Saturday, May 1, 2010

လိမ္မောသီးနှင့် ကျန်းမာရေး

( ဓာတ်ခွဲကြည့်ရာ )
လိမ္မော်သီးသည် အာဟာရဓာတ် ကြွယ်ဝရုံသာမက အရွက်၊ အခွံ၊ အမျှင်၊ အစေ့တို့သည်လည်း ဆေးဖက်ဝင်ကြသည်။ ရှေး တရုတ်ဆေးကျမ်းတွင် လိမ္မော်သီးရဲ့ တကိုယ်လုံးဟာ ရတနာပဲ။ ပစ်ရက်စရာ မရှိဘူး။ အားလုံး စံချိန်မီ ဆေးဖက်ဝင်တာပဲ-ဟု ဆိုခဲ့ကြသည်။

လိမ္မော်သီးတွင် ပရိုတင်း ၁-ဂရမ်၊
အဆီ ၀.၃-ဂရမ်၊
ကစီဓာတ် ၁၂.၁-ဂရမ်၊
ဖိုင်ဘာမျှင် ၁.၇-ဂရမ်၊
ဗီတာမင်အေ ၂၇၇-မိုက်ခရိုဂရမ်၊
ဗီတာမင် ဘီ ၀.၀၅-မီလီဂရမ်၊
ဗီတာမင် B2 ၀.၀၄-မီလီဂရမ်၊
ဗီတာမင် B6 ၀.၀၅ မီလီဂရမ်၊
ဗီတာမင် စီ ၃၃-မီလီဂရမ်၊
ဗီတာမင် အီး ၀.၄၅-မီလီဂရမ်၊
ဗီတာမင် P ၃၅၀-မိုက်ခရိုဂရမ်၊
ဘိုင်အိုတင်း ၆၂-မိုက်ခရိုဂရမ်၊
ကယ်လိုတင်း ၁.၆၆-မီလီဂရမ်၊
ဖောလစ်အက်ဆစ် ၁၃-မိုက်ခရိုဂရမ်၊
ပင်တိုသီးနစ်အက်ဆစ် ၀.၆၅ မီလီဂရမ်၊
နိုင်ယာစင် ၀.၂ မီလီဂရမ်၊
ထုံးဓာတ် ၃၅-မီလီဂရမ်၊
သံဓာတ် ၀.၂ မီလီဂရမ်၊
မီးစုန်းဓာတ် ၁၈-မီလီဂရမ်၊
ပိုတက်ဆီယမ် ၁၇၇-မီလီဂရမ်၊
ဆိုဒီယမ် ၁.၃ မီလီဂရမ်၊
ကြေးနီဓာတ် ၀.၀၇ မီလီဂရမ်၊
မဂ္ဂနီဆီယမ် ၁၆-မီလီဂရမ်၊
သွပ်ဓာတ် (Zinc) ၁-မီလီဂရမ်၊
ဆလန်နီယမ် ၀.၄၅-မိုက်ခရိုဂရမ်၊
ကယ်လိုရီ ၅၅.၁-ကီလိုဂရမ် ပါဝင်သည်။

( ဂျပန်သုတေသန ပညာရှင်များ တွေ့ရှိချက် )
ဂျပန်နိုင်ငံရှိ သုတေသနပညာရှင်များက လိမ္မော်သီစားသူ ၆၀၀၀-ကျော်အား လေ့လာကြည့်ရာ နှလုံးသွေးလွှတ်ကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်နာရောဂါ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရသည်။

ထို့အပြင် လိမ္မော်သီးစားသုံးခြင်း၊ လိမ္မော်ရည် စစ်စစ် သောက်သုံးခြင်းသည် အသည်းကင်ဆာ၊ အသည်းကြီးခြင်း၊ အသည်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သည်။ ဆေးလိပ်နှင့် အရက်တို့ကြောင့် ဖြစ်ပွားတတ်သော အသည်းရောဂါသည်များအနေဖြင့် လိမ္မော်သီးကို ပုံမှန်စားသုံးပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း ဂျပန်သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

( အမေရိကန် သုတေသန ပညာရှင်များ၏ တွေ့ရှိချက် )
ဆီးကျောက်တည်ဖူးသူများ တဖန် ပြန်မဖြစ်စေရန် ကာကွယ်ရာ၌ ရှောက်ရည်သောက်သုံးခြင်းထက် လိမ္မော်ရည်စစ်စစ် သောက်သုံးခြင်းက ပို၍ အကျိုးများစေနိုင်ကြောင်းကို အမေရိကန်နိုင်ငံ၊ ဥတားပြည်နယ် ဆေးပညာဌာနမှ သုတေသီများက စူးစမ်းရှာဖွေ တွေ့ရှိခဲ့သည်။

လမ္မော်သီးတွင် ပါဝင်သော ဆစ်ထရစ်အက်ဆစ်သည် ပင်ပန်းနွမ်းနယ်မှုကို ပယ်ရှားစေသည်။ လိမ္မော်ခွံတွင် ကပ်ပါလာသော လိမ္မော်သီးဆီ (လိမ္မော်ခွံ ဂလူကိုဆိုက်) ကလည်း ဆံချည်မျှင် သွေးကြောများ ပျော့ပျောင်းကြံ့ခိုင်မှုကို သန်စွမ်းစေသည်။ သွေးတိုးနှုန်းကိုလည်း ကျဆင်းစေသည်။ နှလုံးပတ်သွေးလွှတ်ကြောကို ကျယ်စေသည်။ ထို့ကြောင့် လိမ္မော်သီးသည် နှလုံးပတ်သွေးလွှတ်ကြော၊ နှလုံးရောဂါနှင့်သွေးလွှတ်ကြော မာကျစ်ရောဂါများကို ကာကွယ်ပေးသည့်အာဟာရအစာ ဖြစ်သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါ တက္ကသိုလ် သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ လိမ္မော်သီးစားသုံးသည့်အတွက် သွေးလွှတ်ကြောများတွင် အနယ်ထိုင်သော ကိုလက်စထရောအဆီ အဆုံးသတ် ပြောင်းလဲမသွားအောင် ကူညီကာကွယ်ပေးသည်ဟု တွေ့ရှိခဲ့သည်။

လိမ္မော်သီးအမြွှာပေါ်တွင်ရှိသော အမျှင်သည် အာဟာရ ဖိုင်ဘာမျှင်ဖြစ်ပြီး ပက်တင်း(Pectin) ဟုခေါ်သော သစ်သီးအစေးပါဝင်သောကြောင့် ၀မ်းမှန်စေသည်။ သွေးတွင်းအဆီ (Cholesterol) ကိုလည်း ကျဆင်းစေသည်။

( သို့သော် သို့သော် )
သွေးချို၊ ဆီးချို၊ ရောဂါရှိသူများမူ လိမ္မော်သီး မစားသင့်ပေ။ မုန်လဥ၊ သခွားသီး၊ တိရစ္ဆာန်အသည်းနှင့် ထမင်းစားပြီးလျှင်လည်း လိမ္မော်သီး မစားပါနဲ့။ ဗီတာမင် K စားပြီးသည့်နောက် (သို့မဟုတ်) ဆာဖာ (ကန့်) ပါသည့် ဆေး တခုခု စားပြီးသည့်နောက် လိမ္မော်သီး မစားပါနဲ့။

ထို့အပြင် လိမ္မော်သီး စားပြီးသည့်နောက် တနာရီအတွင်း နွားနို့မသောက်ပါနဲ့။ အဘယ်ကြောင့်ဆိုသော် နွားနို့ထဲတွင် ပါဝင်သော ပရိုတင်းများက တာတာရစ်အက်ဆစ်နှင့် တွေ့လျှင် ခဲသွားတတ်သည်။ အစာကြေနိုင်မှု ခက်ခဲသွားပြီး အစာထဲက အာဟာရ စုပ်ယူမှုကို ထိခိုက်စေသည်။

ထို့ကြောင့် လိမ္မော်သီး ဘယ်လောက်ကောင်းကောင်း အလွန်အကျွံ မစားသင့်ပေ။ အပူကန်တတ်သည်။ အပူကန်လျှင် အာခံတွင်းရောင်ရမ်းနာ၊ သွားဖုံးတ၀ိုက် ရောင်ရမ်းနာ ဖြစ်တတ်သည်။ ထို့ကြောင့် လိမ္မော်သီးကို တနေ့လျှင် ၂-လုံးထက် ပိုမစားသင့်ပေ။

မင်းမောင်လွင်
Ref: Flower News ဂျာနယ်၊ ၃၀-၁-၂၀၀၇ နေ့ထုတ်။

( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: