိုက်ရပါသည်။ ဒုက္ခကြီးလှသည့် ဘ၀ဖြစ်ရတော့သည်။

ဤရောဂါက ပျောက်ချင်တော့လည်း မထင်တာ ၀င်နှောလို့ ပျောက်တာလည်း တွေ့ဖူးရပြန်သည်။ ဦးသန်းဆွေ မျက်လုံးဆေးဆိုတာကို တဦးသောက်နေတာကို အသက်ကြီးကြီး ဒေါ်ကြီးတဦးက နည်းနည်းယူသောက်သည်။ သူ့ကျတော့ ထူးပြီး မျက်လုံးဆေးက ရင်ကျပ်ပျောက်ဆေး ဖြစ်သွားပြန်လေတော့သည်။ ကြီးဒေါ်ကြီးကိုယ်တိုင်က ကျွန်တော့်ကိုပြောပြရာ ကိုယ့်အတွက် စဉ်းစားစရာ ဖြစ်ခဲ့ရသည်။ သူက ငါ့ဟယ် နင် သိတယ်မဟုတ်လား။ ရင်ကျပ်စွဲနေခဲ့တာဟာ နှစ်လေးဆယ်ရှိပြီလေ။ တသက်လုံး ဒုက္ခရောက်နေတာပဲ။ မတည့်တဲ့အစာ စားမိရင် တဟုန်းဟုန်းဖြစ်ပြီး လူလဲ ကုန်းဆင်းသွားတာပဲ။ ၀ဋ်ခံနေရတာပဲ။ ခုပျောက်ချင်တော့ ၀ဋ်ကျွတ်ချင်လို့လား မသိဘူး။ မဆိုင်တာစားမိပြီး ပျောက်ရတယ်။

ဒိုး။ ဘာစားမိတာလဲ ခင်ဗျ။

ဆေးတော့ ဆေးပဲ။ မျက်လုံးဆေး ဟဲ့။ ငါ့ဘေးက အဒေါ်ကြီးစားတာ ငါ ယူစားလိုက်တာ။ ဘယ့်နှယ်ဖြစ်မှန်းမသိဘူး။ ရင်ကျပ်က လုံးလုံးကို မနှောက်တော့ဘဲ အခု ပျောက်ပါရော။
ဒါကတော့ ဘယ်လိုသုံးသပ်ပြီး ဘာကိုလွှဲချပြောရမှန်းပင် မသိအောင်ကို ဖြစ်သည်ပဲ။

ဆိုးဝါးသည့် ရင်ကျပ် အချို့မှာ ငှက်ပျောသီးဓာတ်စာနှင့် ပျောက်တာကိုလည်း တွေ့ကြုံရဖူးပါသည်။ တဦးကဆိုလျှင် သံလွင်ဆီလိမ်း၍ ပွတ်၍ စောင်ခြုံကာ နှစ်ခါ သုံးခါ အိပ်သည်နှင့် ပျောက်သူကိုလည်း တွေ့ဖူးသည်။ မိန်းကလေးဖြစ်သည်။ မွေးရာပါလိုဖြစ်သည့် အနေက ပျောက်တာဖြစ်သည်။

ကျွန်တော်စွဲသည့်ဆေးကား အလွန်လွယ်ပါသည်။ ကျွန်တော့နည်းနှင့် ပျောက်ကြတာတွေ ရှိပါသည်။ သူက အဓိကဆေးမယ်က နနွင်းခါး ဖြစ်နေရာ အခန့်မသင့်လျှင် အန္တရာယ် လွန်စွာများတာမို့ လူတိုင်းအား ပြောရခက်သား ဖြစ်နေခဲ့ပါသည်။

အထိန်းအကွပ်နဲ့ သုံးတတ်ရသည့်ဆေးမယ်များတွင် နနွင်းခါးမှာ ထိပ်တန်းစား ဖြစ်နေလေပါသည်။ ဘုမ္မရာဇာတို့၊ နနွင်းခါးတို့၊ ဆင်တုံးမနွယ်တို့၊ ၀ါဇီကရဏတို့၊ နံ့သာနီတို့၊ နွယ်ချိုတို့ စသည်စသည် ဆေးမယ်တို့မှာ အထိန်းအကွပ်မပါဘဲ မသုံးရဲသည့် အနေအထားဆေးမယ်များ ဖြစ်ပါသည်။ နနွင်းခါး၏ အပြင်းဓာတ်ကို ပျားရည်ဖြင့် ထိန်းတတ်ရပါသည်။ ခက်တာက ပျားရည်လည်း အချိန်အကန့်အသတ်ရှိကြတာကို သတိပြုမိကြဖို့ ဖြစ်ပါသည်။

ပျားရည်ခြောက်ခန်းခြင်းတို့၊ ဓာတ်ပျောက်ဓာတ်ဖောက်ခြင်းတို့ ဖြစ်ပြီဆိုလျှင် သူ့ထိန်းထားသည့် နနွင်းခါးမှာ သေဆေးပမာ ဖြစ်သွားရတတ်တာကို သတိပြုမိသူ နည်းလှပါသည်။ ထို့ကြောင့် ကျွန်တော်သိသည့် နနွင်းခါးဆေးမယ် ရင်ကျပ်ပျောက်ဆေးဆိုတာကို တော်ရုံတန်ရုံ မပြောသာဖြစ်ရပါသည်။ အခုပြောရဖို့ ဖြစ်လာပြန်တော့သည်။ လေရှည်ကာ လမ်းတွေခင်းကာ ပြောနေရပါချေတော့သည်။

နနွင်းခါးဓာတ်ဆိုတာ ဘယ်မျှပြင်း မှတ်သနည်း။ သူ့ဖောက်လျှင် ကင်ဆာရောဂါလိုတောင် ရောက်လာသည်ပဲ။ သူ့ကို မသုံးတတ်လို့ ဒုက္ခရောက်သူက များလှပြီပဲ။ ထို့ကြောင့် နနွင်းခါးနှင့် ပတ်သက်သော ဆေးကိစ္စ ပြောရပြီဆိုလျှင် အသေအချာကို ခွဲပြောရပါသည်။ အသို့နည်း-နနွင်းခါးနော်၊ ရိုးရိုးနနွင်းနော်၊ နနွင်းခါး သွားမမှားစေနဲ့နော်-ဟု ကျနသေချာ မှာကြားရပါသည်။

ကဲ ပြောရဦးတော့မည်။ လက်စနဲ့ ရှင်းပြပါဦးမည်။ ကျွန်တော့ဇနီးဖြစ်သူ မတင်တင်အေးပါခင်ဗျား။ အသက် ၇၆-နှစ်ပါ။ တနံနက်စောစောကြီးမှာ အထိန်းဓာတ်အားကုန်နေသည့် နနွင်းခါးဆေး သွားစားမိလိုက်ရာ တခါတည်း ငွေကျပ်သိန်း ၂၀-ကျော်၊ သိန်းအစိတ်ဗျား ချောပါလေရောလား။ မအံ့မလန့်နဲ့၊ ဟိုတနှစ်က ဖြစ်တာပဲ။

ကျွန်တော်က အရုဏ်ဆွမ်းချက်အမီဆိုပြီး သုံးနာရီ လေးဆယ့်ငါးမှာ ထလေ့ရှိရာ သူ လေးနာရီလောက်မှာ လိုက်ထပြီး ဘုရားစာတွေ ရွတ်နေတတ်မြဲ ဖြစ်ပါသည်။ ကိစ္စများမည့်နံနက်ကတော့ ခါတိုင်းလိုပဲ ထရင်းသားမှာ အနားမှာရှိသည့် ဆေးကို စိတ်ဆာကာ သူ ကောက်မျိုမိပါသည်။ ခါတိုင်းလည်း တခါတခါမှာ ဒီလို မြန်မာဆေးကို သူမျိုတတ်မြဲပဲ ဖြစ်သည်။ ဆေးက နနွင်းခါးဖော်ထားသည့်ဆေးပါတည်း။

တခါ တခါလိုလဲ နေ့တိုင်းသောက်တော့ ဒီဆေးက မဖောက်ဘဲ ဒီနေ့ကျတော့ ကောက်ခနဲ ချောက်ချပါလေတော့ သည်။ စားလိုက်နနွင်းခါးက အထိန်းဓာတ်အား ကုန်နေသည်နှင့် ကြုံနေပါလေပြီ။ ဒီတော့ နံနက်ကြီး အစာမရှိဘဲ စားတာ ဓာတ်ဖောက်တာ တအားကြီး အန်ပါလေတော့သည်။ ဆက်တိုက်ကြီးအန်တာက လူမခံသာအောင်ကို ဆက်တိုက်အန်လျက် အန်ဆေးကျွေးသလိုကို ဖြစ်တော့ရာ ကိုယ်တွင်းဓာတ်တမျိုး ဖောက်ပါလေတော့သည်။ အအန်ဓာတ်၏ ကြမ်းတမ်းမှုကြောင့် သာမန်မှာ သွေးတိုးမရှိဘဲ မဟားဒယားကြီး သွေးပါတိုးချေပြီ။ ဖြတ်လမ်းဝင်ပြန်ပါတော့သည်။

ဘာလုပ်မည်နည်း။ ဆရာဝန်အပြေးခေါ်တာပဲ ဖြစ်သည်။ ရင်းနှီးသည့် ဒေါက်တာဒေါ်ခင်မေသွယ် မြန်စွာ ရောက်လာပါပြီ။ သွေးတိုင်းစမ်းသပ်တွေလုပ်အပြီး ဘာအစားမှားသလဲ-မေးပါသည်။ နံနက်အစောကြီးမှာ ဘာအစားမှားသနည်း။ ဆေးစားမှားတာပဲ ပြောဖို့ရှိသည်။ လူမမာက ပြင်းထန်သွားလိုက်သည်မှာ စကားမပြန်နိုင်ဖြစ်ပြီ။

အအန်လွန်ပြီး တအားသွေးတက်နေကုန်တာကို သွေးကျအောင် လုပ်ရသည်။ မွန်းတိမ်းပိုင်းမှာ အတန်ဟန်ကျ၍ သွေးကျသည်။ သို့သော်တဲ့ ညနေပိုင်းအရောက်မှာ တအားဖောက်ပြီး အပြင်းအထန် အန်ပြန်လေသည်။ အန်ခြင်းနှင့် အတူတူ သွေးတက်မှုပြင်းတော့ရာ ဒေါ်ခင်မေသွယ် လာတိုင်းချိန်မှာ ၂၃၀း၁၁၅ ဖြစ်နေတော့ရာ အမြန်အဆန် ဆေးရုံကြီးပို့ရန် ခိုင်းစေပါတော့သည်။

လမ်းမှာ ညနေရုံးဆင်းချိန် ကားကျပ်ပြီး လူနာမှာ ပိုဆိုးပြီ။ ညာတခြမ်းသေကာ မျက်လုံးက ညာတလုံးဘယ်တလုံး စောင်းထွက်သွားပြီး တက်သလို နှစ်ခါ သုံးခါဖြစ်ကာ လုံးလုံး အသေပမာ သတိလစ်သွားပါတော့သည်။ ဒီလိုအချိန်မှာ မင်းဘ၀နဲ့ ငါ့ဘ၀လို့ နှုတ်ဆက်ကြရဖို့ပဲ ဖြစ်သွားသည်။

ခုလိုအခြေအနေကနေ ယနေ့အနေအထား ပြန်ရောက်ရသည်မှာ ၁၇၊ ၁၈ မှ ပါမောက္ခဆရာဝန်ကြီး ဒေါ်ခင်ရဲမြင့်နှင့် ဆရာကြီးများ ကြိုးစားပေးကြလို့ ဖြစ်တော့သည်။ တော်တော်ကို နေ့ညလုပ်ယူခဲ့ကြသည်။ ဒါ ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာကို အထက်မှာ ပြောပြခဲ့ပြီးပြီနော်။ ကျွန်တော်မြင်သမျှက ဓာတ်ပြင်းသည့် ဆေးအသုံးမှားလျှင် ဘယ်လိုအထိ ဖြစ်သွားတတ်သည်ကို လက်တွေ့ဖြစ်ကာ တော်တော်ကိုလဲ အလျော်အစား များသွားခဲ့ရတာ ဖြစ်တော့သည်။ ဒီလိုတွေလဲ အတွေ့အကြုံတွေ ရှိနေလို့ပဲ ဖြစ်တော့သည်။ အခု ကျွန်တော် မြန်မာတောဆေးများ လေ့လာမှတ်သားပြီး ကြိုးစားရေးသားခဲ့ရာ၌ အသေအချာ အကျအန စိတ်ချလက်ချ ဖြစ်အောင် ကြိုးစားဆောင်ရွက်မှုတွေ ရှိပြီးမှ စာအဖြစ် တင်ပြရေးရပါသည်။ အခါအားလျော်စွာပဲ ကျွန်တော့်ကိုယ်ကျွန်တော် ဆေးစမ်းခဲ့တာများလဲ ပြောကြားပြီးဖြစ်သည်။ ဓာတ်ပြင်းသည့်ဆေးများဆို သတိပေး၍ ရေးရပါသည်။ နံ့သာနီကိစ္စဆို ကျွန်တော် အတော်သတိထားရေးကာ သူ့ထိန်းသည့် ဆန်ဆေးရေမပါဘဲ လုံးလုံးကို မသုံးနှင့်ဟု ပြောလည်းပြော၍ ရေးလည်းရေးသည်။ ဆီးချိုသွေးချိုရောဂါအတွက် နံ့သာနီကို ဆန်ဆေးရည်မပါ သုံး၍ လူတဦး နှစ်ဦးကို ကျွန်တော်အတော်ပြောခဲ့ရသည်။ အန္တရာယ်ကို သူတို့ မသိ။

တခုလည်း ပြောရဦးတော့မည်။ ဆင်တုံးမနွယ်လည်း အထိန်းမပါဘဲသုံးက ဒုက္ခကြုံရတတ်ပါသည်။ ကျွန်တော်တို့က ဆင်တုံးမနွယ်ကို ဆန်ဆေးရည်ဖြင့် အစေးမနှိမ်လိုက်မိဘဲ ရေဖြင့်သုံးလိုက်ရာ အူလမ်းကြောင်းကနေ စအိုဝအထိ အစေးများဆင်းကာ ဆင်တုံးမနွယ်အစေးများ လောင်ရာတွင် သတိကြီးစွာဖြင့် ကုသမှု ပြုလိုက်ရပါသည်။ ဒီလိုဤလို ကိုယ်တွေ့ကြုံပြီးပြီ။

အခုလည်း ရင်ကျပ်ကိစ္စပြောတိုင်း နနွင်းခါးကိစ္စပါတော့ရာ သတိဝီရိယဖြင့် လုပ်ရကိုင်ရ ထိန်းရကိစ္စ ဖြစ်ပြန်ပါသည်။ နနွင်းခါးကို ပျားရည်ဖြင့် ထိန်းကွပ်၍ သုံးကြရရာ ပျားရည်သည် နနွင်းခါးမှာ အစဉ်မတည်ဘဲ အချိန်ကြာမြင့်မှုအရ ဓာတ်ပြောင်းခြင်း၊ ဓာတ်ခန်းခြောက်ခြင်းကြောင့် နနွင်းခါးမှာ အန္တရာယ်ဖြစ်ဖွယ်ရောက်၍ ဒုက္ခပေါက်လာတတ်တော့တာကို အဲ ကျွန်တော့ဇနီး မတင်တင်အေး အဖြစ်က သက်သေပြခဲ့ပြီးပါပြီ။

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဦးဟိန်းလတ်က ကျွန်တော် ရင်ကျပ်ဖြစ်တာကို ဘယ်လိုလုပ်ရမလဲ-ဟု မေးတော့ ကျွန်တော့်မှာ မတတ်သာဘဲ ဇာတ်စုံအန်ခြင်းက စခဲ့ရပါသည်။ ရင်ကျပ်တာကို နနွင်းခါးက နိုင်ပါသည်။ သို့သော် နနွင်းဓာတ်ပြောင်းလျှင် ဓာတ်ပြောင်းတာတော့ သိမှ ဖြစ်မည်။ နို့မို့ သူဓာတ်ပြောင်းတာကို သတိမပြုလိုက်မိတာနှင့် ဒေါ်တင်တင်အေးမှာ အရမ်းအန်ကာ အရမ်းတွေ သွေးတွေတက်ကုန်၍ လေဖြတ်ခံရသည့် အဖြစ်အထိ ရောက်ရပြီး ငွေသိန်းနှစ်ဆယ်ကျော် သိန်းအစိတ်လောက်ခင်း၍ အချီကြီး ရောဂါရှင်းခဲ့ရတဲ့ ကိစ္စကို နမူနာ ယူတတ်ရာ ဖြစ်ပါသည်။

ဦးဟိန်းလတ်ရေ၊ ရင်ကျပ်တာကို နနွင်းခါးဆေးက သိပ်နိုင်တာပါပဲ။ တော်တော်ပြင်းတဲ့ ရင်ကျပ်ကြီးကိုတောင် နနွင်းခါးက ဖယ်ရှားလိုက်တာ တွေ့ကြုံဖူး တွေ့ဖူးရတယ်။ ဒါပေမယ့် ဆေးလတ်ဆတ်မှုက အရေးကြီးတယ်ဗျာ။ ကျွန်တော် အကြံပေးချင်တာက ဒီလိုလုပ်ဗျာ။
ဦးဟိန်းလတ်က အလေးအနက်ပဲ နားထောင်ဂရုပြုပါသည်။
နနွင်းခါးကို သန့်သန့်ဝယ်ပြီး နှစ်ရက်စာ သုံးရက်စာ လောက်ပဲ ဆေးဖော်ပါ။ လုပ်နိုင်ရင်တော့ ကိုယ့်ဘာသာကိုယ် နနွင်းခါးကို ဓားလေးနဲ့ ခြစ်ခြစ်ပြီး ရသမျှအမှုန့်ကို ပျားရည်နဲ့တေပါ။ ဒါကို စားပါသုံးပါ။ ဒီလောက်လတ်ဆတ်တဲ့ ဆေး ဘယ်မှာရမလဲလေ။ အဲသလို လုပ်ကိုင်သုံးစားရင်တော့ အကျိုးများလိမ့်မယ် ကျွန်တော်ထင်တယ်။

အပြင်းစား ရင်ကျပ်နှိပ်စက်မှုဒဏ်ကို ခံခဲ့ရသူတဦးမှာ ကနောင်ဂျာနယ်အယ်ဒီတာ မင်းရွှေမင်း (တောင်ကုတ်) ဖြစ်သည်။ သူကား ရင်ကျပ်နှိပ်စက်မှုမှာ အကြိမ်ကြိမ် သတိလစ်လောက်သည်အထိ အပြင်းဖြစ်တာ ဆေးရုံစုံ ဆရာဝန်စုံလည်း ကြုံဖုးရပုံကို ပြောပြဖူးသည်။ သူ့ရင်ကျပ်ကို တကယ်နှိမ်နိုင်သည်ကတော့ ဆရာတော်တပါး ချီးမြှင့်သည့် နနွင်းခါး ရင်ကျပ်ပျောက်ဆေးပဲ ဖြစ်သည်။ ထိုဆေးဖြင့်ပင် ဘ၀သစ်ကို ရောက်ဖြစ်ရသလိုလို အကျိုးများခဲ့ရတာ ဖြစ်တော့သည်။

ကိုမင်းရွှေမင်းရေ၊ ခင်ဗျား ဒီရောဂါကို ဘယ်လိုဖြစ်ရတာလဲ-ဟုမေးရသည်။
ဒါတော့ ကျွန်တော်ပေတာ ပါပါတယ်။ မိတ္ထီလာမှာတုန်းက အလုပ်ကနေ မိုးကြီးရွာမှာ အိမ်ကိုပြန်တယ်။ အဆောင်းမပါလို့ တကိုယ်လုံးရွှဲတယ်။ အိမ်ရောက်တော့ ကြက်ခြံထဲ ရေ၀င်တာမြင်ပြီး တဆက်တည်း မိုးရေထဲမှာပဲ ကြက်ခြံကိုပြင်တယ်။ ရေမြောင်းဖောက်ပြီး ရေထုတ်တယ်။ အဲဒီည သန်းခေါင်ကျော်မှာ ရောဂါနှိပ်စက်ပြီး မနက် ဆေးရုံရောက်တာပါပဲ။ ဒီနောက်လဲ ဆေးရုံအစုံ တက်ရတော့တဲ့ဘ၀ ကျရောက်တာပါပဲ။

သူကတော့ ပြင်းထန်သည့် ရင်ကျပ်ရောဂါကို အတင်းအပြင်း ဆွဲယူတာလိုကို ဖြစ်ခဲ့သည်။ ခပ်ပေပေသမားများ သတိထားစရာများ ဖြစ်ပါသည်။ ရင်ကျပ်သမားဖြစ်ပြီဆိုလျှင်တော့ အနေနှင့်အစားကို အမြဲကြီးစွာ သတိထားတတ်ရပြီပဲ။ သည်ရောဂါကပ်သည်နှင့် လွတ်ရင် မသေချာသည့် ထောင်သမားပမာ ဖြစ်တတ်ပြီပဲ။ ဆေးကောင်းရှာတတ်မှရမည်။ လွတ်မည်ပေါ့။ အထက်မှာပြောခဲ့သည့် မျက်လုံးဆေးစားမိရာမှ ရောဂါထပျောက်တာကလဲ ထောင်သမား လွတ်ငြိမ်းခွင့်နှင့် တိုးတာမျိုးလို ဖြစ်လေသလားပဲဗျား။

သာဂဒိုး
( စူလာနဖာနှင့် ဆေးနည်းပင်များ(၃) စာအုပ်မှ
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: