Friday, May 7, 2010

သူတို့အလှူ

တခါက ရွာတရွာတွင် အလွန်ချမ်းသာကြွယ်ဝသော ဦးတိုးမောင် ဆိုသူ တယောက် ရှိပါသည်။ သူသည် ချမ်းသာကြွယ်ဝသော်လည်း ကပ်စေးမနှဲပဲ ပေးကမ်းရက်ရော သဘောထားကောင်းသူတယောက် ဖြစ်ပါသည်။ ထို့အပြင် သူ၏ဇနီးနဲ့ သားသမီးများကလည်း သူ့လိုပင် သဘောထားပြည့်ဝပြီး နှလုံးလှသူများ ဖြစ်ကြပါသည်။

ထို့ကြောင့် တနေ့တွင် ဦးတိုးမောင်တို့ မိသားစု အကြောင်းအရာတခုနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ကြ ပါသည်။ ဦးတိုးမောင်က ငါတို့တတွေ ဒီလောက်ချမ်းသာတာ ရွာအတွက် ကောင်းဖို့တခုခု လုပ်မှဖြစ်တော့မယ်။ ငါတို့နေတဲ့ရွာမှာ ဆင်းရဲချို့တဲ့နေတဲ့လူတွေ အများကြီးရှိတယ်။ သူတို့အတွက် အလှူကြီးတခု ပြုလုပ်ပေးရင် ကောင်းမယ်နဲ့တူတယ်-ဟုပြောလိုက်သည်။ ထိုအခါ ဦးတိုးမောင်၏ ဇနီးမှ လွဲ၍ သားသမီးများအားလုံးက တညီတညွတ်တည်း ထောက်ခံကြလေသည်။ အဖေပြောတာ ကောင်းတယ်။ ကျွန်တော်တို့ အလှူကြီးတခု ပြုလုပ်ကြရအောင်။

သို့သော် ဦးတိုးမောင်၏ ဇနီးက ကန့်ကွက်ပြောဆိုလိုက်ပါသည်။
ဆင်းရဲချို့တဲ့တဲ့ ရွာသားတွေအတွက် အလှူကြီးလုပ်ပြီး သူတို့ကောင်းအောင် လုပ်တာဟာ ခေတ္တယာယီပဲ ကောင်းပါလိမ့်မယ်။ ကျွန်မတို့ ပေးကမ်းထားတဲ့ငွေတွေ သုံးလို့ကုန်သွားရင် ထပ်ပြီး ဆင်းရဲနေဦးမှာပဲ။

ထိုအခါ ဦးတိုးမောင်-က ဒါဆို ငါတို့ ဘာလုပ်ကြရင် ကောင်းမလဲ-ဟု မေးလေ၏။ ဦးတိုးမောင်၏ ဇနီးက အကြံပေးလိုက်ပါသည်။
ဆင်းရဲတဲ့ ရွာသားတွေကို ပိုက်ဆံဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းကို ပေးလိုက်တာက ပိုကောင်းပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို သင့်တော်ရာအလုပ်အကိုင်တွေ စီမံပေးပြီး အလုပ်အတွက် လမ်းညွှန် သင်ပြပေးလိုက်ခြင်းပါပဲ။

ထိုအခါ ဦးတိုးမောင်နှင့် သားသမီးများက အဲဒီအကြံက အကောင်းဆုံးပဲ-ဟူ၍ ထောက်ခံသဘောတူလိုက် ပါသည်။ ဆွေးနွေးပွဲပြီးသွားသောအခါ ထိုအကြံအစည်ကို စတင်အကောင်အထည်ဖော်ပါတော့သည်။
သူတို့မိသားစုသည် ဆင်းရဲချို့တဲ့သူများထဲမှ အချို့ကို အလုပ်ရှာပေးသည်။ အချို့ကို စိုက်ပျိုးရေး လုပ်ကိုင်နိုင်ရန်၊ အရောင်းအ၀ယ် လုပ်နိုင်ရန် အတိုးမဲ့ငွေထုတ်ချေးသည်။ အရင်းအနှီး ထုတ်ပေးသည်။

အစပထမတွင် ခက်ခဲမှုများ ရှိသော်လည်း နောက်ပိုင်းတွင် ရွာသားများ၏ အတွေးအခေါ် အသိဉာဏ်နှင့် အရည်အချင်းတို့ ပြောင်းလဲတိုးတက်လာပြီး အောင်မြင်သွားသည်။
ထိုအခါ ပျော်ရွှင်သာယာသော ရွာကြီးတရွာအဖြစ် ပြောင်းလဲသွားပါတော့သည်။ ထိုအချိန်မှစ၍ ဦးတိုးမောင် တို့၏ အနီးအနားရှိ ရွာများကလည်း ဦးတိုးမောင်တို့၏ အကြံအစည်အတိုင်း စတင်လုပ်ဆောင် လာလေတော့ သတည်း။

မောင်မြင့်အေး (မြောင်းမြ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: