Wednesday, June 9, 2010

ဗောဇ္ဈင်သုတ်နှင့် ကိုယ်တွေ့

စာရေးသူကိုယ်တွေ့
၂၀-၈-၂၀၀၅ ခုနှစ်က မန္တလေးမြို့ နန်းတော်ဆေးခန်းတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်နိုင်-က စာရေးသူ၏ လည်ပင်းရောဂါကို ခွဲစိတ်ကုသပေးသည်။ လည်ပင်းကို နံနက် ၅-နာရီတွင် စခွဲသည်။ နံနက် ၈-နာရီမှ ခွဲစိတ်မှုပြီးဆုံးသည်။ စာရေးသူ မေ့ဆေးပြယ်၍ သတိရသောအချိန်မှာ နေ့မွန်းလွဲ ၂-နာရီခွဲတွင် ဖြစ်သည်။

စာရေးသူကား ဗောဇ္ဈင်သုတ်အတို ရွတ်ဆိုပွှားများနည်းကို စိတ်ထဲမှ မပြတ်ရွတ်ဆိုပွားများခဲ့သည်။ မေ့ဆေးပြယ်သောအခါ အိပ်ပျော်ရာမှ နိုးသကဲ့သို့ အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် ဖြစ်သည်။ ခွဲစိတ်ဒဏ်ရာမှ တစုံတခုနာကျင်မှု ကိုက်ခဲမှုဒဏ် အနည်းငယ် အငွေ့အရိပ်ကလေးမျှ မခံစားရပေ။ ယောင်ယမ်းပြောဆိုခြင်း၊ အော်ဟစ်ခြင်း လုံးဝ မရှိ၊ ပကတိကြည်လင်လျက်သာ ချမ်းသာခဲ့ရပါသည်။

မေ့ဆေးပြယ်သော လူနာအများပင် နာကျင်ခြင်း ဖြစ်တတ်ကြပါသတဲ့။ ဤအဖြစ်ကို စာရေးသူ လုံးဝ မခံစားရပါ။
နောက်တနေ့တွင် ဆရာဝန်ကြီး ဒေါက်တာကျော်နိုင် ကိုယ်တိုင် ဆေးထည့်ရင်း စာရေးသူအား မနာဖူးလား-ဟုမေးသည်။ စာရေးသူက လုံးဝ မနာဖူး-ဟု ပြောလိုက်သောအခါ ဒေါက်တာ ကျော်နိုင်က တရားတန်ခိုးပဲ-ဟု မှတ်ချက်ချ ပြောဆိုသွားပါသည်။

ဤသည်မှာ စာရေးသူ၏ ဗောဇ္ဈင်သုတ် အတို ရွတ်ဆိုပွားများသောကြောင့် ခံစားရသော ကောင်းကျိုးချမ်းသာ ကိုယ်တွေ့ဖြစ်ပါသည်။

ဦးအာဒိစ္စ ကိုယ်တွေ့
ဗောဇ္ဈင်သုတ် ရွတ်ဆိုပွားများခြင်းကြောင့် ကိုယ်တွေ့အကျိုးခံစားရပုံ သာဓကတခု တင်ပြပါဦးမည်။
ဦးပဉ္ဖင်း ဦးအာဒိစ္စကား ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ် နန်းနွဲ့ကျေးရွာမှ ဖြစ်သည်။ နန်းနွဲ့ကျေးးရွာနဲ့ စာရေးသူရွာ (ကသာမြို့နယ်၊ ငါးတဲ) ကား ၆-ဖာလုံခန့်သာ ကွာဝေးသည်။

ဥိးပဉ္ဖင်းဦးအာဒိစ္စသည် မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းမှ မန္တလေး မစိုးရိမ်တိုက်သို့ ပြောင်းရွှေ့စာသင်ရင်း ပထမကြီးတန်းအရောက် အာရုံကြောညပ်သော အကြောညပ်ဝေဒနာ ပေါ်ပေါက်ခဲ့သည်။ ဤတွင် စာသင်တိုက်မှ ခွင့်ယူပြီး မူလကျောင်းတွင် ပြန်နေ၍ ဆေးကုသမှု ခံယူသည်။
မန္တလေးမြို့ တိုင်းရင်းဆေးရုံတွင် ၂-နှစ်တိုင် တက်ရောက်ကုသခံရသည်။ ဆေးလိမ်းရသည်။ ခဲဆွဲလေ့ကျင့်ရသည်။ လေ့ကျင့်ခန်း အမျိုးမျိုး ပြုလုပ်ရသည်။ ထိုဝေဒနာမျိုးကား ခွဲစိတ်ကုသ၍လည်း မဖြစ်၊ ခွဲစိတ်ကုသပါက ဆယ်ဦးဦးတဦးမျှသာ အောင်မြင်နိုင်သော ရောဂါဖြစ်သည်။ တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသသော်လည်း သက်သာရုံမျှသာ ရှိသည်။

ဤသို့ဖြင့် ဦးပဉ္ဖင်းဦးအာဒိစ္စသည် ကချင်ပြည်နယ် ဘီလူးမြို့ ကျေးရွာတွင် အနှိပ်ဆရာများနှင့် သွားရောက်ကုသပြန်သည်။ သက်သာရုံမျှသာ ဖြစ်သည်။ လမ်းကောင်းကောင်း မလျှောက်နိုင်။ ညညကျလျှင် ကိုက်ခဲနာကျင်လွန်း၍ မအိပ်နိုင်။ ထလမ်းလျှောက်နေရသည်။ မိမိဇာတိကျေးရွာ မဘိမ်းမြို့နယ် နန်းနွဲ့ရွာသို့ ပြန်ပြီး လေ့ကျင့်ကိရိယာ ၀ယ်ယူ၍ လေ့ကျင့်ခန်းလုပ်ရင်း အနားယူရသည်။

မိမိကျေးရွာတွင်လည်း ညဆိုလျှင် အိပ်၍မရ၊ ကျောင်းဝင်းအတွင်း ကျောင်းဝန်းကျင်သို့သွား၍ လမ်းလျှောက်နေရသည်။ တခါတခါ လမ်းလျှောက်သွားရင်း မသွားနိုင်တော့၍ မြေပြင်တွင် လှဲအိပ်ပြီး မိုးလင်းမှ တဖြည်းဖြည်း လမ်းလျှောက်ပြန်ခဲ့ရသည်လည်း ရှိသည်။ သူ၏အာရုံကြောညပ်သော ရောဂါမှာ ခေါင်းအအေးပတ်ခံ၍ မရပါ။ ခေါင်းအအေးပတ် နှာစေးပြီး နှာချေလိုက်လျှင် ထမရအောင် ဖြစ်သွားရတတ် ပါသည်။

တခုသော ညတညတွင် ကျောင်းသား ကိုရင် အများအိပ်နေချိန်၌ မိမိတပါးတည်းထ၍ ကုဋီတက်ရန် သွားသည်။ လမ်းတွင် ရုတ်တရက် နှာချေလိုက်မိ၍ ခန္ဓာကိုယ်တခုလုံး မျက်တောင်တခတ်အတွင်း ဒိုင်းကနဲ လဲကျသွား တော့သည်။ သတိကတော့ ရ၏။ လက်ခြေလှုပ်ရှား၍ မရတော့ဘဲ စောင်းမရ၊ လှည့်မရ ပက်လက်လှန်လျက် လဲကျနေတော့သည်။

ည ၂-နာရီခန့် အများသူငါ အိပ်နေသောအချိန်နို့ မိမိတပါးတည်းသာ မျက်စိမှိတ် ခံစားနေရတော့သည်။ သူ စဉ်းစားသည်။ ဤသို့ လှုပ်ရှား၍မရ ဖြစ်လာသောအအြေနေသည် တွေ့ကြုံခဲ့ဖူးသော သူနာများ အတွေ့အကြုံအရ သေသည်က များသည်။ သူ့သူငယ်ချင်း ရဟန်းတပါးလည်း ဤသို့ဖြစ်၍ ပျံလွန်သွားသည်။ ယခု သူလည်း ထိုအခြေအနေသို့ ရောက်ရှိခဲ့ပြီ။ သေရုံမှလွဲ၍ အခြားအကြောင်း မရှိတော့ပြီ-ဟု ဆုံးဖြတ်ချက်ချ မျက်စိကို စုံမှိတ်ထားလိုက်သည်။ တရားအာရုံယူသည်လည်း မဟုတ်၊ ဘုရားအာရုံပြုသည်လည်း မဟုတ်၊ ဘာလုပ်ရမှန်းမသိ။

အတော်ကြီးကြာသွားတော့ အတွေးတခုဝင်လာသည်။ ယခင်အခါက ဆယ်စောင်တွဲစာအုပ်မှ ဗောဇ္ဈင်သုတ်ပရိတ်ကို ပါဠိရော အနက်ပါ ရအောင်ကျက်ထားဖူးသည်။ ရောဂါပျောက်သည်ဟု မယုံကြည်၍ မရွတ်ဖတ်ခဲ့ပါ။ ယခုကဲ့သို့ သေရတော့မည့်အချိန် ဆိုက်ရောက်လာသောအခါမှ ဗောဇ္ဈင်သုတ်ပရိတ်ကို သတိရလိုက်ပြီး သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခာဝိနာသနေ-စသော ဗောဇ္ဈင်သုတ်ပရိတ် ၁၁-ဂါထာကို မျက်စိမှိတ်ပြီး တညလုံး အားကိုးအားထားပြုရွတ်ပါတော့သည်။

နံနက်လင်းသောအခါတွင် အဖော်ရဟန်းအချို့က ဦးပဉ္ဖင်းဦးအာဒိစ္စ မထနိုင်၍ လဲနေကြောင်း အိမ်မှ ခမည်းတော် မယ်တော်များကို သွားပြောကြသည်။ အခါတိုင်းလည်း ဤသို့မထနိုင် ခဏခဏဖြစ်တတ်၍ နံနက် ၉-နာရီကျမှ မယ်တော် ခမည်းတော်များ ပေါ်လာသည်။ မယ်တော်ကား သူ့သား၏ရောဂါ အခြေအနေကို သိ၍ ငိုနေရုံမှတပါး အခြားဘာမျှမတတ်နိုင်တော့ပါ။ ဦးပဉ္ဖင်းဦးအာဒိစ္စ-က

ငိုမနေပါနဲ့ မယ်တော်ကြီး၊ သေတယ်ဆိုတာ မဆန်းပါဘူး။ ဒကာမကြီးလည်း သေရမှာ၊ ဦးပဉ္ဖင်းလည်း သေရမှာပါပဲ-ဟု ပြောသည်။ ထို့နောက် ဗောဇ္ဈင်သုတ်ပရိတ်ရွတ်ရင်း သေပါစေတာ့၊ သေတော့မယ်-ဟု နှလုံးပိုက်ပြီး ဗောဇ္ဈင်သုတ်ပရိတ်၏ အနက်အဓိပ္ပါယ်ကိုပါ ဆင်ခြင်၍ စိတ်တွင်းက ရွတ်နေတော့သည်။

ဗောဇ္ဈင်သုတ်နှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီးက ဗောဇ္ဈင်တရား၏ အနက်အဓိပ္ပါယ်ကိုသိမှ အနာရောဂါမှ ထမြောက်သည်-ဟူသော မှာတမ်းရှိလေသည်။
ဗောဇ္ဈင်ဟူသည် သံသရာ၌ ကျင်လည်ကုန်သော သူတို့၏ ခပ်သိမ်းသော ဆင်းရဲကို ဖျောက်တတ်ကုန်သော၊ ကိလေသာမာရ်စစ်သည်တို့ကို နှိပ်စက်တတ်ကုန်သော ၇-ပါးသော ဗောဇ္ဈင်သည် အရဟတ္တမဂ်ရကြောင်း၏ အင်္ဂါဖြစ်သည်။ ဗောဇ္ဈင်တရားကိုသိလျှင် နိဗ္ဗာန်သို့ ရောက်ကုန်အံ့။ ဆေးလည်းဖြစ် မန္တရား မန္တန်လည်းဖြစ်သော ဗောဇ္ဈင်ကို ရွတ်ကြလေ-ဟူ၍ တိုက်တွန်းထားပါသည်။

အခါတပါး၌ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်မထေရ်တို့ မကျန်းမမာဖြစ်သည်ကို မြင်တော်မူ၍ ဗောဇ္ဈင် ၇-ပါးကို ဘုရားရှင်က ဟောတော်မူ၏။ ထိုအခါ ထိုမထေရ်တို့ အနာမှလွတ်ကင်း ချမ်းသာကြသည်။
အခါတပါး၌ ဘုရားရှင်ကိုယ်တော်တိုင် နာမကျန်းဖြစ်၍ အရှင်စုန္ဒမထေရ်ကို ဟောစေပြီး ဘုရားကိုယ်တော်တိုင် နားကြားတော်မူသည်။ အလွန်နှစ်သက်သောခဏ အနာရောဂါမှ ပျောက်ကင်းတော်မူသည်။ မြတ်စွာဘုရား၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်တို့ အနာရောဂါပျောက်ကုန်ပြီး မဂ်ဖြင့် ကိလေသာကို ပယ်လိုက်သကဲ့သို့ နောက်ထပ်တဖန် ပြန်မဖြစ်ခြင်းသို့ ရောက်သည်။ ဤမှန်သောစကားကြောင့် အခါခပ်သိမ်း ငါ့အား ချမ်းသာစီးပွား ဖြစ်စေသတည်း။

အထက်ပါ အနက်အဓိပ္ပါယ်ကို ဆင်ခြင်၍ ဦးပဉ္ဖင်းဦးအာဒိစ္စ အထပ်ထပ်အခါခါ ရွတ်ဖတ်လိုက်သောအခါ နံနက် ၁၀-နာရီခန့်တွင် လက်ခြေများ စတင်လှုပ်ရှား၍ ရလာသည်။ မိမိဘာသာ ထထိုင်လိုက်နိုင်တော့သည်။ ထထိုင်ပြီး ရေအိုးရှိရာသို့ ကိုယ်တိုင်သွား၍ သောက်နိုင်သည်ကို အံ့သြထူးခြားစွာ ကြုံတွေ့ရတော့သည်။

ဦးပဉ္ဖင်း ဦးအာဒိစ္စ အနေဖြင့် အစက ဗောဇ္ဈင်သုတ်ပရိတ်ရွတ်၍ အနာရောဂါ ပျောက်သည်ကို မယုံကြည်။ လက်မခံခဲ့။ ယခုလက်တွေ့ အကျိုး ခံစားရသောအခါမှ ဗောဇ္ဈင်သုတ်ပရိတ်တော်၏ တန်ခိုးကို မမှိတ်မသုန် ယုံကြည်ခြင်းနှင့် ပြည့်စုံစွာ လက်ခံကျင့်သုံးမိပါတော့သည်။ တရားတော်အပေါ်၌ ယုံကြည်ခြင်း ဓမ္မံ သရဏံ ဂစ္ဆာမိ ဖြစ်သွားပါပေတော့သည်။

ရွှေလီငါးတဲဆရာတော်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: