Tuesday, May 25, 2010

မိခင်အတွက် အသက်ပေးစွန့်သော မျောက်ညီနောင်

မိဘတို့အား ကောင်းစွာလုပ်ကျွေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ဟု ၃၈-ဖြာမင်္ဂလာ တရားတော်တွင် ဖော်ပြထားပေး၏။ ထိုမင်္ဂလာတရားတော်နှင့်အညီ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်မျောက်အိုမကြီးကို ကောင်းစွာလုပ်ကျွေး၍ အသက်ပေးစွန့်ခဲ့သော မျောက်ညီနောင်အကြောင်းကို ဒုကနိပါတ်၊ စူဠနန္ဒိယဇာတ်တော်တွင် ဖတ်ရှုရပါသည်။



ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုချိန်၌ ဘုရားလောင်းသည် ဟိမ၀န္တာအရပ်တွင် မဟာနန္ဒိယအမည် ရှိသော မျောက်ဖြစ်လေ၏။ မဟာနန္ဒိယတွင် သူဠနန္ဒိယ အမည်ရှိ ညီငယ်မျောက်မင်းလည်း ရှိလေသည်။ ထိုမျောက်ညီနောင်တို့သည် မျောက်ရှစ်သောင်းကို ခြံရံအုပ်ချုပ်၍ မျက်မမြင်မိခင် မျောက်အိုမကြီးကို လုပ်ကျွေးပြုစုနေကြလေ၏။

မျောက်ညီနောင်သည် မိခင် မျက်မမြင် မျောက်အိုမကြီးကို ချုံတနေရာတွင် နေရာချထားပြီး မျောက်အပေါင်းကို ခြံရံကာ တောထဲသို့ နေ့စဉ်ဝင်ရောက် အစာရှာကြကုန်၏။ မျောက်ညီနောင်သည် ချိုမြိန်သော သစ်သီးသစ်ဖုများကို မိခင်ထံသို့ အခြံအရံမျောက်တို့အား ပို့ဆောင်စေလေ၏။ အခြံအရံမျောက်တို့သည် မျောက်ညီနောင်၏ မိခင်အား ချိုမြိန်သော သစ်သီးသစ်ဖုများကို မပေးဘဲ မာကျောရင့်ရော်သော သစ်သီးသစ်ဖုများကိုသာ ပေးပို့ပြီး ကောင်းမွန်သော သစ်သီးသစ်ဖုများကို မိမိတို့ဘာသာ စားလိုက်ကြလေ၏။

မိခင်မျက်မမြင် မျောက်အိုမကြီးမှာ မာကျောရင့်ရော်သော သစ်သီးများကို မစားနိုင်သောကြောင့် အစာရေစာငတ်သဖြင့် ခန္ဓာကိုယ်သည် အရိုးအရေမျှသာ ရှိလေ၏။
တနေ့တွင် မဟာနန္ဒိယမျောက်မင်းသည် မိခင်ထံသို့ သွားရောက်သည့်အခါ အရိုးအရေမျှသာရှိသော မိခင်ကို တွေ့ရလျှင်-
မိခင်၊ ကျွန်ုပ်တို့သည် မိခင်ထံသို့ နေ့စဉ် ကောင်းမွန်လတ်ဆတ်သော သစ်သီးသစ်ဖုများကို ပို့သစေပါ၏။ မိခင်သည် အဘယ်ကြောင့် အရိုးအရေမျှသာ ရှိရပါသနည်း-ဟု မေးလေသည်။

အို ချစ်သား မဟာနန္ဒိယ၊ သင်တို့ပို့သစေသော သစ်သီးသစ်ဖုကို ငါမရ-ဟု ဖြေလေသည်။
ထိုအခါ မဟာနန္ဒိယမျောက်မင်းသည် မျောက်အပေါင်းတို့အကျိုးကို ဆောင်ရွက်သည်ရှိသော် ငါ၏မိခင် ပျက်စီး ဆုံးရှုံးရပေတော့မည်။ မျောက်အပေါင်းတို့ကို စွန့်လွှတ်ကာ မိခင်ကိုသာ ပြုစုလုပ်ကျွေးပါတော့မည်-ဟု ကြံစည်လေ၏။

ထို့နောက် ညီငယ် စူဠန္ဒိယကိုခေါ်ကာ မျောက်အပေါင်းကို ဦးစီးအုပ်ချုပ်စေရန် အပ်နှံလေ၏။ ညီငယ် စုဠနန္ဒိယကလည်း လက်မခံဘဲ မိခင်ကိုသာ လုပ်ကျွေးလိုပါသည်-ဟု ဆိုသဖြင့် မျောက်ညီနောင်တို့သည် မျေက်အပေါင်းကိုစွန့်ကာ မိခင်ကိုခေါ်၍ ဟိမ၀န္တာအရပ်မှ ဆင်းသက်လာခဲ့ကြ၏။ အစွန်အဖျား အရပ်တခုဖြစ်သော ပညောင်ပင်၌နေကြ၍ မိခင်မျောက်အိုကြီးကို ပြုစုလပ်ကျွေးလေ၏။

ထိုအချိန်တွင် ဗာရာဏသီမြို့နေ ပုဏ္ဏားလုလင်တဦးသည် အခြားအတတ်ပညာဖြင့် အသက်မွေးမြူရန် မတတ်နိုင်သောကြောင့် လေးအတတ်ဖြင့် မုဆိုးလုပ်၍ အသက်မွေးရန် စိတ်ကူးမိလေ၏။
ထို့နောက် လေးမြားကိုလွယ်ကာ တောထဲသို့ဝင်၍ သားကောင်အမျိုးမျိုးသတ်ပြီး အသားရောင်းသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။

တနေ့တွင် ပုဏ္ဏားမုဆိုးသည် တောလယ်မှအပြန် သားကောင်တစုံတရာ ရရှိမလာသောကြောင့် ဟိုဟိုသည်သည် ကြည့်ရှု၏။ ထိုအခါ ကွင်းပြင်အစွန်အဖျား၌ရှိသော ပညောင်ပင်ကိုမြင်လျှင် ဤပညောင်ပင်၌ သားကောင်တစုံတရာ ရှိကောင်းရှိမည်-ဟု သံသယရှိကာ ပညောင်ပင်သို့ ရှေးရှုလာခဲ့သည်။

ထိုအချိန်တွင် မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို သစ်သီးရှာကျွေးပြီး သစ်ခွကြား၌ နားနေချိန်ဖြစ်၏။ ပုဏ္ဏားမုဆိုး ပညောင်ပင်သို့ လာနေသည်ကို မြင်သောအခါ မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို ခွကြား၌ထားခဲ့ပြီးလျှင် ပညောင်ပင်ရွက်ကြား၌ ပုန်းအောင်းနေလေ၏။

မုဆိုးသည် မျောက်အိုမကြီးကို ပညောင်ပင်၌ တွေ့သောအခါ ငါ လက်ချည်းပြန်သွားလျှင်ကား အဘယ်အကျိုးရှိတော့အံ့နည်း။ ဤမျောက်အိုမကြီးကိုဖမ်းသွားမည်-ဟု ကြံစည်ကာ မျောက်အိုမကြီးကိုပစ်ရန် လေးတင်လေသည်။

မဟာနန္ဒိယမျောက်မင်းသည် မုဆိုးလေးတင်သည်ကို မြင်လျှင် ညီတော် စူဠနန္ဒိယ၊ ဤယောက်ကျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါအံ့။ သင်သည် ငါသေသွားသောအခါ မိခင်ကို လုပ်ကျွေးပါလော့-ဟု မှာကြားပြီးလျှင် သစ်ရွက်ကြားမှ ထွက်ကာ အို-အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါ၏မိခင်သည် ကန်းလဲကန်း၏။ အိုလဲ အိုပါ၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါ၏မိခင်ကို မသတ်ဘဲ ငါ့ကိုသာသတ်၍ ယူပါ-ဟု ဆိုကာ မုဆိုးထံ ၀န်ခံကတိယူ၍ မြားရှေ့တည့်တည့်တွင် ရပ်လေ၏။

မုဆိုးယုတ်သည် မဟာနန္ဒိယမျောက်မင်းကို ပစ်ယူလေ၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မိခင်မျောက်အို မကြီးကို ပစ်ရန် လေးကိုထပ်တင်ပြန်၏။
ထိုအခါ ညီငယ် စူဠနန္ဒိယက ဤယောက်ျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည်လည်း ငါ၏မိခင်အတွက် အသက်ပေးလှူအံ့-ဟု ဆုံးဖြတ်ကာ သစ်ရွက်ကြားမှထွက်၍-
အို အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါသည် ငါ၏မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါတို့ညီနောင်ကို ယူပါ။ ငါ၏ မိခင်ကို အသက်ချမ်းသာပေးပါလော့-ဟု ၀န်ခံကတိတောင်းလေ၏။ မုဆိုးယုတ်သည် စူဠနန္ဒိယမျောက်မင်းကို မြားဖြင့်ပစ်ပြန်၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မျက်မမြင် မျောက်အိုမကြီးကိုလည်း ပစ်ပြန်လေ၏။ မုဆိုးယုတ်သည် မျောက် ၃-ကောင်ကိုထမ်းကာ အိမ်သို့ ၀မ်းသာပျော်ရွှင်စွာ ပြန်လေ၏။

ထိုအချိန်၌ပင် မုဆိုးပုဏ္ဏားနေထိုင်သော အိမ်ကို မိုးကြိုးပစ်ချခံရ၍ တအိမ်လုံး မီးလောင်သွားလေသည်။ မုဆိုး၏ မယားနှင့် သားငယ်နှစ်ယောက်တို့လည်း မီးထဲသို့ ပါသွားလေသည်။ အိမ်နေရာ၌ ခေါင်းတိုင်တို့သာ ကျန်ရှိတော့သည်။
မုဆိုးလည်း ရွာတံခါးအရောက်တွင် ရွာသားအသိတယောက်က အကြောင်းစုံ အဖြစ်အပျက်ကိုပြောပြ၏။ မုဆိုးလည်း ပြင်းစွာသော စိုးရိမ်ခြင်းဖြစ်သဖြင့် အမဲနှင့်တကွ ထမ်းပိုး၊ လေးမြားတို့ကို ပစ်ချကာ အိမ်သို့ ပြေးဝင်လေသည်။ ထိုအချိန်၌ ခေါင်းတိုင်တို့သည် ပြုတ်ကျ၍ မုဆိုးဦးခေါင်းကို ခွဲလေသည်။ မြေကြီးသည်လည်း အက်ကွဲလာပြီး မီးလျှံများတတ်ကာ မုဆိုးကို မြေမျိုလေသည်။

မင်းမောင်လွင်
(မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

No comments: