Sunday, May 2, 2010

စက္ခုနှစ်ကွင်းမှာ ပညာအလင်း ဖြာပါစေ

မကြာသေးမီက စာရေးသူ၏ ညာဘက်မျက်လုံးမှာ အတွင်းတိမ်စွဲနေ၍ ခွဲစိတ်ကုသခံခဲ့ရသည်။ မျက်စိအထူးကုဆရာဝန်ကြီးက ပါမောက္ခ ဒေါက်တာဦးကံညွန့်၏ မျက်စိခွဲစိတ်ကု ခန်းမထဲသို့ ၀င်ရမည့်အချိန် နီးကပ်လာပါပြီ။ မခွဲမဖြစ် ခွဲစိတ်ကုသခံရမည်ဆိုသောအခါ ပုထုဇဉ်တို့၏ သဘောသဘာဝအတိုင်း အကြောက်တရားသည် စာရေးသူ၏သိစိတ်ကို လွှမ်းမိုးလာတော့သည်။ ဤကြောက်စိတ်သည် စာရေးသူ၏စိတ်၌ အမြဲတည်ရှိနေနိုင်ပါ၏လော။ အသိနှင့် သတိတရားကို လက်ကိုင်ထားပြီး ကြောက်စိတ်ကို စူးစိုက်ရှုမှတ်ကြည့်လိုက်သောအခါ ထိုကြောက်စိတ်သည် ဖြစ်လိုက်-ပျက်လိုက်နှင့် မမြဲသည့်သဘောကို စောကြောတွေ့ရသည်။ စာရေးသူသည် ဤမမြဲသည့် အနိစ္စသဘောကို သတိနှင့် ဆင်ခြင်ရှုမှတ်နေသည့်အခါ ကြောက်စိတ်တို့သည် အဝေးသို့ ထွက်ပြေးသွားကုန်ကြလေပြီ။

မျက်စိခွဲစိတ်ကုသခန်းထဲသို့ ရောက်သွားသောအခါ တေးသီချင်းသံများကို ကြားနေရ၏။ စာရေးသူသည် ခွဲစိတ်ကုတင်ပေါ်၌ ပက်လက်အနေအထားနှင့် နေစဉ် တေးသီချင်းဘက်သို့ စိတ်အာရုံမရောက်စေဘဲ နှာသီးဝမှ ၀င်လေ-ထွက်လေတို့ကို ကြိုးစားသတိထား ရှုမှတ်နေလိုက်တော့သည်။ ထုံဆေးနှစ်လုံးထိုးပြီး တိမ်လွှာကို ခွဲစိတ်ထုတ်ယူကာ အပျော့စားမှန်ဘီလူးငယ်ကို ထည့်သွင်းပြီး ချုပ်နေခြင်းကြောင့် အနည်းငယ် နာကျင်မှုကို ခံစားရသည်။ သို့သော် ထိုနာကျင်မှုဝေဒနာကို သတိတရားလက်ကိုင်ထား၍ စူးစိုက်ရှုမှတ်ကြည့်သောအခါ နာကျင်မှုဟူသော ဝေဒနာသည် မမြဲသည့် အနိစ္စသဘော ဖြစ်နေသည်ကို ထင်ရှားစွာတွေ့ရပါ၏။ ထိုတဒင်္ဂ ခဏကလေးမှာ အတ္တဆိုသော သက္ကာယဒိဋ္ဌိအစွဲ ကင်းလွတ်သွားသည်ကို ထူးခြားစွာ တွေ့ရသည်။ တကယ်တော့ ငါလည်းမမြဲ၊ ဝေဒနာလည်း မမြဲသည်ကို လက်တွေ့ တွေ့ရသည် မဟုတ်ပါလား။ ဤသည်မှာ ဝေဒနာနုပဿနာ သတိပဋ္ဌာန်တရား၏ ကျေးဇူးကြောင့်ပင်။

ကျွန်တော်သည် ညာဘက်မျက်လုံးခွဲစိတ်ခံထားရသဖြင့် ခွင့် ၁-လ ယူရသည်။ စာ လုံးဝမကြည့်ရ။ အယ်ဒီတာချုပ်ဖြစ်သူ မီဒီယာသမား တဦးအဖို့ စာမကြည့်ဘဲ နေရသည်မှာ အခြားပုဂ္ဂိုလ်များထက် အနေရအထိုင်ရ ပိုခက်မည်ထင်မိသည်။ သည်တော့ သတင်းများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားအသံမှ နားထောင်ရ၏။ အရှုံးထဲက အမြတ်ဆိုသလို ဓမ္မကထိက အကျော်အမော် ဆရာတော်များ ဟောကြားထားသည့် တရားစီဒီပြားများ၊ တိပ်ခွေများမှ ဒေသနာတော်များနှင့် အလုပ်ပေးတရားများကို တ၀ကြီး နာကြားရှုမှတ် နေရခြင်းက ယခင်မျက်စိကောင်းနေခဲ့သည့် အချိန်ထက် အချိန်များစွာ ရရှိလာခဲ့သည်။

ကျေးဇူးရှင် မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးကံညွန့်နှင့် ဆရာမများ၏ ကျေးဇူးကြောင့် ကျွန်တော်၏ ညာဘက်မျက်လုံးမှာ တိမ်သလာကြောင့် အမြင်အာရုံ မကွယ်ဘဲ အလင်းပကတိ ပြန်လည်ရရှိခဲ့သည်။ သို့သောအခါ အနန္တကျေူးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင် ဟောကြားတော်မူခဲ့သည့် အင်္ဂုတ္တိုရ်ပါဠိတော်မှ စက္ခုအမြင် ၃-မျိုးနှင့် စပ်လျဉ်း၍ ဟောကြားချက်ကို ပြန်လည်အမှတ်ရ ဆင်ခြင်ကြည့်နေမိသည်။

လူ့လောက၌
(၁) စုံလုံးကန်းသူ
(၂) မျက်လုံးတဘက်သာ မြင်သူ နှင့်
(၃) မျက်လုံး နှစ်ဖက်စလုံး မြင်သူ ဟူ၍ ၃-မျိုး ခွဲခြားနိုင်သည်။
(၁) လောကီပစ္စုပ္ပန်အကျိုးနှင့် သံသရာအကျိုး နှစ်မျိုးစလုံးကို မကြည့်မြင်တတ်သူအား စုံလုံးကန်းသူ (အန္ဓ) ဟု ခေါ်ဆိုသည်။
(၂) သံသရာအကျိုးကို မကြည့်ဘဲ လောကီအကျိုးသက်သက်ကိုသာ ကြည့်မြင်တတ်သူအား မျက်လုံးတဖက်သာ မြင်သူ (ဧကစက္ခု) ဟု ခေါ်ဆိုသည်။
(၃) လောကအကျိုးရော၊ သံသရာအကျိုးပါ နှစ်ဝန်းစလုံးတို့ကို ကြည့်မြင်တတ်သူကို မျက်လုံးနှစ်ဖက်စလုံးမြင်သူ (ဒွိစက္ခု) ဟု ခေါ်ဆိုသည်။

ထို့ကြောင့် လောက၌ လူဖြစ်လာလျှင် ပစ္စုပ္ပန်နှင့် သံသရာအကျိုးကို မဆောင်ရွက်သည့် စုံလုံးကန်းသူ (အန္ဓ) မဖြစ်အောင် ကြိုးပမ်းကြရမည်။
သည့်ထက် ပစ္စုပ္ပန်လောကအကျိုးသက်သက်ကို ကြည့်ပြီး သံသရာအကျိုးကို မဆောင်ရွက်သည့် တဖက်မြင်သူ (ဧကစက္ခု) မဖြစ်အောင် ထပ်မံကြိုးစားရမည်။
သည့်ထက် ပစ္စုပ္ပန်လောကအကျိုးရော၊ သံသရာအကျိုးပါ နှစ်မျိုးစလုံး ရွက်ဆောင်တတ်သည့် နှစ်ဖက်စလုံးမြင်သူ (ဒွိစက္ခု) ဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်သည်။ သို့မှသာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ပီသမည်။

ထို့ကြောင့် လူတိုင်းလူတိုင်း ပညာမျက်စိရှိအောင် အားထုတ်ဆောင်ရွက်ရင်း ၀ိပဿနာဉာဏ်ပညာ မျက်လုံးအစုံဖြင့် အ၀ိဇ္ဖာဟူသော အမိုက်မှောင်တရားများကို ပယ်ရှားသွားနိုင်ကြပါစေ-ဟူ၍ စေတနာဆန္ဒ ပြုလိုက်ရပါသတည်း။

စန်းနီလာဝင်း
(မြတ်မင်္ဂလာ ၂၀၀၇-ခု ဇူလိုင်လ)

No comments: