Sunday, May 9, 2010

တောင်ထိပ်ပေါ်က မိခင်မေတ္တာ

စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတခုက လက်တွေ့ဖြစ်ရပ်လေးတခု ဖြစ်ပါသည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးများရှိသည်။ တနေ့တွင် လင်းယုန်ကြီးတကောင်က ပုခက်အတွင်းမှ ကလေးတယောက်အား သုတ်ချီယူလာပြီး မြင့်မားမတ်စောက်သော ကျောက်တောင် တတောင်၏ အစွန်အဖျားတွင် ချထားလေသည်။ မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။



တရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေကြသည်။ တက်ရဲမည့် သူရဲကောင်းကား ပေါ်၍မလာ။ ကလေးကို တောင်ပေါ်မှပြန်ယူပေးနိုင်ရန် အမျိုးမျိုး အကြံဉာဏ်ထုတ်နေကြသော်လည်း အချည်းနှီးသာ။
ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော သင်္ဘောသားတယောက်က ကလေးကို သူရအောင်ကယ်မည်ဟုဆိုကာ မတ်စောက်သော တောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏ သုံးပုံတပုံ ထို့နောက် တောင်၏တ၀က်သို့ ရောက်၏။

အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍ မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတယောက်က တက်ပြန်သည်။ တောင်တက်သမားလည်း တောင်သုံးပုံနှစ်ပုံခန့် ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန် လေသည်။ တောင်တက်သမားသည်ပင်လျှင် လက်လျှော့လိုက်သောအခါ ရွာသူရွာသားများမှာ ဘာမျှမတတ်နိုင်တော့၊ အားငယ်စွာဖြင့် ကြည့်နေမိကြရလေသည်။

ထိုအချိန်မှာပင် တောသူမတယောက်က သူတက်မည်ဟုဆိုရာ တက်ပြန်လေသည်။ ယောက်ျားရင့်မကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင်ဟု တွက်ဆပြီး အများစုက အမျိုးမျိုးတားမြစ်ကြ၏။
တောသူမကား တဦးတယောက်၏ စကားကိုမျှ နားမ၀င်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုတ်ဖက်၍ တက်လေသည်။ တောင်တ၀က်သို့ရောက်သောအခါတွင် ၀ိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကာ အားပေးစကား ဆိုလာကြသည်။

တောသူမ ဖြည်းဖြည်းချင်း ကုတ်ကပ်တက်ရင်းက သင်္ဘောသားနှင့် တောင်တက်သမားတို့ မတက်နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏ အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကို ကောက်ပွေ့၍ အားပါးတရ အထပ်ထပ်အခါခါ နမ်းရှုပ်လိုက်ပြီးနောက် ကျောကုန်းတွင် အနှီးစနှင့် သိုင်းပိုးပြီး သူတက်လာခဲ့သည့်အတိုင်း ကုတ်ကပ်ပြန်ဆင်း၍ အောင်မြင်စွာဖြင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။

ထို့ကြောင့် အံ့သြချီးမွမ်းသံများလည်း ဘ၀ဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့် တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထား သောကြောင့် တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း၊ ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သောကြောင့်၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက် ပို၍ ချစ်သနည်း။ တောသူမသည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။

မြင့်မားမတ်စောက်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား မိန်းမတို့ မတက်နိုင်ကြသည်မှာ လောကနိယာမပင် ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင် ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် သက်စွန့်ကြိုးပမ်း တက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာသည် ထိုနိယာမကို လွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတယောက် လွန်ဆန်ခဲ့ပြီ မဟုတ်ပါလော။

မေတ္တာရှင် (ရွှေပြည်သာ) နှင့် မင်းဟိန်းထိပ်
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

No comments: